ကိန်းပါပဝင်တော့မယ်

ဝီကီပီးဒီးယား မှ

ကိန်းပါပဝင်တော့မယ် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သတင်းစာအလို ရေးသားဖွဲ့ဆိုသော ဥရောပ ဘုရင်မကြီးအကြောင်းကို ဖွဲ့ဆိုထားသည်။

ကိန်းပါပဝင်တော့မယ်[ပြင်ဆင်ရန်]

မန်းကနက် တွင်ဖြင့်၊ နန်းဆက်နှစ်ကြိမ်မြင်လို့၊ အတင်းပင်ပယ်လှန်၍၊ မြန်မာနိုင်ငံ စိုးပိုင်သပေတဲ့၊ နံစနေ (ထီး) ပါပတို့မှာ၊ ကြီးဒုက္ခရောက်တော့မယ်။

ပမာမှီးရလျှင်ဖြင့်၊ ပြည်ကြီးရယ် ပဉ္စာက၊ ဝိဒေဟာ မဟော်ကိုစမ်းသည့်နှယ်၊ ဉာဏ်စွမ်းရည်မတူတန်သည့်၊ ပြည်ကြီးစံ ရွတ်ရှတ်မင်းတို့ကို၊ ခင်းစပြန်တယ်။

သို့ပါသော် ရန်ခံ၍၊ တနိုင်ငံရွတ်ရှတ်မင်းတို့က၊ သေနင်္ဂါ ဗျူဟာကျင်းပါလို့၊ ဘိလပ်ပိုင်နယ်ကိုထွင်းသည့်ပြင်၊ ပါလီမန်လွှတ်တော်နင်းမည်ဟု၊ သတင်းစာသည်လိုထွက်ပြန်တော့၊ စိတ်လက်တော် နေမကြည်၍၊ ဧကရီ မာန်မချခဲ့လျှင်၊ သည်နိုင်ငံအိန္ဒိယမှာတော့၊ ကိန်းပါပဝင်တော့မယ်၊ မှန်တကယ်မလွဲ။

သိုက်အထွက်မှာတော့၊ နတ်စက်ရောင်ဆရာတော်နှင့်၊ ပုဏ္ဏားကျော်ဇာဂရုတို့က၊ (၉) ခုဝသန်ကုန်ခဲ့လျှင်၊ ပြည်ဒဂုံဟံသထီးမှာလ၊ လောဟိတံချောင်းရေစီးလိမ့်မတဲ့၊ ရပ်ကြီးစံ ကညာခင်တို့၊ ဆန်ကာတင်ချစ်လင်နှင့်မကွဲရအောင်၊ ရတနာပလ္လင်ဓမ္မရာဇ်အရှင်မှာ မြဲကြတော့ကွယ်၊ ပွဲတွေ့ နှစ်ပဲ။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မန်းကနက် = မန္တလေးနေပြည်တော်။

၂။ နန်းဆက်နှစ်ကြိမ် = မင်းတုန်းမင်းနှင့် သီပေါမင်း။

၃။ နံစနေထီးပါပ = ပါပလူမျိုးဖြစ်သည့် စနေနံအင်္ဂလိပ်မင်း။

၄။ ဧကရီ = ဘိလပ်ခေါ် အင်္ဂလန်နိုင်ငံကို အစိုးရသည့် ဘုရင်မကြီး။

၅။ လောဟိတံ = သွေး။

၆။ ဓမ္မရာဇ် = တရားမင်း (ဝါ) မြတ်စွာဘုရား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။