ကလူမင်္ဂလာပွဲတော်

ဝီကီပီးဒီးယား မှ
ကလူမင်္ဂလာပွဲတော်အခါ၌ ကယားအမျိုးသားများ ပျော်ရွှင်စွာ တီးမှုတ်ကခုန်နေကြစဉ်

ကလူမင်္ဂလာပွဲတော်[ပြင်ဆင်ရန်]

ကလူမင်္ဂလာပွဲတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသားဖြစ်သော ကယား အမျိုးသား တို့၏ ပွဲတော်တစ်ရပ်ဖြစ်သည်။ ကယားဘာသာစကားဖြင့် ခေါ်ဆိုခြင်းဖြစ်၍၊ မြန်မာ ဘာသာစကားဖြင့် ဖားစည် ပွဲတော် ဟု အဓိပ္ပာယ်ရှိသည်။ ကယားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ထုံးစံအတိုင်း၊ နှစ်ဟောင်းကြွေ၍ နှစ်သစ်ကူးပြောင်း ပြီးသည့် အခါသမယ မိုးဦးမကျမီ အချိန်ကာလတွင်၊ အိမ်သစ်များ ဆောက်လုပ်ပြီးစီးသောအခါ၌ အိမ်သစ်တက်အခမ်းအနားကို နှစ်စဉ်မင်္ဂလာယူ၍ ကျင်းပလေ့ရှိသည်။

မင်္ဂလာအခါတွင် တီးမှုတ်ရသော တူရိယာများအနက် ဖားစည်သည် ကျက်သရေမင်္ဂလာအရှိဆုံးဟူ၍ မှတ်ယူထားကြ ပေရာ၊ ထိုအိမ်သစ်တက် အခမ်းအနားတွင် ဖားစည်ကို တီးခတ် သဖြင့် ဖားစည်ပွဲဟုခေါ်သည်။ ဖားစည်ကို ကယား အမျိုးသား တို့ အထွက်အမြတ်ပြုကြသည်။ အမင်္ဂလာကိစ္စများတွင် မတီး ခတ်ကြချေ။

ရှေးအခါက ကလူမင်္ဂလာပွဲတော် ကျင်းပသောရက်ကို ကန့်သတ်ပြဋ္ဌာန်းထားခြင်း မရှိသဖြင့်၊ ကယားပြည်နယ်ရှိ နယ်အသီးသီးတွင် ပွဲတော်ကျင်းပသည့်ရက်မှာ တစ်နယ်နှင့် တစ်နယ် မတူညီကြပေ။

ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်တွင်၊ လွတ်လပ်သော ကယားပြည်နယ်သည် မြန်မာနိုင်ငံတော်နှင့် ပူးပေါင်းပြီးနောက်၊ ၁၉၅၁ ခု ဖေဖော် ဝါရီလ ၂၂ ရက်နေ့ လွယ်ကော်မြို့၌ ကျင်းပသော အစည်း အဝေးကြီးတွင်၊ ကလူမင်္ဂလာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဧပြီလ ၂၆ ရက်နေ့၌ ကျင်းပရန် အများသဘောတူ ဆုံးဖြတ်သတ်မှတ် လိုက်သည်။

၁၉၅၁ ခုဧပြီလ ၂၆ ရက်နေ့မှစ၍ ကလူမင်္ဂလာပွဲတော်ကို လွယ်ကော်မြို့တွင် စတင်ကျင်းပရာ၊ ကန္တာရဝတီ၊ ဘောလခဲ၊ ကြယ်ဖိုးကြီး၊ မိုးဗြဲနှင့် ပဒေါင်းကိုးရွာ၊ ယာဒိုနယ်များမှ လူမျိုးစုံနှင့်ပြည်ထောင်စု တစ်ဝှန်းလုံးမှ တိုင်းရင်းသား ပေါင်းစုံ တို့ တက်ရောက်ကြ၍၊ နှစ်ပေါင်း ၆ဝ အတွင်း အစည်ကားဆုံး ပွဲတော်ဖြစ်ခဲ့သည်။

ကလူမင်္ဂလာပွဲတော်တွင် လူထုအစည်းအဝေး ကျင်းပခြင်း၊ တူရိယာများ တီးမှုတ်၍ ကခုန်ပျော်ရွှင်ခြင်း၊ အလှူအတန်း ဝတ်မှုပြုခြင်း၊ ဒေသန္တရ သယံဇာတနှင့်ထွက်ကုန်များ ခင်းကျင်းပြသခြင်း၊ ရက်ကန်းနှင့် အိမ်တွင်းလက်မှု ပညာ ပြိုင်ပွဲများ ကျင်းပခြင်း စသည်တို့ကိုလည်း စည်ကားစွာ ဆင်ယင်ကျင်းပကြသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)