ကာလိင်္ဂတိုင်း

ဝီကီပီးဒီးယား မှ

ဤကာလိင်္ဂတိုင်းကြီးမှာ ရှေးအခါ နိပါတ်တော်, ဇာတ်တော်များ၌ ထင်ပေါ် ကျော်ကြားသော တိုင်းကြီးတစ်တိုင်း ဖြစ်သည့်ပြင် ကျော်စောထင်ရှား ဘုန်းတန်ခိုးကြီးမားသော မင်းကြီးများလည်း အုပ်ချုပ်စိုးစံတော်မူဖူးကြ၍ ဇမ္ဗူဒီပ အိန္ဒိယရာဇဝင်တို့တွင်လည်း ထင်ရှား ကျော်ကြားလျက် ယခုလက်ထက် အခါသမယတိုင်အောင်ပင် အမည်နာမ တိမ်ကော ပပျောက်ခြင်း မရှိသေးသော တိုင်းနိုင်ငံကြီးတစ်ခု ဖြစ်၏။ [၁]

၎င်းတိုင်းကြီးမှာ အလယ်ပိုင်းဖြစ်သော ကာသိတိုင်းမှ ထောက်စာလျှင် အရှေ့ တောင်ဘက်ကျသော နိုင်ငံတစ်ခုဖြစ်၍ ယခု၌ရှိသော မြေပုံနှင့် အလွန်ရှေးကျသော မဟာ ဂေါဝိန္ဒသုတ်၌ ဟောကြားတော်မူသည့်အတိုင်း နယ်ပယ်တို့ကား အခါကာလ အလွန်ကွာ ခြားကြသဖြင့် အပိုင်းအခြားနယ်များ သတ်မှတ်ခြင်းတို့မှာ တူညီနိုင်ဖို့ မရှိသော်လည်း ယခုခေတ် လူတို့အားလျော်စွာ ပိုင်းခြားမှတ်သားနိုင်ဖို့ရန် ယခု အိန္ဒိယမြေပုံနှင့်ပြပါလျှင် မဟာနဒီမြစ်နှင့် ဂေါဒါဝရီမြစ် ၂-ခုတို့၏အတွင်း အရှေ့တောင်ဘက် နယ်စပ်ဖြစ်သည့် အပြင် အနောက်တောင်နယ်စပ်မှာလည်း ဂေါဒါဝရီမြစ်, ကဏှမြစ်တို့ကို ဖြတ်ကျော်လျက် တောင်ဘက်ကျွန်းဆွယ် ယခု ကိုမိုရင်အငူ ရှေးပဏ္ဍုတိုင်းနယ် အငူသို့ထိအောင် အိန္ဒိယ တောင်ပိုင်း နယ်ပယ်များဖြစ်သင့်ကုန်၏။ [၁]

ဒန္တပုရမြို့တော်[ပြင်ဆင်ရန်]

၎င်းမြို့တော်၏ အမည်ရင်းမှာ ဒန္တပုရဖြစ်သော်လည်း အလွန်ရှေးကျ၍ ကာလ ရှည်လျားလှသဖြင့် အမည်နာမ မပြောင်းလဲဘဲ သို့မဟုတ် မပျက်ပြားဘဲ မတည်နိုင်ကြောင်းမှာ မယုံမှားအပ်သည့်ပြင်၎င်း၏ တည်ရာဌာန အရပ်ဒေသ, နယ်ပယ်အပိုင်းအခြားတို့လည်း တစ်လက်ထက်မှတစ်လက်ထက် ရွေ့ရှားပြောင်းလဲတတ်ကြောင်းကား ထင်ရှားသောကြောင့် ရှေးအခါက ဖြစ်ခဲ့ကြသော တိုင်း, နယ်, မြို့တော်များ၏ အမည်နာမ ဝေဖန်ရန် ခဲယဉ်း၏။

မြို့ရွာဒေသတို့သည် အကြောင်းအားလျော်စွာ နေရာဌာနနှင့် အမည်နာမတို့ ရွေ့ ရှားပြောင်းလဲတတ်သဖြင့် ရှေးကသမုတ်ရင်း အမည်နာမအတိုင်း တည်နေရန် ခဲယဉ်းသော်လည်း ကျမ်းဂန်ရာဇဝင် အစဉ်အလာကို ထောက်ဆ ညှိနှိုင်းခြင်းအားဖြင့် သိရှိနိုင်ကြကုန်၏။ [၁]

၎င်းဒန္တပုရမြို့တော်ကား ကာရင်ဂျပတန် သို့မဟုတ် ကောရင်ဂျပတန်ခေါ်သော ကောရင်ဂျီလူမျိုးတို့၏ နေရာဖြစ်သော ကောရင်္ဂဆိပ်ကမ်းအနီး ဂင်္ဂါမြစ်ဝမှ မိုင်ပေါင်း-(၅၇၄)ငါးရာခုနစ်ဆယ့်လေးမိုင် ကွာဝေးသောအရပ်၌ ရှေးအခါက ဂရိတ်လူမျိုးများ မှတ်တမ်းအရ ဒန္တဂုဍသို့မဟုတ်ဒန္တဂူဠ-ဟု ရေးသားသော ယခုအခါ မြေပုံများမှာမူ ရာဇမေဏ္ဍရီ အမည်တွင်သောမြို့ ဖြစ်သင့်ကြောင်း အိန္ဒိယရှေးဟောင်း ပထဝီဝင်ဆရာများ နှင့် ရှေးဟောင်းရာဇဝင်ဆရာများ အညီအညွတ် မှတ်သားကြကုန်၏။ ၎င်းတို့၏အမှတ် အသားအတိုင်း ဒန္တဂူလ, ဒန္တပူရတို့မှာ အက္ခရာအားဖြင့် အနည်းငယ် ကွာခြားစေကာမူ ကာလရှည်လျား၍ ကွဲပြားသင့်သည်ကား အသင့်ယုတ္တိရှိနိုင်၍ ယခုမြေပုံအရ ရာဂျမေဏ္ဍရီ-ရာဇမေဏ္ဍရီအက္ခရာ, ပုဒ်, ပါဒ် မစပ်သဖြင့် မသင့်နိုင်-ဟု ထင်မှတ်စရာရှိသော်လည်း အုပ်ချုပ်စိုးစံသောမင်းအားလျော်စွာ အမည်နာမတို့ ပြောင်းလဲတတ်ကြသဖြင့် နေရာဌာန သာဖြစ်သင့်သည့် ယုတ္တိတန်သလောက် နှိုင်းဆခန့်မှန်း၍ ယူရပေမည်။ [၁]

၎င်းတို့နှင့်စပ်၍၎င်းနယ်ပယ်အတွင်းတွင် ပါဝင်ကြသော မြို့ ရွာ, ဒေသအရပ်ဌာန အဖြစ်အပျက် အတ္ထုပ္ပတ်များ ရေးသားသင့်သော်လည်း ယခုရေးဆဲဖြစ်သော ၇-တိုင်း, ၇-ဌာန အကြောင်းအရာများသည် နောင်ရေးလတ္တံ့ဖြစ်သော မြတ်စွာဘုရားအာဏာတော်မြတ် ပြန့်နှံ့ရာဌာန သောဠသခရိုင်, ဗုဒ္ဓနိုင်ငံတော်ကြီး၏ အခြေခံနိဒါန်းမျှသာ ဖြစ်၍ ရေးသင့်ရေးထိုက်သော နောက်ပိုင်းများ၌ ဖြစ်ခဲ့ဖူးသော အကြောင်းအရာ အတ္ထုပ္ပတ်များကို လည်းကောင်း, ရာဇဝင်မှတ်တမ်း တစ်ကျမ်းနှင့်တစ်ကျမ်း မတူညီကြသည်ကို လည်ကောင်း ထုတ်ဖော်ရေးသား ရှင်းလင်းဖြေကြားရပေလိမ့်မည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)