ကုလား-ဗမာ အဓိကရုဏ်း

ဝီကီပီးဒီးယား မှ

၁၉၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့်ဆက်နွယ်ကာ ဂေါ်ရင်ဂျီကုလားနှင့် မြန်မာကူလီတို့အကြား ပထမအကြိမ်ဖြစ်ပွားသော အဓိကရုဏ်းဖြစ်သည်။[၁]

အကြောင်းအရင်း[ပြင်ဆင်ရန်]

၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးကပ်ကို အကြောင်းပြကာ အင်္ဂလိပ်ကုမ္ပဏီများက ဆန်နှင့် အခြားသီးနှံဈေးတို့ကို အဆမတန် လျှော့ချလိုက်သည်။ ထို့ကြောင့် ကြွေးတင်သည့် တောင်သူလယ်သမားများမှာ မြို့တက်၍ အသက်မွေးလာသည်။

၁၉၃၀ ပြည့်နှစ်၊ မေလ ၇ ရက်နေ့တွင် တနေ့တာလုပ်ခ တကျပ်ခွဲသာရသည်ကို မကျေနပ်သဖြင့် စတီဖီဒိုးယင်း ကုမ္ပဏီမှ ကုန်တင်ကုန်ချအလုပ်သမား ​ဂေါ်ရင်ဂျီ (၂၀၀) က သပိတ်မှောက်သည်။ အလုပ်သမားများ၏ တောင်းဆိုချက်ကို မလိုက်လျောလိုသည့်အတွက် လူစားထိုးရန် ပြင်ဆင်ကာ မြို့ပေါ်တက်လာသည့် ကျေးလက်အလုပ်လက်မဲ့များကို အစားထိုးသည်။

ကုမ္ပဏီနှင့် သပိတ်မှောက် ဂေါ်ရင်ဂျီများ ညှိနှိုင်းကြရာ တကျပ် ၇၅ ပြားဖြင့် သဘောညီကြသည်။ ထိုအခါ အစားဝင်သည့် မြန်မာကူလီများနှင့် အလုပ်ပြန်ဆင်းသည့် ဂေါ်ရင်ဂျီများ ပဋိပက္ခ ဖြစ်ကြသည်။ ဤသို့ဖြင့် မေလ ၂၆ ရက်မှစ၍ ကုလား-ဗမာ အဓိကရုဏ်း စဖြစ်သည်။

"ဂေါ်ရင်ဂျီအလုပ်သမား (၂၀၀၀) ကျော်က မြန်မာအလုပ်သမား (၅၀၀) အား ဝိုင်းရိုက်သည်" ဟူသော ကောလဟာလမှာ ရန်ကုန်မြို့အနှံ့ ပျံ့သွားကာ ဂေါ်ရင်ဂျီနှင့်သာမက အခြားကုလားများနှင့်ပါ အချင်းများကုန်သည်။ ရန်ကုန်မှစသော အဓိကရုဏ်းသည် မြန်မာတပြည်လုံး ကူးစက်သွားရာ ဂေါ်ရင်ဂျီ (၂၅၀) ခန့်နှင့် မြန်မာအချို့ သေဆုံးသည်။

အဆုံးသတ်[ပြင်ဆင်ရန်]

နိုင်ငံရေးအသိရှိသည့် ကုလားနှင့်မြန်မာ ခေါင်းဆောင်များ၊ မြို့မိမြို့ဘများ၊ ရန်ကုန်မြို့ပေါ်၌ သာဓုဆရာတော်၊ ဗားကရာဆရာတော်၊ အလုံ ဇောတနာရာမဆရာတော် စသည့် သံဃာများက အဓိကရုဏ်းပြေငြိမ်းရန် ဆောင်ရွက်ကြသဖြင့် ရက်အနည်းငယ်အတွင်း အဆုံးသတ်သွားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သိန်းဖေမြင့်, "၁၉၃၀ တဝိုက် မြန်မာပြည် နိုင်ငံရေးသမိုင်း", နံ့သာတိုက်, ၁၉၇၀