အယ်နန် ကောတေ့စ်

ဝီကီပီးဒီးယား မှ
(ကောတေ့စ်၊ ဟာနန်ဒို မှ ပြန်ညွှန်းထားသည်)
အယ်နန် ကောတေ့စ်

ကမ္ဘာသစ်တွင် စပိန်တို့၏ အာဏာစက်ကိုစတင်ထူထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် အယ်နန် ကောတေ့စ် (Hernán Cortés)အားတစ်ဦးအပါအဝင်အဖြစ် မှတ်တမ်းတင်ကြသည်။ မက္ကဆီကိုနိုင်ငံကို စပိန်လက်အောက်ရောက်စေရန်အတွက် ၂၀၀မျှပင် မပြည့်သော လူအင်အားဖြင့် သိန်းပေါင်းများစွာသော ဒေသခံများအား အောင်နိုင်စေရန် စွမ်းဆောင်နိုင်ခဲ့သူအဖြစ်လည်း ချီးကျူးကြသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

အယ်နန်အားစပိန်နိုင်ငံ မယ်ဒါလင်မြို့တွင် ၁၄၈၅ခုနှစ်က ဖွားမြင်သည်။ ဖခင်မှာ သူကောင်းမျိုးနွယ်ဖြစ်ပြီး ကောတေ့စ်အား ငယ်ရွယ်စဉ်ကပင် ဆလာမန်ကာ တက္ကသိုလ်တွင် ဥပဒေပညာအား ဆည်းပူးစေခဲ့သည်။ အသက် ၁၉နှစ်အရွယ်တွင် စည်းစိမ်ဥစ္စာရှာရန်အတွက် အိမ်မှထွက်ခဲ့သည်။ အက်စပန်နီယိုလာမြို့သို့ ၁၅၀၄ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ဂုဏ်သရေရှိတောင်သူ၊ ဒေသခံမိန်းမလိုက်စားသူ အဖြစ်ပျော်ရွှင်စွာနေထိုင်ခဲ့သည်။

စစ်ရေး(မက္ကဆီကိုအား သိမ်းပိုက်ခြင်း)[ပြင်ဆင်ရန်]

စပိန်က ကျူးဘားအား သိမ်းပိုက်သည့် စစ်ပွဲများတွင် ပါဝင်ခဲ့သည်။ ကျူးဘားဘုရင်ခံ ဒီယေဂို ဗေလာ့စ်ကွက်၏ခယ်မအား လက်ထပ်ပြီးနောက် စန်တီယေဂိုမြို့ဝန်အဖြစ် ခန့်အပ်ခံရသည်။ ထိုနောက် ဒီယေဂိုသည် မက္ကဆီကိုအား သိမ်းပိုက်ရန်အတွက် ကော့တေ့စ်အား ဗိုလ်ကြီးခန့်လေသည်။ နောက်မှ ပြန်လည်ပြင်ဆင်သော်လည်း ကောတေ့စ်အား တားဆီးမရတော့ပေ။ သို့ဖြင့် ၁၅၁၉ခုနှစ်၊ ဖေဖော်ဝါရီတွင် ကောတေ့စ်ဦးဆောင်မှုဖြင့် သင်္ဘော ၁၁စင်း၊ သင်္ဘောသား ၁၁၀၊ စစ်သား ၅၅၃ယောက်၊ အမြောက်ကြီး ၁၀လက်၊ အမြောက်ငယ် ၄လက်၊ မြင်း ၁၆ကောင် တို့အပါအဝင် လက်နက်ငယ်များကိုင်ဆောင်၍ စစ်ထွက်ကြသည်။

အီစတာအကြိုနေ့တွင် ဗေရာဇရုဇ်မြို့တော်နေရာသို့ ဆိုက်ရောက်ပြီးနောက် အီစတာနေ့၊ ဂွတ်ဖရိုင်းဒေးနေ့မှစကာ သတင်းများစုံစမ်းခဲ့သည်။ အက်ဇ်တက်ဇ်များအုပ်စိုးသော မက္ကဆီကိုနိုင်ငံ၏ မြို့တော်မှာ ကုန်းတွင်းပိုင်းတွင် တည်ရှိကြောင်း၊ မြို့တော်ကြီးမှာ ရွှေငွေကျောက်သံပေါများကြောင်း၊ အခြားသော လူနီရိုင်းများထက် သာလွန်ကြွယ်ဝသည့်အကြောင်းများကို ကြားသိရလေသည်။ ထို့အပြင် လူနီရိုင်းအချင်းချင်းလည်း ဖိစီးနှိပ်စက်သဖြင့် အုပ်စုကွဲများအကြား ရန်ငြိုးများကြကြောင်းကိုလည်း စုံစမ်းရလေသည်။ သို့ဖြင့် ကုန်းတွင်းရှိ ရွှေမြို့တော်ကြီးအား သိမ်းပိုက်ရန် သံန္တိဌာန်ချမှန်ကာ စီးနှင်းလာသော သင်္ဘောအားလုံးကို ဖျက်ဆီးစေသည်။

ထိုနောက် ကုန်းတွင်းသို့ ဦးတည်ချီတက်ခဲ့ပြီး လမ်းခရီးတစ်လျှောက်ရှိ မျိုးနွယ်ကွဲပြားသော လူနီရိုင်းများအား တိုက်ခိုက်ရင်း ရှုံးနှိမ့်သူများအား အက်ဇ်တက်ဇ်သာလျှင် ရန်သူဖြစ်ကြောင်း စည်းရုံးသိမ်းသွင်းခဲ့ရာ အင်အားတိုးပွားလာခဲ့သည်။ သို့ဖြင့် အက်ဇ်တက်ဇ်မြို့တော် ချိုလုလန်းသို့ ချီတက်သည်။ အက်ဇ်တက်ဇ်ဘုရင် ဒုတိယမွန်တေဇုမာကာသည် ထိုသတင်းကိုကြားလျှင် စပိန်တို့အား ခရီးပန်းစေပြီး ၎င်းမြို့တော်ရောက်မှ အငိုက်ဖမ်းကာ တိုက်မည်ဟု ကြံရွယ်ကာပြင်ဆင်ထားလေသည်။ ကောတေ့စ်ထိုသတင်းကို ကြားလျှင် လက်ဦးမှုရယူကာ ကြိုတင်တိုက်ခိုက်ပြီး လူပေါင်းထောင်ချီသတ်ဖြတ်လိုက်လေသည်။ ထိုနောက် မြို့တော်သစ်အဖြစ် တေနော့ချ်တစ်တလန်သို့ ပြေးသော အက်ဇ်တက်ဇ်ဘုရင်အား လိုက်လံဖမ်းဆီးကာ အမည်ခံဘုရင်အဖြစ် ပြန်လည်ခန့်အပ်ကြိုးကိုင်သည်။

တဖက်မှလည်း ပန်ဖီလို ဒီ နာဗေယက်ဇ် ဦးဆောင်သော စပိန်တပ်တစ်တပ်သည် ကမ်းရိုးတန်းဒေသသို့ရောက်လာကာ ကောတေ့စ်အား ဖမ်းဆီးရန်အမိန့်ဖြင့် လာရောက်လေသည်။ ကောတေ့စ်လည်း မြို့တော်တွင် အစောင့်အနည်းငယ်သာချန်၍ ကမ်းရိုးတန်းဒေသသို့ အမြန်ချီတက်လာပြီး အဆိုပါရန်စကို ရှင်းလင်းရသည်။ ဖမ်းဆီးရရှိသော သုံပန်းများကိုလည်း သစ္စာခံစေသည်။ ထိုအချိန်တွင် မြို့တော်၌ ချန်ရစ်ခဲ့သော အစောင့်တပ်တို့သည် လူထုအား အစွမ်းကုန်ညှဉ်းဆဲသဖြင့် ၃၀ရက်၊ဇွန်လ၊ ၁၅၂၀ခုနှစ်တွင် ပုန်ကန်မှုဖြစ်လေသည်။ သူပုန်ထမှုကြောင့် စပိန်အစောင့်တပ်သားများ အကျအဆုံးများစွာဖြင့် တလက်စလာသို့ဆုတ်ခွာရသည်။ ကောတေ့စ်မှ လူအင်အားပြန်လည် စုစည်းပြီး တေနော့ချ်တစ်တလန်အား ပြန်လည် ဝန်းရံသည်။ ၁၃ရက်၊ ဩဂုတ်လ၊ ၁၅၂၀ခုနှစ်တွင် အက်ဇ်တက်ဇ်တို့ လက်နက်ချသည်။ ကောတေ့စ်သည် မြို့တော်အား ပြန်လည်တည်ဆောက်ပြီး မက္ကဆီကိုစီးတီး အမည်သို့ပြောင်းလဲခေါ်တွင်စေသည်။ စပိန်ကိုလိုနီနယ်များ၏ မြို့တော်လည်း ဖြစ်စေသည်။

ကောတေ့စ်အနေဖြင့် အနည်းငယ်မျှသော စစ်သည်အင်အားတို့ဖြင့် လူဦးရေ ငါးသန်းကျော်ရှိသည့် နယ်ပယ်ကြီးအား သိမ်းပိုက်ခဲ့ခြင်းမှာ အလွန်ပင်ထူးခြားလေသည်။ သူ၏တပ်များတွင် သေနတ်နှင့် မြင်း ဟူသောအားသာချက်များရှိသော်လည်း လက်နက်အရည်အတွက်သည်လည်းကောင်း၊ အရည်အသွေးသည်လည်းကောင်း လူငါးသန်းကျော်အား အနိုင်ရစေလောက်သည် မဟုတ်ပေ။ ကောတေ့စ်၏ ပင်ကိုစွမ်းရည်နှင့် အုပ်ချုပ်စည်းရုံးနိုင်စွမ်း၊ စစ်ရေးလိမ္မာပါးနပ်မှုများကြောင့်သာဖြစ်သည်။ လူနီရိုင်းအချင်းချင်းကပင် အက်ဇ်တက်ဇ်များအား ဦးတည်တိုက်ခိုက်စေလောက်အောင်ပင် ထူးခြားသည့် စည်းရုံးရေးစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားပေသည်။

အခြားတဖက်၌ ဘာသာရေးအယူအဆများ၊ ကိုးကွယ်ယုံကြည်ချက်များသည် ကောတေ့စ်အတွက် အားကောင်းစေခဲ့သည်။ အက်ဇ်တက်ဇ်တို့၏ ရိုးရာယုံကြည်မှုများအရ နတ်မင်းကွာဇာလ်ကုတ်သည် စိုက်ပျိုးရေး၊ သတ္တုအရည်ကြိုလုပ်ငန်းနှင့် အုပ်ချုပ်ရေးတို့ကို သယ်ဆောင်လာပေးသည်ဟု အယူရှိကြသည်။ နတ်မင်းကြီးသည် မုတ်ဆိတ်ဖားဖား၊ အသားဖြူဖြူနှင့် အရပ်အမောင်းရှည်ရှည်ဖြစ်သည်ဟု ဆိုကြသည်။ နတ်မင်းကြီးက မက္ကဆီကိုသို့နောက်တစ်ကြိမ်ပြန်လာမည်ဟု မိန့်ပြီး မက္ကဆီကိုအရှေ့ပင်လယ်မှ ထွက်ခွာသွားသည်ဟု ဇာတ်လမ်းရှိလေရာ ပုံသဏ္ဍန်တူညီသည့် ကောတေ့စ်အဖို့ အလိုအလျှောက် နတ်မင်းအဖြစ် တပန်းသာလေသည်။ အက်ဇ်တက်ဇ်တို့ကလည်း ပြင်းပြင်းထန်ထန် မခုခံကြတော့ပေ။

စပိန်တို့၏ ဘာသာယုံကြည်စိတ်သည်လည်း တစ်ဖက်တွင် ကောတေ့စ်အား အထောက်အကူပေးလေသည်။ လက်ဝါးကပ်တိုင်အောင်လံတော်အား တပ်ဦးမှချီတက်စေပြီး ခရစ်ယာန်ဘာသာ သာဿနာပြုစစ်ပွဲအသွင်သို့ သရုပ်ဖော်ခဲ့လေသည်။ သို့သော် အချို့လူနီရိုင်းများအား စစ်ရေးအရသာမက၊ ဘာသာရေးအရပါ သိမ်းသွင်းရန် ကြိုးပမ်းသဖြင့် အားနည်းရသည်များလည်း ရှိခဲ့သည်။

ဘဝနောက်ပိုင်း[ပြင်ဆင်ရန်]

စပိန်ဧကရာဇ်အနေဖြင့် ကောတေ့စ်အား မားကွဇ်ဘွဲ့ပေးကာ မြို့စားငယ်အဖြစ် ချီးမြှင့်သည်။ ပရိယာရ်ဖြင့် မက္ကဆီကိုဘုရင်ခံအဖြစ်မှ ဖယ်ရှားခြင်းဖြစ်သဖြင့် ၁၅၄၀ခုနှစ်တွင် ကောတေ့စ်တစ်ယောက် စပိန်သို့ ပြန်လာရသည်။ ထို ၇နှစ်အတွင် ကောတေ့စ်သည် ကမ္ဘာသစ်ရှိ စပိန်ကိုလိုနီတွင် ပြန်လည်မင်းပြုခွင့်ရရန် အကြိမ်ကြိမ်တောင်းဆိုရင်း မကျေနပ်ချက်များလှသော လူချမ်းသာကြီးအဖြစ်နေထိုင်ခဲ့ရရှာသည်။ ဆီးဗီးလ်မြို့တွင် ၁၅၄၇ခုနှစ်၌ ကွယ်လွန်သောအခါ ၎င်း၏သားဖြစ်သူက မက္ကဆီကိုရှိ မြေယာအမြှောက်အများအား အမွေဆက်ခံခဲ့သည်။ သူ၏သေတမ်းစာတွင် လူနီရိုင်းကျွန်များအား ပိုင်ဆိုင်ခွင့်အတွက် သင့်မသင့်အား သံသယရှိမိကြောင်း ဘာသာရေးအရ အပြစ်ဖြစ်မည်ကို စိုးရိမ်မိကြောင်း လူကြီးလူကောင်းဆန်ဆန်၊ ခေတ်ကိုကျော်လွန်၍ သုံးသပ်ရေးသားသွားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]