ကောင်းဆိုးနှစ်တန် လောကဓံ

ဝီကီပီးဒီးယား မှ

ကောင်းဆိုးနှစ်တန် လောကဓံ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၉၅ ခုနှစ်တွင် ဖြစ်ပျက်နိုင်သော အကြောင်းအရာတို့ကို ဦးကျော်လှသည် ဘဝတစ်ပါး မပြောင်းသွားမီ (၁၂) ခန့်လောက်က ကိုယ်တိုင်ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

ကောင်းဆိုးနှစ်တန် လောကဓံ[ပြင်ဆင်ရန်]

လူအပေါင်းရယ်တို့၊ ကျိုးကြောင်း ဆင်ခြင်လို့၊ ထင်မြင်အောင် ဉာဏ်နှင့်တွေးတော့၊ သတိဆောင် သိအောင်ရေးခဲ့မယ်၊ ဟိုးရှေးအခါ တိမ်တခွင်၌၊ အဘိညာဉ် ဈာန်ကစားပါလို့၊ ပျော်ပါးသူရှင်သခင်တို့၊ ကျမ်းဗေဒင် အသီတိရယ်နှင့်၊ လောကီဉာဏ်၊ စာအဆိုကတော့၊ ကြွက်လွှတ်ဂြိုဟ်၊ ခုနှစ်လုံးရယ်တို့၊ စုရုံးကာ မကာရမှာဖြင့်၊ တွဲကြပုံအနေထောက်တော့၊ အန္တရာယ် ရန်စွယ်ရောက်တတ်သတဲ့၊ စိုးကြောက်ဖို့ အထွေအထွေ။

ကိုးဆဲ့ငါးမှာလ၊ သုံးပါးရတနာနှင့်၊ ဆည်းကပ်ကာ တုပ်ဝပ်ညောင်းကြတော့၊ လောကီ ကောလီသို့ပြောင်းပေမဲ့၊ ကောင်းလိမ့်မည့်ထင်မယူနှင့်၊ ဓာတ်နံတူရှောင်မလွတ်သာဘု၊ ငတ်မွတ်ဆူလောင်၍၊ မိုးခေါင်ကာ ရောဂါများသည့်ပြင်၊ လှုပ်ရှားမည့်တော်ငလျင်နှင့်၊ ဘယ်ကပ်တွင် ဆိုက်မည်လို့ ပြောနိုင်ဘု၊ လောကဓံ သည်ခေတ်ဆိုးမှာလ၊ ကံမကူ ဉာဏ်လူမျိုးတို့၊ လှည်းနှင့်ဆင် ရင်ဆိုင်တိုးသည့်နှယ်၊ ညှိုးမှိုင်လို့ခွေ။

စာရေးစာချီနှင့်၊ ရောင်းကုန်သည် လယ်သမားငဲ့ပြင်၊ ပွဲစားပညာသယ်တို့၊ ဋ္ဌေးသူကြွယ် နေမချောင်လို့၊ သံမြင်ညောင် သံမြင်ညတို့မှာ၊ ဒုက္ခတွေအဖြာဖြာနှင့်၊ ဆိုဘွယ်ရာဘယ်မှာရနိုင်ပ၊ နေထိုင်ပုံ၊ ခုတွေ့ကြုံ၊ တဖြစ်ပြောင်းသော်ကြောင့်၊ ခေတ်ကောင်းမြှော်သာမြှော်ရ၊ ကြည့်လိုက်သော် မမြင်ဝေးလေစွ၊ ကြံတွေးကာ ရှုတ်လို့ပွေ၊ အလုပ်တွေပျက်ပြား။

ကံအရင်းသာပ၊ မှန်ကင်းတခါ ထင်းသာဖြစ်စမြဲ၊ ရေထဲတခါမြုပ်သည်ဟု၊ သစ်ငုတ်ပေါ် ရေတလှဲ့ရယ်လို့၊ ဖြေတဲ့ကာ စိတ်ကိုအေးကြတော့၊ ငွေကြေးရှာဖွေ၍ ချွေတာကာ မျှရုံသုံးပါကြ၊ ရှားတုန်းအခါ သည်လိုရှားပါလိမ့်၊ ပေါများချိန် လာလို့ပေါလိမ့်မည်၊ လောကဓံ ထိုရှစ်ခန်းတွင်မှ၊ ဘုံဓမ္မတာ၊ ကြုံလာစတမ်းရယ်လို့၊ ကျမ်းအရှိသား။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ အသီတိ = ရှစ်ကျိပ်၊ ရှစ်ဆယ်။

၂။ မကာရ = မကာရရာသီ၊ ပြာသိုလ။

၃။ သံမြင်ညောင် = လောကဓမ္မ၊ လောက၌ ဖြစ်မြဲတရား။

၄။ ဘုံဓမ္မတာ = ၃၁ ဘုံ၌ တွေ့ကြုံရမြဲတရား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။