အန်ဒရေး ကီရီလင်ကာ

ဝီကီပီးဒီးယား မှ
အင်းဒရေးပက်ဗလိုဗစ်ချ ကီရီလင်ကာ

အန်ဒရေး ပါပလာဗစ်ချ် ကီရီလင်ကာသည် ဆိုဗီယက်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ အတွင်းရေးမှူးနှင့် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

၁၉ဝ၆ ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံအလယ်ပိုင်း ဗိုရိုနက်ဒေသ၌ မွေးဖွားသည်။ အင် ဒရေး ကီရီလင်ကာသည် ၁၉၂၅ ခုနှစ်တွင် ဖစ်တာတစ်ဦးအဖြစ် စတင်လုပ်ကိုင်သည်။ ဗော်လဂါမြစ်ကမ်းပေါ်ရှိ ရိဘမြို့ လေကြောင်းအတတ်သင်သိပ္ပံ ဘွဲ့ရခဲ့ပြီးနောက် ဒီဇိုင်းအင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့လေသည်။

အန်ဒရေးကီရီလင်ကာသည် ၁၉၃၁ ခုနှစ်တွင် ဆိုဗီယက် ကွန်မြူနစ်ပါတီဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စုဝင် ယူကရိန်း ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံတွင် အရေးကြီးသော ပါတီတာဝန်များကို ထမ်းဆောင်ခဲ့လေသည်။ ပါတီ၏ ဦးဆောင်မှုဖြင့် ဆိုဗီယက်ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွဲခဲ့ ကြသည့် မဟာမျိုးချစ်စစ်ပွဲကြီး အတွင်းတွင် ကီရီလင်ကာသည် တပ်နီတော်၌ တာဝန်ထမ်းဆောင်သည်။ ကနဦးတွင် တပ်မတော်စစ်ကောင်စီဝင် တစ်ဦးအဖြစ် တာဝန်ယူရပြီး၊ နောက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေး ကော်မတီ၏ မော်စကိုလေယာဉ် စက်ရုံတွင် တာဝန်ခံအဖြစ် ထမ်းဆောင် သည်။ စစ်ပြီးကာလတွင် အင်းဒရေးကီရီလင်ကာသည် ယူကရိန်း သမ္မတနိုင်ငံတဝန်း၌လည်းကောင်း၊ ဥရယ်ဒေသရှိ ဆဗားလော့ဗ်မြို့၌လည်းကောင်း ပါတီ၏အရေးကြီးသော တာဝန်များကို ထမ်းဆောင်ခဲ့လေသည်။

၁၉၅၉ ခုနှစ်တွင် အင်းဒရေးကီရီလင်ကာသည် ဆိုဗီယက် ကွန်မြူနစ်ပါတီတွင် ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်လာသည်။ ၁၉၅၇-၁၉၆၁ ခုနှစ်များအတွင်း ပေါ်လစ်ဗြူရို အရန်အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၉၆၂- ၁၉၆၆ တွင် ပေါ်လစ်ဗြူရို အဖွဲ့ဝင်အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံရ သည်။ ၁၉၆၆ ခုနှစ် ဧပြီလမှစ၍ ဆိုဗီယက်ကွန်မြူနစ်ပါတီ တွင် ပေါ်လစ်ဗြူရိုအဖွဲ့ဝင်အပြင် ပါတီဗဟိုကော်မတီ၏ အတွင်းရေးမှူးတစ်ဦး ဖြစ်လာသည်။

၁၉၇၁ ခုနှစ် ဧပြီလတွင် ကျင်းပသော ၂၄ ကြိမ်မြောက် ပါတီကွန်ဂရက်နှင့် ၁၉၇၅ ခုနှစ် ဧပြီလတွင် ကျင်းပသော ၂၅ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် အန်ဒရေးကီရီလင်ကာအား အထက် ဖော်ပြပါ တာဝန်များ၌ ဆက်လက်ထမ်းဆောင်ရန် ရွေးချယ်တင်မြှောက်သည်။ ဆိုဗီယက်ပြည်ထောင်စု၏ ဆိုရှယ်လစ်လုပ်သားသူရဲကောင်းဘွဲ့ ချီးမြှင့်ခြင်းလည်း ခံယူရရှိသည်။[၁]

အန်ဒရေး ကီရီလင်ကာသည် ၁၉၉၀ ခုနှစ် မေလ ၁၂ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)