ကာ

ဝီကီပီးဒီးယား မှ

ကာ တို့သည် ရှေးမြန်မာတို့၏ စစ်လက်နက် ကရိယာများ ဖြစ်လေသည်။

ကာကို မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း စတုတ္ထပိုင်း၊ ၇၉ တွင် အောက်ပါအတိုင်း ရေးထားသည်။ 'ကာမှူးဟူသည်ကား ကာလက်နက်ကိုကိုင်ရသော အမှုထမ်း အစုသားတို့၏ အကြီးအကဲကို ဆိုလိုသည်။ ကာ လက်နက်ဆို သည်ကား သားရေကို အချင်းနှစ်မိုက်ရှိအောင် ဝိုင်းဝိုင်းခုံးခုံး လုပ်၍ သစ္စေးသားရိုး ကိုင်ပြီးလျှင် အနီနှစ်စု၊ ရွှေတစ်စု ခြယ် ထားသော လက်နက်ကိုဆိုလိုသည်။ ထိုလက်နက်မှာလည်း မြား နှင့်ခဲလုံး လှံလျင်များကို ကာကွယ်ရန် အသုံးပြုသည်။ ကာကို သိုင်းကသကဲ့သို့ က၍ခုခံသော အတတ်တစ်မျိုးရှိသည်။ ထို အတတ်မျိုးကို ရှေးအခါက ရှင်ဘုရင်များသည် ကိုယ်တိုင်တတ် သည်။ ကာချင်းဟူ၍ သီးခြားရှိသည်။

သို့ရာတွင် ဆရာယုဒသန်နှင့် ဒေါက်တာဦးလင်းတို့ကမူ ကာဆိုသည်မှာ ဒိုင်းလွှား စသည်တို့ကိုခြုံ၍ ခေါ်သောအမည်၊ ပုံသဏ္ဌာန် အသီးအခြားမရှိဟု ဆိုလေသည်။ ထို့ပြင် ကျောက် တော်ကြီး ထွက်တော်မူခန်း ပုရပိုက်တွင် လေးထောင့်ပုံနှင့် သက္ကဒါန်ပုံနှစ်မျိုးကို ရွှေလွှား၊ ရွှေကာဟု ကမ္ပည်းထိုးထား လျက်ရှိ၏။

ကာဟူသည်မှာ လှံဖြင့်ထိုးလျှင်လည်း ကာဖြင့်ခံရသည်။ လှံတွင်မျှမက မြားဖြင့်ပစ်လျှင်လည်း ကာဖြင့်ခံရသည်။ ခဲလုံး ဖြင့် ပေါက်လျှင်လည်း ကာဖြင့်ခံရသည်။ ဓားဖြင့် ခုတ်လျှင် လည်း ကာဖြင့်ခံရသည်။ ဤသို့ ထိုးပစ်ခုတ်ထစ်သော လက်နက်တို့ဘေးမှ ကာကွယ်ရသဖြင့်လည်း ထိုပစ္စည်းကို ကာ ဟူ၍ခေါ်ခဲ့ကြဟန် တူလေသည်။

ကာအတတ်ကား ယောက်ျားကောင်းတို့၏ အတတ်ဖြစ် သည်။ မင်းညီမင်းသားဟူက ကာအတတ်ကို သင်ကြား တတ်မြောက်ကြသည်။ တောင်သူလယ်သမား ဆင်းရဲသား တို့သည်လည်း လွှား၊ ကာ အတတ်ကို ကျွမ်းကျင်လိမ်မာစွာ တတ်မြောက်ပါမူ၊ တော်ကောက်ခံရပေသည်။ ကြီးပွားထွန်းကား နိုင်ပေသည်။ ပထမ မင်းခေါင်ကြီးသည် မင်းအဖြစ်သို့ ရောက် သောအခါ လွှား ကာ တတ်သူတို့ကို ရွေးကောက်၍၊ သား တော် ပြည်စားသီဟသူကို ပေးတော်မူလေ့ရှိကြောင်းနှင့် မဏိ ရတနာပုံကျမ်းတွင် တွေ့ရလေသည်။


ဒုတိယ မင်းခေါင်လက်တက်သို့ ရောက်သောအခါ၊ သျှင်မဟာရဋ္ဌသာရသည်လည်း မင်းညီမင်းသား ယောက်ျား ပီသသူများ လွှား၊ ကာ အတတ် တတ်ကြရပုံကို ကိုးခန်းပျို့ တွင်၎င်း၊ သံဝရပျို့တွင်၎င်း၊ တံတားဦးတည် မော်ကွန်းတွင် ၎င်း၊ ဖွဲ့ဆိုတော်မူခဲ့ပေသည်။

လွှား၊ ကာ အတတ်ကို ရှေးအခါက များစွာ အရေးပေးခဲ့ လေသည်။ လွှား၊ ကာ အတတ်ကို ကောင်းစွာတတ်ကျွမ်း၍၊ လွှားရေး၊ ကာရေး အပြကောင်းသူတို့ကို လူအများက ဝိုင်းဝန်း အားကျကြသည်။ ခြီးမွမ်းမြှောက်စားကြသည်။ ရိုသေကြောက်ရွံ့ ကြသည်။ သရက်မင်းဆက်တွင် ဆင်ဖြူရှင် သီဟသူသည် ကာက အလွန်ကောင်းသည်ဟု ကျော်စောလေသည်။

ဒိုင်း၊ လွှား၊ ကာတို့မှာ တဘက်ရန်သူ၏ ဓားချက် လှံချက် မြားချက်တို့ကို ကာကွယ်ရုံအတွက်သာမက စစ်ပွဲ၌ စစ်ဆင်များ ကို ခြောက်လှန့်ရန်အတွက်လည်း အသုံးပြုသေးသည်။ ယင်း ကြောင့်လည်း ဒိုင်း၊ လွှား၊ ကာစွဲ သူရဲတို့သည် ဆင်တော်၏ ဝဲယာ ရှေ့နောက်မှ ခြံရံ၍ လိုက်ပါကြရခြင်းဖြစ်သည်။ ယင်း ဒိုင်း၊ လွှား၊ ကာတို့ကိုလည်း ဝင်းတော် လေးမျက်နှာသားတို့ သာ အမြဲတမ်း ကိုင်ဆောင်ကြသည်ကို ရာဇဝင်များ၌ တွေ့ရ ပြီးလျှင်၊ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့လက်ထက် စစ်ပွဲကြီး များတွင် များစွာထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ရှိရပေသည်။

ကုန်းဘောင်ခေတ်တွင်ကား ဘုရင့်နောင်တို့ခေတ်မှာလောက် စစ်ဘက်အသုံးတွင် များများစားစား မတွေ့ရတော့ဘဲ မင်းခမ်း မင်းနားများတွင်သာ ဒိုင်း၊ လွှား၊ ကာကိုင်တို့ကို စီစဉ်နေရာချ ထားပေတော့သည်။

ဒိုင်း၊ လွှား၊ ကာတို့ကို သားရေဖြင့် ပြုလုပ်သောကြောင့်၊ အစာငတ်မွတ်သောအခါ၊ ချက်ပြုတ်စားကြရသည်ကိုလည်း မဏိရတနာပုံကျမ်းတွင် 'ဘုရင်မင်းခေါင် သားတော်မင်းရဲ ကျော်စွာ မြို့ကိုဝန်းရံသောကြောင့် ငတ်မွတ်လှသဖြင့် ကာ လွှား မောက်တို့တို့ကို ချက်ပြုတ်၍ စားရချေသည်။'ဟူ၍ တွေ့ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)