မာတိကာသို့ ခုန်သွားရန်

ကရုဏာဘာဝနာ

ဝီကီပီးဒီးယား မှ

ကရုဏာဘာဝနာသည် ဗုဒ္ဓဘာသာတရားတော်အရ သတ္တဝါများကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုသော စေတနာဖြင့် ပွားများအားထုတ်ရာ ကမ္မဋ္ဌာန်းတစ်မျိုးဖြစ်သည်။ ၎င်းသည် ဗြဟ္မဝိဟာရတရား (မေတ္တာကရုဏာမုဒိတာဥပေက္ခာ) အနက် ဒုတိယတရားဖြစ်ပြီး၊ မေတ္တာဘာဝနာကဲ့သို့ပင် ကရုဏာဘာဝနာကို ပွားများရာတွင် မည်သည့်ပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ ပွားများရမည်၊ မည်သည့်ပုဂ္ဂိုလ်တို့၌ ဆက်လက်ပွားများရမည်ကို သိရှိထားရန် လိုအပ်သည်။

မေတ္တာဘာဝနာသည် သတ္တဝါများအတွက် ဘေးရန်ကင်းခြင်း၊ စိတ်ဆင်းရဲကင်းခြင်း၊ ကိုယ်ဆင်းရဲကင်းခြင်း၊ ချမ်းသာခြင်းဟူသော (၄) ချက်ဖြင့် ပွားများသော်လည်း၊ ကရုဏာဘာဝနာသည် “ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေ” ဟု ပွားများသည်။

ကရုဏာဘာဝနာ ပွားများနည်း

[ပြင်ဆင်ရန်]

ကရုဏာဘာဝနာကို အောင်မြင်စွာ ပွားများရန် အောက်ပါအဆင့်များဖြင့် အားထုတ်ရသည်-

၁။ ရှေးဦးစွာ အာရုံပြုရမည့် ပုဂ္ဂိုလ်
  • အသင်သူတော်ကောင်းသည် ရှေးဦးစွာ မိမိနှင့် နီးစပ်ရာ၊ လိင်တူ၊ အသက်ရှင်ဆဲဖြစ်ပြီး ဒုက္ခိတသတ္တဝါတစ်ဦးကို ရွေးချယ်ပါ။
  • ထိုသတ္တဝါ၏ ဆင်းရဲဒုက္ခများကို ဉာဏ်ဖြင့် ဆင်ခြင်ကြည့်ရှုပြီး “ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခခံစားနေရသည်မှာ မည်မျှ သနားစရာကောင်းလှသနည်း” ဟူသော ကရုဏာစိတ်ကို ဖြစ်ပေါ်စေပါ။
၂။ သမာဓိထူထောင်ခြင်း
  • ဩဒါတကသိုဏ်း (အဖြူရောင်ကသိုဏ်း) သို့မဟုတ် အာလောကကသိုဏ်း (အလင်းရောင်ကသိုဏ်း) ကို အာရုံပြု၍ စတုတ္ထဈာန်သမာဓိကို ဝင်စားပါ။
  • လင်းရောင်ခြည်စွမ်းအင်များ တောက်ပအားကောင်းလာသောအခါ၊ ထိုဒုက္ခိတသတ္တဝါကို လင်းရောင်ခြည်စွမ်းအင်ဖြင့် မြင်အောင် ကြည့်ရှုပါ။
၃။ မေတ္တာဈာန်မှ ကရုဏာဘာဝနာသို့ ကူးပြောင်းခြင်း
  • ထိုဒုက္ခိတသတ္တဝါကို အာရုံပြု၍ မေတ္တာဈာန်ကို ဝင်စားပါ။
  • မေတ္တာဈာန်မှ ထ၍ ထိုဒုက္ခိတသတ္တဝါကိုပင် အာရုံပြု၍ “အယံ သပ္ပုရိသော ဒုက္ခာ မုစ္စတု (ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခမှ လွတ်ပါစေ)” ဟူ၍ ကြိမ်ဖန်များစွာ ကရုဏာဘာဝနာကို ပွားများပါ။
  • ဈာန်အင်္ဂါငါးပါး (ဝသီဘော) နိုင်နင်းပြီး တတိယဈာန်သို့ ဆိုက်သည်အထိ အားထုတ်ပါ။
၄။ ပုဂ္ဂိုလ်အစဉ်အလိုက် ပွားများခြင်း
  • မေတ္တာကမ္မဋ္ဌာန်း၌ ဖော်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ် (ချစ်ခင်လေးစားအပ်သောပုဂ္ဂိုလ်)၊ မဇ္ဈတ္တပုဂ္ဂိုလ် (မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်)၊ ဝေရီပုဂ္ဂိုလ် (ရန်သူပုဂ္ဂိုလ်) ဟူသော ပုဂ္ဂိုလ်များကို အစဉ်အတိုင်း အာရုံပြု၍ ကရုဏာဘာဝနာကို တတိယဈာန်သို့ ဆိုက်သည်အထိ ပွားများပါ။
  • ဥပမာ- “ဤပိယပုဂ္ဂိုလ် ဆင်းရဲဒုက္ခမှ လွတ်ပါစေ၊ ဤမဇ္ဈတ္တပုဂ္ဂိုလ် ဆင်းရဲဒုက္ခမှ လွတ်ပါစေ၊ ဤဝေရီပုဂ္ဂိုလ် ဆင်းရဲဒုက္ခမှ လွတ်ပါစေ” စသည်ဖြင့် အာရုံပြောင်းလဲ၍ ပွားပါ။
၅။ သုခိတသတ္တဝါတို့၌ ကရုဏာပွားနည်း
  • ပုထုဇန်သတ္တဝါများသည် အပါယ်ဘေးဆိုးကြီး၊ အိုဘေး၊ နာဘေး၊ သေဘေးမှ မလွတ်မြောက်သမျှ သနားစရာပင်ဖြစ်သည်။ သံသရာအဆက်ဆက် ဒုစရိုက်များကြောင့် အပါယ်ဝဋ်ဆင်းရဲကို ခံစားနေရသည်ကို ဆင်ခြင်၍ “ဤသုခိတသတ္တဝါများပင်လျှင် အနာဂတ်၌ ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်သဖြင့် သနားစရာပင်” ဟူသော ကရုဏာစိတ်ကို ဖြစ်ပေါ်စေ၍ ပွားများနိုင်သည်။
၆။ သီမာသမ္ဘေဒ ဖြိုခြင်း
  • မေတ္တာကမ္မဋ္ဌာန်း၌ ဖော်ပြခဲ့သည့်အတိုင်း အတ္တ (မိမိကိုယ်တိုင်)၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ကရုဏာစိတ် တန်းတူညီမျှသွားအောင် အကြိမ်များစွာ ပွားများပါ။
  • ပုဂ္ဂိုလ်အပိုင်းအခြား ကင်းစင်သွားပြီး သီမာသမ္ဘေဒဖြစ်သောအခါ၊ ထိုသတ္တဝါများ၏ ပညတ်နိမိတ်ကို မှီဝဲ၍ ပထမဈာန်ဒုတိယဈာန်၊ တတိယဈာန်သို့ ဆိုက်အောင် ကရုဏာအပ္ပနာဈာန်ကို တိုးပွားအောင် အားထုတ်ပါ။

ကရုဏာဖြန့်ကြက်ခြင်း

[ပြင်ဆင်ရန်]

သီမာသမ္ဘေဒရရှိပြီးနောက်၊ မေတ္တာကမ္မဋ္ဌာန်း၌ ဖော်ပြခဲ့သည့်နည်းအတိုင်း ကရုဏာကို အောက်ပါအတိုင်း ဖြန့်ကြက်ပွားများနိုင်သည်-

၁။ အနောဓိသောဖရဏာ ကရုဏာ (အကန့်အသတ်မရှိ ဖြန့်ကြက်ခြင်း - ၅ မျိုး)
  • “သဗ္ဗေ သတ္တာ (သတ္တဝါအားလုံး)၊ သဗ္ဗေ ပါဏာ (အသက်ရှူသတ္တဝါအားလုံး)၊ သဗ္ဗေ ဘူတာ (ကံကြောင့်ဖြစ်သော သတ္တဝါအားလုံး)၊ သဗ္ဗေ ပုဂ္ဂလာ (ပုဂ္ဂိုလ်အားလုံး)၊ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ (ခန္ဓာကိုယ်ရှိ သတ္တဝါအားလုံး) ဆင်းရဲဒုက္ခမှ လွတ်ကြပါစေ” ဟူ၍ ပွားပါ။
၂။ ဩဓိသောဖရဏာ ကရုဏာ (အကန့်အသတ်ဖြင့် ဖြန့်ကြက်ခြင်း - ၇ မျိုး)
  • “သဗ္ဗာ ဣတ္ထိယော (အမျိုးသမီးအားလုံး)၊ သဗ္ဗေ ပုရိသာ (အမျိုးသားအားလုံး)၊ သဗ္ဗေ အရိယာ (အရိယာအားလုံး)၊ သဗ္ဗေ အနရိယာ (ပုထုဇဉ်အားလုံး)၊ သဗ္ဗေ ဒေဝါ (နတ်အားလုံး)၊ သဗ္ဗေ မနုဿာ (လူအားလုံး)၊ သဗ္ဗေ ဝိနိပါတိကာ (အပါယ်သားအားလုံး) ဆင်းရဲဒုက္ခမှ လွတ်ကြပါစေ” ဟူ၍ ပွားပါ။
  • အနောဓိသောဖရဏာ (၅) မျိုးနှင့် ဩဓိသောဖရဏာ (၇) မျိုးပေါင်းလျှင် (၅ + ၇ = ၁၂) မျိုးဖြစ်သည်။
၃။ ဒိသာဖရဏာ ကရုဏာ (အရပ်ဆယ်မျက်နှာ ဖြန့်ကြက်ခြင်း - ၁၀ မျိုး)
  • အရပ် (၁၀) မျက်နှာ (အရှေ့၊ အနောက်၊ မြောက်၊ တောင်၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်၊ အထက်၊ အောက်) သို့ ဖြန့်ကြက်၍ ပွားပါ။
  • အရပ် (၁၀) မျက်နှာတွင် အနောဓိသော (၅) မျိုးနှင့် ဩဓိသော (၇) မျိုးကို ဖြန့်ကြက်ရသဖြင့် (၁၂) မျိုးရှိပြီး၊ အရပ် (၁၀) ဖြင့် မြှောက်လျှင် (၁၂ × ၁၀ = ၁၂၀) မျိုးဖြစ်သည်။
၄။ စုစုပေါင်း အရေအတွက်
  • အနန္တစကြဝဠာသို့ ပွားများထားသော အနောဓိသောဖရဏာ (၅) မျိုး + ဩဓိသောဖရဏာ (၇) မျိုး + ဒိသာဖရဏာ (၁၂၀) မျိုး = (၁၃၂) မျိုး ဖြစ်သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ - ဖားအောက်တောရဆရာတော်