မွတ်စတာဖာ ကီးမား အာတာတပ်

ဝီကီပီးဒီးယား မှ
(ကီးမား အာတာတပ် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ပဌမ တူရကီ သမ္မတ ကီးမား အာတာတပ်ကို ၁၉၃၀ ခုနှစ်၌ တွေ့ရစဉ်

တူရကီနိုင်ငံတော်သစ် ဖခင်ကြီးစစ်မှုရေးရာတွင်လည်း ကျွမ်းကျင် နိုင်ငံရေးတွင်လည်း အရည်ဝသော ကီမားအာတာတပ်သည် စစ်သားဘဝမှနေ၍ နိုင်ငံတော်သမ္မတ ဖြစ်လာသည်အထိ နိုင်ငံနှင့်လူမျိုးအတွက် အမြော်အမြင်ကြီးစွာဖြင့် စွမ်းလွန်းတမံ ဆောင်ရွက်ခဲ့သူဖြစ်၏။ ၂ဝရာစုနှစ်တွင် ကမ္ဘာ့အရှေ့အလယ်ပိုင်းမှ ပေါ်ပေါက်ခဲ့၍ ကမ္ဘာ့သမိုင်းဝင် ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးပင်ဖြစ်သည်။

'တူရကီတို့၏ ဖခင်'ဟု အနက်ထင်သည့် အာတာတပ်အမည် ကို ခံယူသော မွတ်စတာဖာကီမားသည် ၁၈၈၁ ခုနှစ်တွင် ဂရိနိုင်ငံ ဆယ်လိုနီးကားမြို့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ အကောက် အရာရှိတစ်ဦး ဖြစ်၍၊ မွတ်စတာဖာ ဖွားမြင်ပြီးနောက် မကြာမီ ကွယ်လွန်သွားလေသည်။

မွတ်စတာဖာသည် ငယ်စဉ်က ဆယ်လိုနီးကားမြို့ရှိ အခြေခံစစ်ပညာသင်ကျောင်းတွင် ပညာသင်ကြားခဲ့စဉ်၊ သင်္ချာဘာသာရပ်တွင် သူမတူအောင် ထူးချွန်ခဲ့သောကြောင့် သူနှင့်နာမည်တူ မွတ်စတာဖာအမည် ရှိသော သူ၏ဆရာက အမည်ရင်းတွင် 'ကီမား'ဟူသော အမည်တစ်လုံး တိုးပေးခဲ့လေသည်။ ကီမားမှာ အာရဗီဘာသာဖြင့် ပြည့်ဝခြင်း၊ ပြည့်ဝသူဟု အနက်ရ၏။မွတ်စတာဖာကီမားသည် ငယ်စဉ်မှစ၍ စစ်မှုကို ထမ်းခဲ့သူဖြစ်သဖြင့် စစ်ရေးစစ်ရာတွင် ထူးချွန်ခဲ့ရုံမက၊ နိုင်ငံရေးတွင်လည်း များစွာ စိတ်ဝင်စားခဲ့သူဖြစ်သည်။ နိုင်ငံရေးတွင် ဤသို့ စိတ်ပါဝင်စားရုံသာမက၊ လျှို့ဝှက်သောနိုင်ငံရေး အသင်းများ ဖွဲ့စည်းခြင်း၊ စစ်အရာရှိ ကြီးငယ်တို့အား နိုင်ငံရေးစိတ်ဓာတ်များ သွင်းပေးခြင်းတို့ကြောင့် မကြာခဏ ဖမ်းဆီး စစ်ဆေးခြင်း ခံရသော်လည်း၊ မွတ်စတာဖာ၏ အလွန်ထူးချွန်၍ စွမ်းရည်ရှိသော စစ်သားကောင်းတစ်ယောက်ဖြစ်သဖြင့် ကြီးလေးသော အပြစ်ဒဏ်များမှ ကင်းလွတ်ခဲ့လေသည်။ ဤသို့ဖြင့် မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်း ခံရလျက်နှင့်ပင် သူသည် နိုင်ငံရေးကို မစွန့်လွှတ်ခဲ့ချေ။


၁၉ဝ၄ ခုနှစ်တွင် စစ်ဗိုလ်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသော်လည်း ထိုအချိန်မှာပင် မွတ်စတာဖာမှာ တော်လှန်ရေး အသင်းတစ်ခုတွင် ပါဝင်မှုနှင့်ဖမ်းဆီးစစ်ဆေးခြင်းခံရပြီးနောက် ဒမက်စကပ်မြို့သို့ ပို့ထားခြင်း ခံရလေသည်။ ဒမက်စကပ်တွင်လည်း ၁၉ဝ၅ ခုနှစ်၌ လျှို့ဝှက်သော နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြန်သောကြောင့် ဂျက်ဖါးမြို့သို့ ပြောင်းရွှေ့ခြင်း ခံရပြန်သည်။ ဂျက်ဖါးမှနေ၍ သူ၏ဇာတိဖြစ်သော ဆယ်လိုနီးကားမြို့သို့ တိတ်တဆိတ် ထွက်ပြေးသွား၍ ဥရောပနယ်မြေဘက်တွင် လျှို့ဝှက်သော နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြန်သည်။ ဆယ်လိုနီးကားတွင် သူဖွဲ့စည်းခဲ့သောအသင်းသည် နောင်အခါတွင် စည်းလုံးတိုးတက်ရေး အသင်းကြီး နှင့်ပူးပေါင်း ဆက်သွယ်လေသည်။ ထိုအခါက ကွန်စတန်တီနိုပယ် အစိုးရက သူ့အား ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သော်လည်း၊ မွတ်စတာဖာမှာ လွတ်မြောက်ခဲ့ရုံမက၊ စစ်သားကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုထားခြင်း ခံရသူဖြစ်ရကား၊ ၁၉ဝ၇ ခုနှစ်တွင် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ရာထူးတိုးတက် ခန့်ထားသည့်ပြင် ဆယ်လိုနီးကားသို့ပင် ပြန်ပို့ခြင်း ခံရလေသည်။ သို့သော် မွတ်စတာဖာကား နိုင်ငံရေးနှင့် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ပင်ရှိ၏။

၁၉ဝ၈ ခုနှစ်တွင် စည်းလုံးတိုးတက်ရေးအသင်းကြီး၏ လှုံဆော်မှုဖြင့် တော်လှန်ရေးကြီး ဖြစ်ပွားသည်တွင် တော်လှန်သူတို့က အနိုင်ရလေရာ၊ စူလတန်ဘုရင်လည်း စည်းမျဉ်းအုပ်ချုပ်ရေးကို ခွင့်ပြုလိုက်ရလေသည်။ ထိုအခါ ၁၈၇၆ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့သည်တွင် တော်လှန်ရေးခေါင်းဆောင်များနှင့် မွတ်စတာဖာတို့ သဘောကွဲကြပြီးလျှင်၊ မွတ်စတာဖာသည် နိုင်ငံရေးမှ ခေတ္တအနားယူ၍ စစ်ဖက်တွင်သာ အားထုတ်၍ အလုပ်လုပ်ခဲ့လေသည်။ ၁၉၁၁ ခုနှစ်တွင် မထင်မရှားသော အသွင်ဖြင့် ထရစ်ပိုလီနယ်သို့ သွား၍ အီတာလျံတို့နှင့် တိုက်ရသော စစ်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ရာ ဗိုလ်မှူးအဆင့်အတန်း တိုးမြှင့်ခန့်ထားခြင်းခံရသည်။ ထရစ်ပိုလီမှ သူမပြန်နိုင်မီ ပထမဗေါ်လကန်စစ်ပွဲ ပြီးဆုံးသွားသော်လည်း၊ ဒုတိယ ဗေါ်လကန်စစ်ပွဲတွင် ဂလစ်ပိုလီကျွန်းဆွယ်သို့ စေလွှတ်ရန် ဖွဲ့စည်းသောတပ်ကြီးကို အုပ်ချုပ်၍ ထွက်ခဲ့ရလေသည်။ ထိုအခါက ဒါးဒနဲရေလက်ကြားကို ကာကွယ်ရေးအတွက် လက်တွေ့အစီအစဉ်များကို လေ့လာခဲ့လေသည်။ စစ်ပြီးသောအခါ မွတ်စတာဖာကီမားမှာ ဗိုလ်မှူးကြီးအဆင့်အတန်းဖြင့် စစ်ဖက်ဆိုင်ရာ တွဲဖက် သံအရာရှိအဖြစ်ဖြင့် ဆိုဖီးယားမြို့သို့ စေလွှတ်ခြင်း ခံရလေသည်။

၁၉၁၄ ခုနှစ်မှ စတင်ဖြစ်ပွားသော ပထမကမ္ဘာစစ်အတွင်း မွတ်စတာဖာကီမားသည် ဒါးဒနဲရေလက်ကြား ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် ကော်ကေးဆပ်နယ်တွင် တူရကီတပ်များကို အုပ်ချုပ်ရန် စေလွှတ်ခြင်း ခံရပြန်သည်။ ပါရှားဘွဲ့ထူးဖြင့်လည်း ချီးမြင့်ခြင်းခံရသည်။ ထိုအခါမှစ၍ မွတ်စတာဖာ ကီမား ပါရှားဟူ၍ တွင်လေသည်။

ကော်ကေးဆပ်နယ်တွင် ရုရှတို့တိုက်ခိုက်သိမ်းယူထားသော ဗစ်တလစ်နှင့် မုရှမြို့များကို ပြန်လည်တိုက်ခိုက်ယူခဲ့၏။ ၁၉၁၇ ခုနှစ်တွင် ဟယ်ဂျက်နယ်သို့ သွားရပြန်သည်။ ထိုအချိန်တွင် ဂျာမန်တို့သည် တူရကီပြည်တွင်းရေး များကိုပါ ဝင်ရောက်စွက်ဖက်လာခဲ့သောကြောင့်၊ ကီမားပါရှားသည် ထိုသို့ ဝင်ရောက်စွက်ဖက်မှုများကို ဦးဆောင်၍ အတိုက်အခံ ပြုခဲ့သည်။ သို့ရာတွင် ဂျာမန်ဩဇာခံဖြစ်နေသော စူလတန်ဘုရင်သည် သူ၏အစီရင်ခံစာများကို အရေးမယူဘဲထားသဖြင့် မွတ်စတာဖာလည်း ရာထူးမှ နုတ်ထွက်ခဲ့လေသည်။

၁၉၁၈ ခုနှစ်တွင် စူလတန်ဘုရင်က ပြန်လည်ခေါ်ယူသဖြင့် ပါလက်စတိုင်းရှိ တူရကီစစ်တပ်များကို အုပ်ချုပ်ခဲ့ရပြန်သည်။ သို့သော် တူရကီနိုင်ငံမှာ အတော်ပင် အခြေယိုင်နေပြီဖြစ်၍၊ ပြန်လည်အခြေခိုင်အောင် မဆောင်ရွက်နိုင်တော့ပေ။ ထိုနှစ် အောက်တိုဘာလတွင် စစ်ပြေငြိမ်းရန် အရေးဆိုရသောအခါ မွတ်စတာဖာသည် လုံးဝလက်နက်ချလိုက်ရန်ကို သဘောမတူခဲ့သဖြင့် စစ်ပြေငြိမ်းစာချုပ်လက်မှတ်ထိုးပြီးချိန်တွင် စစ်တပ်မှ အနားယူလေတော့သည်။

သို့သော် ၁၉၁၉ ခုနှစ်တွင် အန္နာတိုးလီးယားနယ်သို့ စစ်ပြေငြိမ်းစာချုပ်ပါ စည်းကမ်းချက်များအရ တူရကီစစ်တပ်များကို လက်နက်သိမ်းယူပြီးလျှင် ဖျက်သိမ်းရန် စေလွှတ်ခြင်းခံရလေသည်။ မွတ်စတာဖာကီမားမှာ တူရကီနိုင်ငံကို ခွဲစိတ်မည့် မဟာမိတ်တို့၏ အစီအစဉ်ကို တိုက်ဖျက်ပစ်ရန် ကြံစည်ထားသူ ဖြစ်ရကား၊ ထိုအရပ်တွင် လျှို့ဝှက်စွာ တူရကီ မျိုးချစ်အသင်းအဖွဲ့များ တည်ထောင်ကာ သူ၏အကြံ ထမြောက် အောင်မြင်စေရန် ကြိုးပမ်းခဲ့၏။

မွတ်စတာဖာကီးမား၏ လှုပ်ရှားမှုများကို စူလတန်ဘုရင့်အစိုးရ သိရှိသောအခါ၊ သူအား ကွန်စတန်တီနိုပယ်မြို့သို့ ပြန်ခေါခဲ့သော်လည်း မွတ်စတာဖာသည် မနာခံတော့ဘဲ အာဇရွမ်းမြို့သို့ ထွက်သွားလေသည်။

ထိုအခါ စူလတန်ဘုရင့်အစိုးရသည် မွတ်စတာဖာနှင့် သူ၏နောက်လိုက်များကို ချေမှုန်းရန် အားထုတ်လေသည်။ သို့ရာတွင် ဤသို့ အားထုတ်ခြင်းမှာ မွတ်စတာဖာအား အင်အား ဖြည့်လောင်းပေးလိုက်သည်နှင့်သာ တူလေသည်။ အဘယ်ကြောင့်ဆိုသော် စူလတန်ဘုရင်၏စစ်တပ်နှင့် အရာရှိအရာခံ အများအပြားမှာ မွတ်စတာဖာ၏ နောက်လိုက်များ ဖြစ်သွားကုန်ကြသောကြောင့်တည်း။ ဤသို့ဖြင့် တဖြည်းဖြည်း အင်အားတောင့်တင်းလာပြီးလျှင် မဟာမိတ်တပ်များ သိမ်းပိုက်ထားသော ကွန်စတန်တီနိုပယ်မြို့ရှိ တူရကီအစိုးရနှင့် အတိုက်အခံပြုလျက်၊ ယာယီအစိုးရအဖွဲ့ကို မွတ်စတာဖာကီမား ခေါင်းဆောင်ဖွဲ့စည်းခဲ့လေသည်။

ကွန်စတန်တီနိုပယ် ပါလီမန်မှ ထွက်ပြေး၍ မွတ်စတာဖာထံ ရောက်လာကြသော မျိုးချစ်အမတ်များသည် ၁၉၂ဝ ပြည့်နှစ် ဧပြီလ ၂၃ ရက်နေ့တွင် အန်ကာရာမြို့၌ စည်းဝေးကြပြီးနောက်၊ အမျိုးသားလွှတ်တော်သစ် တည်ထောင်၍ မွတ်စတာဖာကီမားအား အမျိုးသားလွှတ်တော်သစ်တွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်။

ထိုအခါမှစ၍ မွတ်စတာဖာသည် တူရကီနိုင်ငံအတွင်း အမျိုးသားတော်လှန်ရေးအတွက် မနေမနား ကြိုးစားဆောင်ရွက်ခဲ့လေသည်။ သူ၏စစ်ရေးစစ်ရာ ကျွမ်းကျင်မှု အမြော်အမြင်ကြီးမှုတို့ကြောင့် အောင်မြင်ခဲ့သည်သာ များလေသည်။

၁၉၂၁ ခုနှစ်တွင် ကျင်းပသော အန်ကာရာ အမျိုးသားလွှတ်တော်က သူ့အား တူရကီစစ်တပ်များအပေါ်တွင် စစ်သေနာပတိချုပ်အဖြစ်ခန့်အပ်သဖြင့် အန္နာတိုးလီးယားနယ်တခုလုံးလိုလိုကိုပင် ဝင်ရောက်သိမ်းပိုက်ထားသော ဂရိစစ်တပ်များကို တိုက်ခိုက်ခဲ့ရလေသည်။ ဆာကားရီးယားတိုက်ပွဲတွင် ၂၁ ရက်တိတိ နေ့ရောညပါ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ရာ ရန်သူတို့အပေါ် အောင်ပွဲရခဲ့လေသည်။ ထိုအခါတွင် မွတ်စတာဖာအား အမျိုးသားလွှတ်တော်က ဂါဇီ (အောင်ပွဲရသူ) ဘွဲ့ဖြင့် ခြီးမြှင့်ခဲ့၏။ တစ်နှစ်အတွင်း ဂရိတို့ကို တူရကီနယ်မြေမှ မောင်းနှင်ထုတ်နိုင်ခဲ့လေသည်။ မဟာမိတ်နိုင်ငံများနှင့် တူရကီနိုင်ငံတို့ လိုဇန်းမြို့တွင် ၁၉၂၂ ခုနှစ်၌ ချုပ်ဆိုခဲ့သော စစ်ပြေငြိမ်းစာချုပ်အရ တူရကီနိုင်ငံမှာ နိုင်ငံခြား စိုးမိုးချယ်လှယ်မှုမှ လွတ်ကင်းသွားပြီးလျှင် ကီမားမှာလည်း တူရကီတစ်နိုင်ငံလုံး၏ အရှင်သခင် ဖြစ်သွားလေတော့သည်။ သူသည် စူလတန်ဘုရင်ကို နန်းချ၍ တူရကီအမျိုးသားနိုင်ငံကို တည်ထောင်ခဲ့လေသည်။

၁၉၂၃ ခု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော အန်ကာရာ အမျိုးသားလွှတ်တော်က တူရကီနိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကျေညာပြီးလျှင် မွတ်စတာဖာကီးမားအား ပထမဆုံး သမ္မတအဖြစ် သဘောတူ တင်မြှောက်လိုက်ကြလေသည်။ မွတ်စတာဖာကီမားသည် တူရကီသမ္မတနိုင်ငံ၏ ပထမဆုံးသမ္မတ အဖြစ်ဖြင့်သာမဟုတ်ဘဲ နိုင်ငံသစ်တည်ထောင်သူ အဖြစ်ဖြင့်၎င်း၊ ပြုပြင်ရေးသမားကြီး အဖြစ်ဖြင့်၎င်း၊ ထင်ရှားခဲ့လေသည်။ သူ၏ လက်ထက်တွင် ခေတ်နောက်ကျလျက်ရှိသော စနစ်ဟောင်းဓလေ့ဟောင်း အားလုံးကို ပယ်ဖျက်၍၊ တိုးတက်ထွန်းကား လျက်ရှိသော နိုင်ငံကြီးများနည်းတူ ခေတ်မီစနစ်သစ် ထုံးစံသစ်များကို အသုံးပြုစေခဲ့လေသည်။ မွတ်စတာ ဖါကီမားသည် အာဏာရှင်သဖွယ် တူရကီနိုင်ငံကို အုပ်စိုးခဲ့ရာ၊ သူ၏အုပ်ချုပ်နည်းများမှာ တစ်ခါတစ်ရံ နိုင်ထက်စီးနင်း အကြမ်းဖက်သောနည်းများ ဖြစ်သော်လည်း၊ နိုင်ငံအတွက် အထူးလိုလားအပ်သော ပြုပြင်မှုများကို ထိုအကြမ်းနည်းဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့လေသည်။

သူ့လက်ထက်တွင် တူရကီအမျိုးသမီးများ ပိုမိုလွတ်လပ်ခွင့်ရလာကြသည်။ သူသည် ပညာရေးကို ပြုပြင် ပေးခဲ့လေသည်။ သူကိုယ်တိုင်လည်း အာရဗီဘာသာစကားဖြစ်သော မွတ်စတာဖာဟူသော အမည်နှင့် ပါရှားဟူသော ခေတ်ဟောင်း ဂုဏ်ထူးဘွဲ့ထူးများကို စွန့်ပယ်၍၊ တူရကီတို့၏ဖခင်ဟု အနက်ရသော 'အာတာတပ်' အမည်သစ်ကို ခံယူလေသည်။

သူ၏ဆောင်ရွက်ချက်များကြောင့် တူရကီနိုင်ငံမှာ နိုင်ငံတကာနှင့်ယှဉ်သာသော နိုင်ငံသစ်ကြီးတခုအဖြစ်သို့ နေ့ခြင်း ညခြင်း ရောက်ခဲ့လေသည်။ သူသည် အုပ်ချုပ်ရေးတွင် သာသနာရေးဆိုင်ရာတို့ ဝင်ရောက်စွက်ဖက်မှုများ လုံးဝ မရှိစေရန် တားမြစ်ပိတ်ပင်လိုက်လေသည်။

ကီမားအာတာတပ်သည် ၁၉၂၇ ခု နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၁၉၃၁ ခု မေလတွင်တကြိမ်၊ ၁၉၃၅ ခု မတ်လတွင် တစ်ကြိမ် သမ္မတအဖြစ် ဆက်ကာဆက်ကာ ရွေးကောက် တင်မြှောက်ခြင်း ခံရ၍၊ ပြည်သူတို့၏ ကြည်ညိုလေးစားမှုကို အသက်ထက်ဆုံး ရရှိသွားသူ ဖြစ်ပေသည်။ ဤသို့ တူရကီနိုင်ငံသစ်ကြီးကို တည်ထောင်ခဲ့သည့် ဗိသုကာကြီးဖြစ်သော တူရကီပြည်သူတို့၏ဖခင် ကီမားအာတာတပ်သည် စတုတ္ထအကြိမ် သမ္မတသက်တမ်းမကုန်မီ ၁၉၃၈ ခု နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ကွယ်လွန်အနိစ္စ ရောက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)