ကော်သူးလေ
ကော်သူးလေ ( ကရင်: ကီၢ်သူလ့ၤ) ဆိုသည်မှာ ၁၉၄၅ခုနှစ်နှောင်းပိုင်း ဒုတိယကမ္ဘာစစ်အပြီး နှင့် ၁၉၄၈ခုနှစ် မြန်မာ့ပြည်တွင်းစစ်အစပိုင်းကာလတို့၌ ကရင်လူမျိုးအချို့တို့ ယခင် ဗြိတိသျှဘားမား၊လက်ရှိမြန်မာနိုင်ငံမှခွဲထွက်၍ သီးခြားထူထောင်ရန် ပုံဖော်ကြိုးပမ်းခဲ့ကြသည့် နိုင်ငံ/ပြည်တစ်ခု၏ အမည်ဖြစ်သည်။[၁]ကော်သူးလေဟူသော အသုံးအနှုန်းကို ကရင့်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောဝိရကျော် က စတင်ဖန်တီးသုံးနှုန်းခဲ့ပြီး၊ စောဘဦးကြီး ဦးဆောင်သည့် ၁၉၄၉ ခုနှစ် ကော်သူးလေအစိုးရ နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအကြီးအကဲများက ဆက်လက် အသက်သွင်းပုံဖော်ခဲ့ကြသည်။[၂]
“ကော်” ၏ အနက်မှာ “နိုင်ငံ/တိုင်းပြည်”၊ “သူး” ၏ အနက်မှာ “မကောင်းခြင်း၊ အကြမ်းဖက်မှု၊ နိုင်လိုမင်းထက်ပြုမှု” ဖြစ်သည်။ “လေ” ကို “မရှိ၊ နတ္တိ” ဟူဖြင့် ကော်သူးလေ ကို မကောင်းမှု၊ နိုင်လိုမင်းထက်ပြုမှု မရှိသော တိုင်းပြည်/ နိုင်ငံ အဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်။[၃]
ကော်သူးလေနယ်နမိတ်ကို လက်ရှိ ကရင်ပြည်နယ်သာမက မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အထိ ပါဝင်မှုဖြင့် သတ်မှတ်ခဲ့ကြသည်။[၄]
နောက်ခံအကြောင်းအရင်းများ
[ပြင်ဆင်ရန်]ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှအင်ပါယာလက်အောက် ကျရောက်ခဲ့သည့် နိုင်ငံများသည် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ လွတ်လပ်သည့်နိုင်ငံများဖြင့် အသီးသီး ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်များ၏ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ ကရင့်ခေါင်းဆောင်အချို့တို့သည်လည်း ဗြိတိသျှဘားမား လက်အောက်မှနေ၍ သီးခြားကော်သူးလေပြည်အဖြစ် ခွဲထုတ်၍ အသိအမှတ်ပြုပေးရန် အင်္ဂလန်ရှိ ဗြိတိသျှအစိုးရထံ ၁၉၄၆ခုနှစ်၊ဩဂုတ်လတွင် တောင်းဆိုခဲ့မှုများလည်း ရှိခဲ့ကြသည်။
ကရင်ကော်သူးလေ ဆန္ဒပြင်းထန်ကြသည့် ကရင့်ခေါင်းဆောင်များပါဝင်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ၅ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (Karen National Union - KNU) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ကရင်အမျိုးသား အစည်းအရုံးသည် KNA(ဒေါကလူ)၊ ဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO) ဟူသော အဖွဲ့လေးဖွဲ့ကို ပေါင်းစည်း၍ ဖွဲ့စည်းခဲ့ကြသည့် အဖွဲ့ကြီးဖြစ်ပြီး၊ပထမဆုံး KNU ဥက္ကဋ္ဌမှာ စောသာဒင် ဖြစ်သည်။[၅]
KNUသည် ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ ပဲခူးတွင် ကရင်အမျိုးသား ညီလာခံတစ်ရပ်အား ဦးဆောင်ကျင်းပခဲ့သည်။ထိုညီလာခံသည် အောင်ဆန်း-အက်တလီ စာချုပ်ကို ကန့်ကွက်ကြသည်။ထို့အပြင် ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင်အများစု နေထိုင်သည့်ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့်မဲဆန္ဒနယ်များ သတ်မှတ်ပေးရန်၊ ကရင်စစ်တပ် သီးသန့်ထားရှိခွင့်ပြုရန် နှင့် သီးခြားကရင်ပြည်နယ်(ကော်သူးလေ) ထူထောင်ခွင့်ပေးရန် အစရှိသည့် တောင်းဆိုချက်များကို ချမှတ်ပြီး၊ထိုတောင်းဆိုချက်များအား လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှအစိုးရထံ ပေးပို့ တောင်းဆိုခဲ့ကြသည်။တောင်းဆိုချက်များအား မလိုက်လျောလျှင် ၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်မည်မဟုတ်ကြောင်းနှင့် သပိတ်မှောက်မည့်အကြောင်းကိုပါ တစ်ပါတည်း အသိပေးအကြောင်းကြားခဲ့သည်။ဒေါင်းနင်းလမ်းမှ မည်သို့မျှ အကြောင်းပြန်ကြားခြင်း မရှိသောကြောင့် KNUသည် ၁၉၄၇ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည်။
၁၉၄၇ခုနှစ်၊စက်တင်ဘာ(၂၄)ရက်တွင် ဖဆပလမှ ဦးဆောင်ရေးဆွဲသည့် ၁၉၄၇ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပေါ်ထွက်လာခဲ့သည်။ထိုအခြေခံဥပဒေသည် တစ်ပြည်ထောင်စနစ် ဖြစ်သည်။
၁၉၄၇ခုနှစ်၊အောက်တိုဘာတွင် ကျင်းပသည့် KNU၏မော်လမြိုင်ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ၁၉၄၈ခုနှစ်၊ဖေဖော်ဝါရီ (၁၁)ရက်တွင် ကရင်လူထုအင်အား ၁၄၅၁၀ဝ[၆]သည် ကရင့်ခေါင်းဆောင်အချို့၏ဦးဆောင်မှုဖြင့် ကရင်တိုင်းရင်းသားများအများစုနေထိုင်ရာဒေသကို ကော်သူးလေပြည်အဖြစ် သတ်မှတ်ပေးရေး ဆန္ဒထုတ်ဖော်ပွဲဖြင့် တောင်းဆိုခဲ့ကြသည်။ထိုနေ့ကို ကရင်အမျိုးသားများနေ့ဟု ကရင်တိုင်းရင်းသားများက သတ်မှတ်ခဲ့ကြသည်။[၇]
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအစိုးရထံမှ လွှတ်လပ်ရေးရရှိခဲ့ပြီး လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။
နောက်တစ်ရက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် တွင် ကရင့်ခေါင်းဆောင်အချို့သည် ၎င်းတို့အများစုနေထိုင်ရာနေရာအား ကော်သူးလေသမ္မတနိုင်ငံတော်အဖြစ် ကြေညာခဲ့ကြသည်။[၈] ထိုသို့ကြေညာမှုအား မည်သည့်နိုင်ငံကမှ မထောက်ခံသည့်အတွက် ကော်သူးလေသည် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပေ။မြန်မာ့လွတ်လပ်ရေးကိုသာ နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြသည်။
ရင်ဆိုင်တိုက်ပွဲများ
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ်၊ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးနောက် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခြင်းနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး နှင့် အခြားသော ပြည်တွင်းလက်နက်ကိုင်တော်လှန်မှုများသည် နေရာအနှံ့တွင် ပေါ်ပေါက်လာခဲ့သည်။
လွတ်လပ်ရေးရပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခဲ့ပြီး မေ ၂၂ရက်တွင် အဆုံးသတ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး၊ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၏ လေးလနီးပါး ကြာမြင့်သော အင်းစိန်တိုက်ပွဲသည် အထူးထင်ရှားခဲ့သည်။[၉]အင်းစိန်တိုက်ပွဲသည် ပြည်ထောင်စုမှ ခွဲထွက်ခွင့်နှင့် ကရင်ပြည်နယ် နယ်နိမိတ်သတ်မှတ်ရာတွင် အစိုးရနှင့် သဘောတူ ညီမှု မရခဲ့သည့် ကေအင်ဒီအို (Karen National Defence Organization)၏ လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်းရှိ မြို့များကို သိမ်းပိုက်ထားနိုင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး၏ ကေအဲန်ဒီအိုတပ်များသည် ရန်ကုန်မြို့အထိဝင်ရောက်စီးနင်းအပြီး၊အာဏာရ ဖဆပလအစိုးရသည် နိုင်ငံတစ်ကာသတင်းစာများထက် ရန်ကုန်အစိုးရအဖြစ်သို့ပင် ရောက်ရှိသွားခဲ့ရသည်။ [၁၀]
၁၉၄၈ခုနှစ် ဒီဇင်ဘာတွင် ကရင်ခေါင်းဆောင်အများစု ဖမ်းဆီးခံရပြီးနောက် ကေအဲန်ဒီအိုတပ်များသည် အင်းစိန်မှ ဆုတ်ခွာခဲ့ကြသည်။စစ်ဦးစီးချုပ် ကရင်အမျိုးသား ဗိုလ်ချုပ်စမစ်ဒွန်း ရာထူးမှ ရပ်ဆိုင်းခံရခြင်းနှင့်အတူ၊အစိုးရက ၁၉၄၉ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကေအဲန်ဒီအိုအား မတရားအသင်းအဖြစ် ကြေညာခဲ့သည်။
အင်းစိန်မှ စွန့်ခွာလာသည့် ကရင့်တပ်များသည် ၁၉၄၉ ခုနှစ် ဇွန် ၁၄ ရက်တွင် တောင်ငူမြို့၌ ကေအဲန်ယူ ပထမဦးဆုံးညီလာခံ (ကွန်ကရက်)အား ကျင်းပကြပြီး၊ K.G.B ဟုခေါ်သော Kawthoolei Governing Bodyအား စတင်ဖွဲ့စည်းခဲ့သည်။ထိုနေ့ညနေ အချိန်တွင် ကော်သူးလေအစိုးရအဖွဲ့ နှင့် ကော်သူးလေ (နိုင်ငံ/ပြည်) တည်ထောင်ခြင်းအကြောင်း ကော်သူးလေအသံလွင့်ရုံမှတဆင့် ကြေညာခဲ့သည်။
နိုင်ငံတကာ အသံလွင့်ဌာနများဖြစ်သော BBC၊ အိန္ဒိယ(All India Radio)၊ ပါကစ္စတန်(Radio Pakistan)၊အမေရိကန် (VOA)၊ ဩစတြေးလျ အသံလွှင့်ဌာနများမှလည်း ကော်သူးလေ အသံလွှင့်ဌာန၏ ထုတ်လွှင့်ချက်အတိုင်း ထပ်ဆင့်ထုတ်လွှင့်ခဲ့ကြသည်။
ပါကစ္စတန်နှင့် ဩစတြေးလျ နိုင်ငံများမှ လေ့လာရေးအဖွဲ့များ စေလွှတ်ခဲ့သော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို မခံခဲ့ရပေ။ကရင်တိုင်းရင်းသားများသည် ကော်သူးလေအစိုးရဖွဲ့ခဲ့သည့် ဇွန် ၁၄ ရက် အား ကော်သူးလေနေ့ဟု သတ်မှတ်ခဲ့ကြသည်။[၁၁]
စောဘဦးကြီး[၁၂] ဦးဆောင်ဖွဲ့စည်းခဲ့သည့် ကော်သူးလေအစိုးရမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဉ် | အမည် | တာဝန် |
|---|---|---|
| ၁ | စောဘဦးကြီး | ဝန်ကြီးချုပ် |
| ၂ | ဦးလှဖေ | နိုင်ငံခြားရေးဝန်ကြီး |
| ၃ | စောဖိုးမောင် | ပြည်ထဲရေးဝန်ကြီး |
| ၄ | စောရွှေလေး | ကာကွယ်ရေးဝန်ကြီး |
| ၅ | စောတူရဦး | ဘဏ္ဍာရေးဝန်ကြီး |
| ၆ | စောဘထွန်း | ပညာရေးဝန်ကြီး |
| ၇ | စောဂျွန်ဆင်ဒီဖိုးမင်း | လမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး |
| ၈ | မန်းစိန်တင် | သစ်တောနှင့် လယ်ယာဝန်ကြီး |
၁၉၅၀ပြည့်နှစ်၊ဇူလိုင် ၁၇ရက်မှ ၁၉ရက်အထိ ဖါပွန်မြို့တွင် ကရင့်အမျိုးသားညီလာခံကို စောဘဦးကြီး ဦးဆောင်ကျင်းပခဲ့ပြီး၊မော်ချီးတွင်ရှိသည့် ကော်သူးလေအသံလွင့်ဌာနမှတဆင့် (၁) လက်နက်ချစကား အလျဉ်းမပြောရ၊(၂) ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊(၃) ကရင့် ကံကြမ္မာ ကရင်ဖန်တီးမည်၊(၄) ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုသည့် ကရင့်တော်လှန်ရေးအခြေခံမူများကို အသံလွှင့်ကြေညာခဲ့သည်။
ထိုသို့ ကရင့်တော်လှန်ရေးအခြေခံမူများကို ချမှတ်ပြီးနောက်၊၁၉၅၀ပြည့်နှစ်၊ ဩဂုတ် ၁၂ရက်တွင် ကေအဲန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်ကြီး စောစိုင်းကေတို့သည် ကော်သူးလေပြည်နယ်ရရှိရေးအတွက် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ကျင်းပမည့် နိုင်ငံတကာအစည်းအဝေးသို့အသွား လမ်းခုလတ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ထော့ကိုကိုးရွာတွင် တပ်မတော်တပ်ခွဲ၏တိုက်ခိုက်မှုကြောင့် အသက်ဆုံးခဲ့ရသည်။[၁၃]
ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးကြသည့် အဖွဲ့များ၊လက်နက်ဆွဲကိုင်တိုက်ခိုက်ကြသည့်အဖွဲ့များစသည်ဖြင့် ပေါ်ပေါက်လာကြသည့်အပြင်၊ကရင်အမျိုးသားအစည်းအရုံးမှခွဲထွက်လာကြသည့် ကရင့်လက်နက်ကိုင်အဖွဲ့များကြောင့် ကရင့်ခေါင်းဆောင်များ၏ ကော်သူးလေပြည်အရေးကိစ္စသည် မှေးမှိန်သွားခဲ့ကြသည်။
ကော်သူးလေပြည်နယ်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်/တိုင်းများ ဖွဲ့စည်းထူထောင်ရေးအတွက် ပြည်သူ့လွှတ်တော် (၁၉၄၈)၌ အမတ်များ ထည့်သွင်းစဉ်းစားလာကြရာတွင် ကရင်ပြည်နယ်အရေးကိစ္စသည်လည်း ပါဝင်လာခဲ့သည်။ ၁၉၅၁ခုနှစ်၊ နိုဝင်ဘာ ၇ရက်တွင် နိုင်ငံတော်သမ္မတသည် သံလွင်ခရိုင်၊ဖာပွန်ဒေသကို ၁၉၅၁ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် (၁၉၅၁ခုနှစ်၊ အက်ဥပဒဒေ ၆၂)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် စတင်လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးဘဦးသည် ၁၉၅၂ခုနှစ် ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေ၊ ၁၉၅၂ခုနှစ် အက်ဥပဒဒေ (၁၄)ဖြင့် သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊လှိုင်းဘွဲမြို့နယ်၊ဘားအံ့မြို့နယ်နှင့် သံတောင်မြို့နယ်များကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့်အားဖြင့် တိုးချဲ့သတ်မှတ်ပြီး ပြဌာန်းသတ်မှတ်ပေးခဲ့သည်။ဆက်လက်၍ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ့မြို့နယ်၊ဘားအံမြို့နယ်၊သံတောင်မြို့နယ်(နောင်တွင် သံတောင်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်၊ကော့ကရိတ်မြို့နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် မြဝတီမြို့နယ်ဟူ၍ မြို့နယ်ပေါင်း (၇)မြို့နယ် အထိရှိလာခဲ့သည်။
၁၉၅၄ခုနှစ်၊ဇွန် ၁ရက်တွင် နိုင်ငံတော် သမ္မတဦးဘဦးသည် နိုင်ငံတော်သမ္မတအိမ်တော်၌ ကရင်ပြည်နယ် အာဏာလွှဲပြောင်းပေးရေး အခမ်းအနားတစ်ရပ်အား ကျင်းပခဲ့ပြီး၊ကရင်ပြည်နယ်အစိုးရအဖွဲ့ ထံသို့ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ သံတောင်မြို့နယ်များ၏ အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းခဲ့သည်။ထိုနေ့ ထိုအချိန်မှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကရင်ပြည်နယ် ဟူ၍ တိတိကျကျ စတင်ပေါ်ပေါက်လာခဲ့သည်။ဤသို့ဖြင့် ကရင်ပြည်နယ်၏ (၁)နှစ်မြောက် အခမ်းအနားနေ့အား ၁၉၅၅ခုနှစ်၊ ဇွန်လ (၁)ရက် တွင် ကျင်းပခဲ့သည်။
တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ခုနှစ်၊ဧပြီ ၃ ရက်တွင် တော်လှန်ရေးကောင်စီ နှင့် ကရင်တော်လှန်ရေးကောင်စီတို့၏ သဘောတူညီချက်အပိုဒ် ၃(က)နှင့် တော်လှန်ရေးကောင်စီ ကြေငြာစာအမှတ် (၅၁)ဖြင့် ကရင်ပြည်နယ်သည် ကော်သူးလေပြည်နယ် အဖြစ် ပြင်ဆင်သတ်မှတ်ခံရသည်။[၁၄]၁၉၆၅ခုနှစ်၊အောက်တိုဘာ ၅ရက် ရက်စွဲပါ စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့၍၊ကော်သူးလေပြည်နယ်သည် ခရိုင် ၂ခု၊မြို့နယ်၇ ခု ပြည်နယ်ဖြစ်လာခဲ့သည်။
၁၉၇၂ ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးကာလ တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် ၁၉၇၂ခုနှစ်၊ဩဂုတ် ၃ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)ဖြင့် ၁၉၇၂ခုနှစ်၊ သြဂုတ်လ (၇)ရက် မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။
၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ ၃ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ၁၉၇၄ခုနှစ်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လည်း ကော်သူးလေပြည်နယ်အစား ကရင်ပြည်နယ် အဖြစ်သာ ထည့်သွင်း သတ်မှတ်ပြဌာန်းခဲ့ခြင်းဖြင့် ကော်သူးလေပြည်နယ်အဖြစ် သတ်မှတ်ခဲ့မှုသည် ပျောက်ကွယ်သွားခဲ့ရသည်။
တကျော့ပြန် ကော့သူးလေ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ဇွန်လ ဒုတိယအပါတ်တွင် ကရင်အမျိုးသား အစည်းအရုံးသည် ကော်သူးလေနေ့ နှင့် ကော်သူးလေဖက်ဒရယ်ယူနစ်အကြောင်း တကျော့ပြန် ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။ယင်းအပြင် ၂၀၂၅ ခုနှစ်၊ဇွန် ၁၉ရက် တွင် ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီး ၏ ကော်သူးလေ အစိုးရအဖြစ်ကြေညာရန် ၈၀ ရာခိုင်နှုန်းအထက်ပြီးစီးနေပြီဖြစ်သည့်အတွက် ကော်သူးလေပြည်၊ ကော်သူလေးအစိုးရအဖြစ် ကြေညာနိုင်တော့မည့်ပြောကြားချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။[၁၅]
“ပြည်ထောင်စုထဲမှာ ကျွန်တော်တို့က ကော်သူးလေပြည်ဆိုပြီး ပါဝင်မှာ အသေအချာပဲ”
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်စောနယ်ဒါးမြသည် KNU မှ ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းတည်ထောင်သည်။
၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၅ ရက် တွင် မြန်မာ-ထိုင်းနယ်စပ်တနေရာရှိ ကော်သူးလေတပ်တော် (KTLA) နယ်မြေကို ကော်သူးလေသမ္မတနိုင်ငံအဖြစ် နိုင်ငံသစ်တည်ထောင်ကြောင်း ကော်သူးလေတပ်မတော် (KTLA)က ကြေညာခဲ့သည်။ကော်သူးလေအစိုးရအဖွဲ့ တွင် သမ္မတအဖြစ် ဗိုလ်ချုပ်စောနယ်ဒါးမြက တာဝန်ယူသည်။ ဒုသမ္မတ ၁ အဖြစ် နိုင်ငံခြားရေးဝန်ကြီး စောဆာဂေးဖိုး၊ ဒုတိယသမ္မတ ၂ အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ် အဖြစ် စောဖိုးသူးလေး နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် စောဒေးဗစ်လောဒူးတို့ဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။[၁၆][၁၇]
ဝေဖန်ခံရမှုများ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၈ရက် တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)သည် စောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA)၏ ကော်သူးလေနိုင်ငံ တည်ထောင်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာမှုအား လက်မခံဘဲ ငြင်းဆန်ခဲ့သည်။[၁၈]စောနယ်ဒါးမြသည် စစ်ရာဇဝတ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူအဖြစ်လည်းကောင်း၊ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် ၎င်းအား ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO)၏ စစ်ဦးစီးချုပ် ရာထူးမှရပ်စဲပြီး KNU မှ ထုတ်ပယ်ထားသူအဖြစ် လည်းကောင်း တရားဝင်ကြေညာခဲ့သည်။
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Imagining Kawthoolei: Strategies of petitioning for Karen statehood in Burma in the first half of the 20th century" (in en) (2020). Nations and Nationalism 26 (3): 759–774. doi:. ISSN 1469-8129.
- ↑ Returning home: Resistance, resilience and reflections of Kawthoolei။ stanforddaily (31 January 2025)။ 14 January 2026 တွင် ပြန်စစ်ပြီး။
- ↑ ၇၄ နှစ်ပြည့် ကော်သူးလေးနေ့(၁၄.၆.၁၉၄၉-၁၄.၆.၂၀၂၃)။ kawthoolei institute (2023)။ 14 January 2026 တွင် ပြန်စစ်ပြီး။
- ↑ Central Govt Infringing Administration of KNU Regions, Say Leaders။ The Irrawaddy (10 Oct 2017)။ 14 Jan 2026 တွင် ပြန်စစ်ပြီး။
- ↑ Burma/Karens (1948-present)။ UNIVERSITY OF CENTRAL ARKANSAS။ 14 January 2026 တွင် ပြန်စစ်ပြီး။
- ↑ အဖူးစကား ကြားနိုင်ကြစေချင်။ KIC (၁၉ အောက်တိုဘာ ၂၀၁၆)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ။ KIC (၁၀ ဩဂုတ် ၂၀၂၃)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကော်သူးလေ သမ္မတနိုင်ငံတော် တည်ထောင်။ BBC (၇ ဇန်နဝါရီ ၂၀၂၆)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ အင်းစိန်တိုက်ပွဲနိဂုံး။ The Irrawaddy (၂၁ မေ ၂၀၁၉)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ အင်းစိန် တိုက်ပွဲထဲက “တံမြက်စည်း။ The Irrawaddy (၁၀ ဖေဖော်ဝါရီ ၂၀၁၄)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကော်သူးလေနေ့ (Kaw Thoo Lei Day)။ KIC (၁၄ ဇွန် ၂၀၂၁)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ The enduring legacy of Karen revolutionary leader Saw Ba U Gyi။ southeastasiaglob (17 Aug 2020)။ 14 January 2026 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ကရင်အာဇာနည်နေ့နှင့် တိုင်းရင်းသားတန်းတူညီမျှရေး။ KIC (၁၁ ဩဂုတ် ၂၀၂၃)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကေအန်ယူနဲ့ ကော်သူလေးအရေး။ VOA (၁၇ စက်တင်ဘာ ၂၀၂၀)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကော်သူးလေပြည်/အစိုးရအဖြစ် ကြေညာဖို့နီးစပ်ပြီလို့ KNU ထုတ်ပြန်။ BBC (၂၀ ဇွန် ၂၀၂၅)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကော်သူးလေနိုင်ငံသစ် ကြေညာ၊ သမ္မတအဖြစ် ဗိုလ်ချုပ်စောနယ်ဒါးမြ တာဝန်ယူ။ DVB (၇ ဇန်နဝါရီ ၂၀၂၆)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ New rift in Burmese resistance: Karen group proclaims independent state။ Pime Asia News (8 January 2026)။ 14 January 2026 တွင် ပြန်စစ်ပြီး။
- ↑ KTLAရဲ့ နိုင်ငံထူထောင်ကြောင်းကြေညာချက် ကရင်အမျိုးသားတွေရဲ့ ရည်မှန်းချက်မဟုတ်၊ အရှိတရားနဲ့ မညီဟု KNU ထုတ်ပြန်။ လူထုနွေဦး (၈ ဇန်နဝါရီ ၂၀၂၆)။ ၁၄ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။