ကာမစ္ဆန္ဒနီဝရဏ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ကာမစ္ဆန္ဒနီဝရဏ[၁]ဆိုသည်မှာ ကုသိုလ်တရားများ ဖြစ်ပေါ်လာခြင်းမှ၎င်း၊ စိတ်၏တည်ကြည်မှုမှ၎င်း တားမြစ်ပိတ်ပင်တတ်သော ကာမဂုဏ်အာရုံတို့ကို တပ်မက်နှစ်သက်ခြင်း ဟူသော နီဝရဏတရားကို ဆိုလိုပါသည်။ ၎င်းသည် တရားအားထုတ်သူတို့အတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။
ကာမစ္ဆန္ဒနီဝရဏ၏ သဘောသဘာဝ
[ပြင်ဆင်ရန်]သံယုတ္တနိကာယ်၌ မြတ်စွာဘုရားသည် ကာမစ္ဆန္ဒနီဝရဏကို အောက်ပါပုံပြင်ဥပမာဖြင့် ရှင်းပြတော်မူသည်-
"အရောင်ဆိုးဆေးများဖြင့် ရောနှောထားသော ရေအိုးတစ်လုံးကို ကြည့်သောသူသည် မိမိမျက်နှာအရိပ်ကို ကောင်းစွာမမြင်နိုင်သကဲ့သို့၊ ထို့အတူ ကာမစ္ဆန္ဒ လွှမ်းမိုးနေသောစိတ်သည် ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒမှ လွတ်မြောက်ရာလမ်းကို ကောင်းစွာမမြင်နိုင်၊ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ နှစ်ဦးသားအကျိုးကို ကောင်းစွာမသိမြင်နိုင်၊ ရှေးက အလွတ်ကျက်မှတ်ထားသော စာများပင် သတိမရနိုင်၊ အလွတ်မကျက်မှတ်ရသေးသော စာများအတွက် ပြောဖွယ်ရာမရှိ။"
တရားအားထုတ်စ ယောဂီတစ်ဦး၏စိတ်သည် ကာမဂုဏ်အပျော်အပါးများနှင့် ကင်းကွာ၍နေလေ့မရှိသောကြောင့် ကာမစ္ဆန္ဒ၏ နှောင့်ယှက်မှုကို အလွန်ခံရတတ်သည်။ တရားမထိုင်မီက ရုပ်ရှင်၊ သီချင်း၊ အရသာရှိသောအစားအစာ စသည့် ကာမဂုဏ်အာရုံမျိုးစုံနှင့် အမြဲထိတွေ့ပျော်မွေ့ခဲ့သောစိတ်သည် ယခုအခါ ခြောက်သွေ့ငြီးငွေ့ဖွယ်ကောင်းသော ထွက်သက်ဝင်သက်ကမ္မဋ္ဌာန်းကို အာရုံပြုရသောအခါ ရေမှထုတ်၍ ကုန်းပေါ်တင်ထားသော ငါးကဲ့သို့ မြည်တမ်းတောင့်တလျက် ရှိတတ်သည်။ ထို့ကြောင့် အတိတ်က ခံစားခဲ့ဖူးသော သို့မဟုတ် အနာဂတ်၌ ခံစားရန်မျှော်လင့်သော ကာမဂုဏ်အာရုံများ၌သာ အချိန်ကုန်နေတတ်သည်။
ကာမစ္ဆန္ဒ ဖြစ်ပွားကြောင်း နှင့် ပယ်ဖျောက်ကြောင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်က ကာမစ္ဆန္ဒ ဖြစ်ပွားကြောင်းနှင့် ပယ်ဖျောက်ကြောင်းကို ဤသို့ ဟောတော်မူသည်-
"ရဟန်းတို့၊ မဖြစ်သေးသော ကာမစ္ဆန္ဒကို ဖြစ်စေတတ်သော၊ ဖြစ်ပြီးသော ကာမစ္ဆန္ဒကို အားကြီးစေတတ်သော အခြားတစ်ခုသောတရားကို ငါဘုရားမမြင်၊ သုဘနိမိတ် (တင့်တယ်သောအခြင်းအရာ) သာလျှင် ဖြစ်၏။ သုဘနိမိတ်ကို အယောနိသောမနသိကာရ (နှလုံးသွင်းမှား) ဖြင့် နှလုံးသွင်းသောသူအား ကာမစ္ဆန္ဒသည် ဖြစ်ပွား၍ တိုးပွားနိုင်၏။"
"ရဟန်းတို့၊ မဖြစ်သေးသော ကာမစ္ဆန္ဒကို မဖြစ်စေတတ်သော၊ ဖြစ်ပြီးသော ကာမစ္ဆန္ဒကို ပယ်စွန့်စေတတ်သော အခြားတစ်ခုသောတရားကို ငါဘုရားမမြင်၊ အသုဘနိမိတ် (မတင့်တယ်၊ စက်ဆုပ်ဖွယ်အခြင်းအရာ) သာလျှင် ဖြစ်၏။ အသုဘနိမိတ်ကို ယောနိသောမနသိကာရ (နှလုံးသွင်းမှန်) ဖြင့် နှလုံးသွင်းသောသူအား ကာမစ္ဆန္ဒသည် မဖြစ်ပွားဘဲ ပယ်စွန့်နိုင်၏။"
ဤ၌ နှလုံးသွင်းမှားခြင်း (အယောနိသောမနသိကာရ) ဆိုသည်မှာ မမြဲသောတရားကို မြဲသည်ဟု၊ ဆင်းရဲခြင်းကို ချမ်းသာဟု၊ အနတ္တကို အတ္တဟု၊ စက်ဆုပ်ဖွယ်ကို တင့်တယ်သည်ဟု အမှားထင်မြင်ခြင်းဖြစ်ပြီး၊ နှလုံးသွင်းမှန်ခြင်း (ယောနိသောမနသိကာရ) မှာ ယင်း၏ဆန့်ကျင်ဘက် ဖြစ်သည်။
ကာမစ္ဆန္ဒကို ပယ်ဖျောက်ရန် အထောက်အကူပြုသော နည်းလမ်း (၆) မျိုး
[ပြင်ဆင်ရန်]သတိပဋ္ဌာန်အဋ္ဌကထာ၌ ကာမစ္ဆန္ဒကို ပယ်ရှားရန် အောက်ပါအချက် (၆) ချက်ကို ညွှန်ပြထားပါသည်-
(က) နှင့် (ခ) အသုဘကမ္မဋ္ဌာန်းကို သင်ယူခြင်းနှင့် ပွားများခြင်း
- သမထနည်း: သက်ရှိခန္ဓာကိုယ်၏ ၃၂-ပါးသော အစိတ်အပိုင်းတို့၏ စက်ဆုပ်ဖွယ်ကို ရှုခြင်း (သဝိညာဏကအသုဘ) နှင့် သက်မဲ့အလောင်းကောင်၏ စက်ဆုပ်ဖွယ်ကို ရှုခြင်း (အဝိညာဏကအသုဘ) ဟူ၍ နှစ်မျိုးရှိသည်။ ဤသို့ရှုပွားခြင်းဖြင့် သက်ရှိ၊ သက်မဲ့တို့အပေါ် တပ်မက်မှုကို ပယ်ရှားနိုင်သည်။
- ဝိပဿနာနည်း: ပရမတ္ထရုပ်နာမ်တရားတို့ကို ပိုင်းခြားသိမြင်ပြီးနောက် ၎င်းတို့၏ စက်ဆုပ်ဖွယ်အရောင်၊ အသံ၊ အနံ့ စသည်တို့ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် တပ်မက်မှုကို ပယ်ရှားနိုင်သည်။
(ဂ) ဣန္ဒြေကို စောင့်စည်းခြင်း
ဣန္ဒြေခြောက်ပါး (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ကို မစောင့်စည်းပါက လောဘ၊ ဒေါသ စသည့် အကုသိုလ်တရားများ ဝင်ရောက်လာနိုင်သည်။ အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်က ဥဒေနမင်းကြီးအား ဣန္ဒြေစောင့်စည်းနည်း (၃) ဆင့်ကို ရှင်းပြခဲ့သည်-
၁။ မိခင်အရွယ်ကို မိခင်၊ နှမအရွယ်ကို နှမ၊ သမီးအရွယ်ကို သမီးကဲ့သို့ သဘောထားခြင်း။
၂။ ထိုသို့ သဘောထား၍မရပါက ခန္ဓာကိုယ်၏ ၃၂-ပါးသော စက်ဆုပ်ဖွယ်ရာများကို ဆင်ခြင်ခြင်း။
၃။ ထိုသို့ဆင်ခြင်၍မရပါက အာရုံတစ်ခုကိုမြင်လျှင် အလုံးစုံသောအခြင်းအရာကို၎င်း၊ အသေးစိတ်အခြင်းအရာကို၎င်း မမှတ်ယူဘဲ ဣန္ဒြေကို ထိန်းချုပ်စောင့်စည်းခြင်း (ဣန္ဒြိယသံဝရ)။
မြတ်စွာဘုရားသည် စွန်ရဲနှင့် ငုံးငှက် ပုံပြင်ဥပမာ ဖြင့်လည်း ဣန္ဒြေစောင့်စည်းခြင်း၏ အရေးကြီးပုံကို ဟောကြားခဲ့သည်။ ထိုပုံပြင်၌ ငုံးငှက်၏ ဘေးကင်းရာကိုယ်ပိုင်ကျက်စားရာအရပ်မှာ သတိပဋ္ဌာန်တရားလေးပါး ဖြစ်ပြီး၊ အခြားသူ၏ ကျက်စားရာအရပ်မှာ ကာမဂုဏ်အာရုံငါးပါး ဖြစ်သည်။ မိမိ၏ကမ္မဋ္ဌာန်းတည်းဟူသော ကျက်စားရာမှ ထွက်သွားလျှင် မာရ်နတ်၏အလိုသို့ လိုက်ပါရတတ်သည်။
(ဃ) အစားအသောက်၌ တင့်ရုံမျှသာ မှီဝဲခြင်း
အစားအသောက်ကို ပျော်ရွှင်ရန်၊ မာန်တက်ရန်၊ အလှဆင်ရန်အတွက် မဟုတ်ဘဲ၊ ဤခန္ဓာကိုယ်တည်တံ့ရေး၊ အသက်ရှည်ရေးနှင့် မြတ်သောအကျင့်ကို ကျင့်နိုင်ရန်အတွက်သာဖြစ်သည်ဟု သတိတရားဖြင့် ဆင်ခြင်သုံးဆောင်ရမည်။
(င) မိတ်ကောင်းဆွေကောင်း ရှိခြင်း
အရှင်အာနန္ဒာက "မြတ်သောအကျင့်၏ တစ်ဝက်သည် မိတ်ကောင်းဆွေကောင်းရှိခြင်း ဖြစ်သည်" ဟု လျှောက်ထားရာ မြတ်စွာဘုရားက "အာနန္ဒာ၊ ထိုသို့မဆိုလင့်။ မြတ်သောအကျင့်၏ တစ်ခုလုံး ပင်ဖြစ်သည်" ဟု ပြင်ဆင်မိန့်ကြားခဲ့သည်။ မိတ်ကောင်းဆွေကောင်းရှိသော ရဟန်းသည် မဂ္ဂင်ရှစ်ပါးကို ပွားများနိုင်ပြီး၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ကြောင်း ဟောကြားခဲ့သည်။
(စ) သင့်လျော်သော စကားကို ပြောဆိုခြင်း (သပ္ပါယကထာ)
မင်း၊ ခိုးသူ၊ စစ်တိုက်ခြင်း၊ စားသောက်ခြင်း စသည့် လောကီရေးရာ အကျိုးမရှိသောစကားများကို ရှောင်ကြဉ်ပြီး၊ အလိုနည်းခြင်း၊ တင်းတိမ်ရောင့်ရဲခြင်း၊ ဆိတ်ငြိမ်ခြင်း၊ ဝီရိယ၊ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ စသည့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်သော စကားများကိုသာ ပြောဆိုရန် မြတ်စွာဘုရားက ညွှန်ကြားခဲ့သည်။
အခြားသော အထောက်အကူပြုနည်းလမ်းများ
[ပြင်ဆင်ရန်]- သတိပဋ္ဌာန်ကို အမြဲပွားများခြင်း: သုန္ဒရီမိဖုရား နှင့် ဆီပြည့်သပိတ် ဥပမာ ၌ မြတ်စွာဘုရားသည် သတိတရား၏ အရေးကြီးပုံကို ညွှန်ပြခဲ့သည်။ မိမိနောက်မှ ဓားကိုင်လိုက်နေသောသူ ရှိနေသဖြင့် ဆီသပိတ်ကို မဖိတ်စဉ်အောင် သတိကြီးစွာထားရသောသူသည် လှပတင့်တယ်သော မိဖုရားကိုပင် အာရုံမစိုက်နိုင်သကဲ့သို့၊ ယောဂီသည်လည်း အမြဲသတိကပ်နေပါက ကာမစ္ဆန္ဒကို ပယ်ရှားနိုင်သည်။
- မပြတ်အားထုတ်ခြင်း: ရေနွေးအိုး ဥပမာ ၌ ရေနွေးအိုးကို မီးပေးလိုက်၊ ရပ်လိုက် ပြုလုပ်နေပါက ရာသက်ပန် မဆူနိုင်သကဲ့သို့၊ တရားအားထုတ်ရာတွင်လည်း လေးလေးနက်နက် အားထုတ်မှသာ တရားထူးရနိုင်မည်ဖြစ်သည်။
- သတိဖြင့်နေထိုင်ခြင်း: စိတ်အစဉ်၌ အကုသိုလ်ဖြစ်နေစဉ် သေဆုံးသွားပါက အပါယ်ဘုံသို့ ကျရောက်နိုင်ကြောင်း မြတ်စွာဘုရားက သတိပေးခဲ့သည်။ ထို့ကြောင့် နေ့စဉ်ဘဝ၏ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ်တိုင်း၌ မိမိ၏ ကမ္မဋ္ဌာန်းအာရုံကို မပြတ်သတိရနေရန် အရေးကြီးလှသည်။[၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကာမစ္ဆန္ဒနီဝရဏ (န) [ကာမစ္ဆန္ဒ + နီဝရဏ] (ကုသိုလ်တရားတို့ကို~ ကုသိုလ်ဖြစ်ခြင်းမှစိတ် ကို-)တားမြစ် ပိတ်ပင်တတ်သော ကာမစ္ဆန္ဒ၊ ကာမစ္ဆန္ဒနီဝရဏတရား။ တတ္ထ ကတမံ ကာမစ္ဆန္ဒနီဝရဏံ။ အဘိ၊ဓ၊၂၃၂။ (သံ-၃၊ ၅၆။ မဟာနိ၊၁၀။) ကုသလဓမ္မေ ... နီဝရတီတိ နီဝရဏံ၊ ကာမစ္ဆန္ဒော ဧဝ နီဝရဏံ ကာမစ္ဆန္ဒနီဝရဏံ။ မဟာနိ၊ဋ္ဌ၊၅၂။ ကာမစ္ဆန္ဒော ဧဝ ကုသလပဝတ္တိတော စိတ္တဿ နီဝရဏဋ္ဌေန ကာမစ္ဆန္ဒနီဝရဏံ။ အံ၊ဋီ၊၁၊၇၃။ (ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။ မူလဋီ၊၁၊၁၇၃။)
- ↑ How to Overcome the Five Hindrances - ဖားအောက်တောရဆရာတော်