ကျမ်းဦးဝန္ဒနာ

ဝီကီပီးဒီးယား မှ

ကျမ်းဦးဝန္ဒနာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်၊ တပေါင်းလအတွင်းက မောင်းထောင်ဦးကျော်လှ၏ သံချိုများကို စုပေါင်း၍ မနေရမတိ လောကီသာရ ကဗျာဝစနကျမ်း ဟူသော အမည်ဖြင့် စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးရာ ထိုစာအုပ်၏ အဖွင့်ကျမ်းအနေနှင့် ရေးသားထားသော သံချိုကဗျာ ဖြစ်သည်။

ကျမ်းဦးဝန္ဒနာ[ပြင်ဆင်ရန်]

ဘဂဝါ ဓမ္မာ သံဃီနှင့်၊ မာတံပိ ဗြဟ္မာသျှန္ဒီ ပရမောတို့၊ မနောဒွါရံဖြင့် ဩကာသံ ဇောသဒွာ ထက်သော်ကြောင့်၊ နှစ်ဖြာလက်စုံ မဉ္စမီနှ်င့၊ အဉ္စလီတင်ချီသပါငဲ့၊ ဂီတဉာဏ် ရေးကာမှတ်မည်လို့၊ ဇီဝနံ ဘေးဘယာမကပ်ဖို့၊ လေးမြတ်တဲ့ စေတနာ။

ဖူးမျှော်ဆင် ဦးကျော်လှက၊ ဇောတရ အထည်၊ မနောမြတ်ရည်အိတဲ့၊ မဏိရယ်စိန္တာ ပတ္တမြားကဲ့သို့၊ အလိမ္မာစကားထွေ အသွားနဘေထပ်ကယ်နှင့်၊ သေသပ်စွာဂဟေစပ်ကဗျာဆန်းနိုင်မှ၊ သဒ္ဒါကျမ်း သင်္ဂဟတို့၊ လမ်းတွင်လှပါ။

နီယထုံ သီဟဇာနှင့်၊ ဗျဂ္ဃဇာ အထက်ဇဋာရပ်ကယ်က၊ နက္ခတ်ကိုဆို၍ ထားခဲ့၊ ဂြိုဟ်သွားဂြိုဟ်လာနှင့်၊ ထိုအခါယိုဟာသောလို့၊ အစာပေါမည် မပေါမည်မှတ်ရပါငဲ့၊ လောကဓာတ်မြေပြင်ဟာ၊ ဗေဒင်ပါနိဒါန်း။

ဗဟုဿုတာ၊ နနုသ်လူ့ရွာ ရပ်တွင်မှ၊ စုမှက်ပုံအဖြာဖြာတို့၊ သည်တခါစာထုတ်ပါလု၊ ဆရာပုဂ္ဂိုလ် ရှင်လူအများတို့၊ မူမထားလျှင် အလကားပင် ပျက်ချေတော့၊ ကြောင်းမတန် တောင်းပန်ချက်ကယ်ကြောင့်၊ ရတက် ကယ်မောဖြင့်၊ အသက်ဇာတာကို တွက်ခါစစ်လိုက်တော့၊ နှစ်နှစ်လွန် ခုနစ်ဆယ် စွန်းပြီးမို့၊ နှောင်းနောက်နောင် အခါမှာ မော်းထောင်ဆရာကိုလွမ်းရပါလိမ့်၊ မော်ကွန်းတိုင် ရွှေဇဝါကဲ့သို့၊ သေအချာ ငွေလွှာအုပ်ကယ်နှင့်၊ ပဒေသာ ချွေကာဖြုတ်ကြရအောင်၊ ရေးထုတ်တဲ့ကျမ်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဘဂဝါ = မြတ်စွာဘုရား။

၂။ ဓမ္မာ = တရားတော်မြတ်။

၃။ သံဃီ = သံဃာတော်မြတ်။

၄။ မာတံပိ = မာတာပီတ၊ အမိအဘ။

၅။ ဗြဟ္မာ = ဗြဟ္မာကြီးများ။

၆။ သျှန္ဒီ = စန္ဒီ၊ စန္ဒီနတ်သမီး။

၇။ မရမော = မြတ်သောပုဂ္ဂိုလ်ကြီးများ၊ သို့မဟုတ် ပရမီသွာနတ်မင်းကြီး။

၈။ မနာဒွါရံ = ထက်သန်သော စေတနာတရား။

၉။ ဩကာသံ = ဩကာသ၊ ရှိခိုးပူဇော်ခြင်း။

၁၀။ ဇောသဒ္ဓါ = ထက်သန်သော စေတနာတရား။

၁၁။ ပဉ္စမီ = ထိခြင်းငါးပါးဖြင့်။

၁၂။ အဉ္စလီ = လက်အုပ်ချီကန်တော့ခြင်း။

၁၃။ ဇီဝနံ = အသက်၊ နာမ်တရား။

၁၄။ ဇောတရ = ပတ္တမြားကျောက်။

၁၅။ မဏိစိန္တာ = စိန္တာမဏိ၊ ကြံစည်သမျှ ပြီးမြောက်နိုင်သော ပတ္တမြား၊ (သို့မဟုတ်) မြကျောက်။

၁၆။ သဒ္ဒါ = စာရေးပုံစနစ်ကို ပြသောကျမ်း။

၁၇။ ဓမ္မာကျမ်း = အဘိဓမ္မာကျမ်း။

၁၈။ သင်္ဂဟ = အဘိဓမ္မတ္ထသင်္ဂဟ၊ သင်္ဂြိဟ်ကျမ်း။

၁၉။ နိယထုံ = ဂြိုဟ်တစ်ခုသည် တရာသီတွင် နေသည်ထက်ပို၍ နေခြင်း။

၂၀။ သီဟဇော = ခြင်္သေ့ကဲ့သို့ ရှေ့သို့ရဲရင့်စွာ ထွက်သွားခြင်း။

၂၁။ ဗျဂ္ဃဇာ = ကျားကဲ့သို့ နောက်ဆုတ်ရှေ့တက်ပြုလုပ်ခြင်း။

၂၂။ အထက်ဇဋာ = အထက်ဇဋာ၊ ကောင်းကင်။

၂၃။ ဗဟုဿုတာ = အကြားအမြင် ဗဟုသုတ။

၂၄။ မနုသီလူ့ရွာ = မနုဿလူ့ရွာ။

၂၅။ ရတက် = စိုးရိမ်ကြောင့်ကြမှု။

၂၆။ ခမာ = ကျန်းခံ့သာခြင်း။

၂၇။ အသကဇတာ = အသက်ကိုညွှန်ပြသည့် ဇာတာ။

၂၈။ ရွှေဇဝါ = ရွှေဖြင့်လှပစွာ မွမ်းမံထားသော အရာ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။