ကိုကိုကြီး၊ တောင်တွင်းကြီး
| တောင်တွင်းကြီး ကိုကိုကြီး | |
| [[Image:|200px]] | |
| (၁၉၃၁-၁၉၈၁) | |
| မွေးသက္ကရာဇ် | ဖေဖော်ဝါရီ ၁၅၊ ၁၉၁၃ |
| အမည်ရင်း | ကိုကိုကြီး |
| မိဘအမည် | ဦးဘိုထိန်+ ဒေါ်စံရှင် |
| မွေးဖွားရာဒေသ | တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာ |
| နိုင်ငံသား | |
| လူမျိုး | မြန်မာ |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | ဒဿမတန်း |
| အလုပ်အကိုင် | ကျောင်းဆရာ၊ စာရေးဆရာ |
| ကြင်ဖော် | ဒေါ်ခင်ခင်ကြီး |
| သားသမီး | သားငါးယောက် |
| ထင်ပေါ်ကျော်ကြားမှု | |
| ထင်ရှားသည့်လက်ရာများ | |
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | ဘာသာပြန် အမျိုးသား စာပေဆု (၁၉၇၁) |
| ကွယ်လွန်ရက် | အောက်တိုဘာ ၂၅၊ ၁၉၈၁ (အသက် ၆၈) |
| ကွယ်လွန်ရာဒေသ | |
| လက်မှတ် | [[Image:|100px]] |
| ကွန်ယက် | |
တောင်တွင်းကြီး ကိုကိုကြီး (၁၉၃၁-၁၉၈၁) ကို ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာ၌ အဖ ဦးဘိုထိန်နှင့် အမိ ဒေါ်စံရှင်တို့က မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို သုံးဦးအနက် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်ကပင် မိဘများနှင့်အတူ တောင်တွင်းကြီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် တောင်တွင်းကြီး ကိုကိုကြီး ဟူသော ကလောင်အမည်ကို ယူခဲ့သည်။
ပညာရေးနှင့် ဆရာဘဝ
[ပြင်ဆင်ရန်]ဦးကိုကိုကြီးသည် မင်းဘူးမြို့ရှိ အစိုးရအထက်တန်းကျောင်း၌ ၁၉၃၁ ခုနှစ်အထိ ပညာသင်ကြားခဲ့ပြီး ဒဿမတန်း အောင်မြင်ခဲ့သည်။ ၁၉၃၃ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိ တောင်တွင်းကြီး ဆရာတော် အရှင်ဥက္ကဋ္ဌ ထူထောင်သော ဗုဒ္ဓသာသနာပြုကျောင်းတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဆရာဖြစ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သည်။
နိုင်ငံရေး လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၁၉၃၄ ခုနှစ်တွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်နေရင်း တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့နယ် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးနှင့် လက်ရုံးတပ်တာဝန်ခံ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ တို့ဗမာအစည်းအရုံးကြီး၏ ကြွေးကြော်သံဂျာနယ်၊ ဘာမားဂျာနယ်၊ တိုးတက်ရေးမဂ္ဂဇင်းတို့၌ ဘာသာပြန်၊ အတ္ထုပ္ပတ္တိနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။
စစ်အတွင်းနှင့် စစ်ပြီးခေတ် တာဝန်များ
[ပြင်ဆင်ရန်]၁၉၄၀-၄၁ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓဘာသာသာသနနုဂ္ဂဟ အမျိုးသားကျောင်း၌ ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး ဘီအိုင်အေ (BIA) ၌ တာဝန်ခံအဖြစ် တာဝန်ယူခဲ့ပြီး၊ ထို့နောက် မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ရှိ ဘီအိုင်အေ (BIA) အုပ်ချုပ်ရေးအဖွဲ့တွင် အာရှလူငယ်အစည်းအရုံး၌ တာဝန်ယူခဲ့သည်။ ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးသောအခါ မကွေးခရိုင်၊ ဖဆပလ ပြန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ထို့နောက် မကွေးခရိုင် အမှုထမ်းပေါင်းစုံစည်းရုံးရေး တာဝန်ခံအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပြည်သူ့ရဲဘော်ပါတီအဖြစ် တောခိုခဲ့သည်။
စာပေဘဝနှင့် ထင်ရှားသော လက်ရာများ
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ်တွင် စာပေဗိမာန်၌ စာပြုအဖြစ် အမှုထမ်းခဲ့သည်။ နိုင်ငံရေး၊ အဘိဓမ္မာ၊ သမိုင်း စသည့် စာအုပ်များနှင့် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်း ၄၀ ကျော်ကို ဘာသာပြန်ဆိုခဲ့သည်။ ကလေးများအတွက် ဆောင်းပါးပုံပြင်ပေါင်း ၂၀၀ ကျော်ကိုလည်း မန္တလေးလူထုသတင်းစာ၊ ဂျာနယ်နှင့် ရှုမဝရုပ်စုံမဂ္ဂဇင်းများ၌ ရေးသားခဲ့သည်။
ဦးကိုကိုကြီး (တောင်တွင်းကြီး) ကလောင်အမည်ဖြင့် ဘုံရိပ်သာ၊ ပုရစ်လူရည်ချွန်မှတ်တမ်း စသည်တို့ကို ဘာသာပြန်ခဲ့သည်။ ဘာသာပြန် လုံးချင်းစာအုပ်ပေါင်း ၂၅ အုပ်ခန့် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ နောက်ပိုင်းတွင် 'တောင်တွင်းကြီး ကိုကိုကြီး' ကလောင်အမည်ကို အတည်တကျ ယူခဲ့သည်။ ထို့နောက် ကိုယ်ပိုင်စာအုပ်တိုက်ဖွင့်၍ ဂန္ထဝင်မြောက်စာပေများ ရေးသားခဲ့ရာ 'ဂေါ်ကီ'၊ 'အမေ' စသည့် စာအုပ်များသည် အထူးထင်ရှားသည်။
ဆုများ
[ပြင်ဆင်ရန်]ရုရှားစာရေးဆရာကြီး ဂေါ်ကီ၏ "The Three" ဝတ္ထုကို 'သူတို့သုံးယောက်' အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ယင်းဝတ္ထုသည် ရုရှားကျောမွဲတို့၏ ဘဝသရုပ်ဖော်ဝတ္ထုဖြစ်သည်။ အဆိုပါစာအုပ်ဖြင့် ၁၉၇၁ ခုနှစ်အတွက် ဘာသာပြန် အမျိုးသားစာပေဆု ကို ရရှိခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကွယ်လွန်သည်။ ဦးကိုကိုကြီး ကွယ်လွန်သည့် အချိန်တွင် ဇနီး ခင်ခင်ကြီးနှင့် သားငါးယောက် ကျန်ရစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်မှ
- (က) မလိခ၊ မြန်မာစာပေအဘိဓာန် တွဲ (၃)၊ စာ-၆၂၊ ၆၃။
- (ခ) မြန်မာစွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၂)၊ စာ-၁၄၆။