မာတိကာသို့ ခုန်သွားရန်

ကုဋိဓူပက

ဝီကီပီးဒီးယား မှ

အရှင်ကုဋိဓူပကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန္တာမထေရ်တစ်ပါး ဖြစ်သည်။[] လွန်လေပြီးသော အတိတ်ဘဝ၌ အရှင်ကုဋိဓူပကထေရ်သည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ ဂန္ဓကုဋိတိုက်တော်ကို စောင့်ရှောက်ရသော အမှု၌ ဆောင်ရွက်ခဲ့ပါသည်။ ထိုဘဝ၌ ကြည်ညိုသော စိတ်စေတနာတို့ဖြင့် အခါအားလျော်စွာ မိမိလက်ဖြင့်ပင် နံ့သာမီးခိုးတို့ဖြင့် ဂန္ဓကုဋိတိုက်တော်ကို ပူဇော်ခဲ့လေသည်။

မြတ်စွာဘုရားအား နံ့သာမီးခိုးဖြင့် ပူဇော်ခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် အရှင်ကုဋိဓူပကထေရ်သည် ၉၄ ကမ္ဘာပတ်လုံး အပါယ်လေးဘုံသို့ လားရောက်ခြင်း မရှိခဲ့ပေ။ ဤသို့သော ကောင်းကျိုးချမ်းသာကို ခံစားရခြင်းသည် နံ့သာမီးခိုးကို ပေးလှူခဲ့ရသော အကျိုးပင် ဖြစ်လေသည်။

ထိုမျှမကသေး အရှင်ကုဋိဓူပကထေရ်သည် လေးပါးသော ပဋိသမ္ဘိဒါဉာဏ်၊ ရှစ်ပါးသော ဝိမောက္ခတရားနှင့် ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်း ရရှိပိုင်ဆိုင်တော်မူပြီး မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း ကောင်းစွာ လိုက်နာကျင့်သုံး ပြီးစီးခဲ့လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ထေရာပဒါန်ပါဠိတော်၊ တုဝရဒါယကဝဂ်
  2. (အပဒါန၊၁၊၂၅၁။)