ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)

ဝီကီပီးဒီးယား မှ
ကေအင်အယ်လ်အေ၏ အလံ

ကေအင်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ကို ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည်။ ထော့ကိုကိုးအခြေချ သောဗိုလ်ချုပ် ထိန်မောင် ဦးစီးသော အဖွဲ့သည် ၂ဝဝရ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကေအင်ယူမှ ခွဲထွက်ကာ နအဖ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ကေအင်ယူ-ကေအင်အယ်အေ ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့မှာ KNU တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် ကေအင်အယ်လ်အေငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဖြစ်ပြီး မွန်ပြည်နယ် ဘုရားသုံးဆူမြို့ဒေသတွင် အခြေစိုက်သည်။ ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။

ယခုအခါ ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ ဒေသတွင် ဗိုလ်မှူးချုပ် ထိန်မောင်သည် နယ်မြေတချို့ ရရှိထားသည်။ ထိုဒေသတွင် တည်ဆောက်မည်ဟု ဆိုသော စီးပွားရေးဇုန်၏ လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖြစ်လာမည့် သူ၏တပ်များကို လေ့ကျင့်ပေးဖွယ်ရှိသည်။ သို့သော်လည်း ထိုလှုပ်ရှားမှုများသည် KNU အား တိုက်ခိုက်ရေးအတွက် ပြင်ဆင်မှုများ ဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုသည်။ ကရင်ပြည်နယ်အတွင်းတွင် ကေအင်အယ်လ်အေငြိမ်းချမ်းရေးကောင်စီ၏တပ်များနှင့် KNU တပ်များ ရံဖန်ရံခါ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ၂၀၀၉ ခု မတ်လဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့ တဖွဲ့ဖြစ် သည့် ဗိုလ်ဌေးမောင်၏ ကေအင်ယူ/ကေအင်အယ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။

ထပ်မံပူးပေါင်းခြင်း[ပြင်ဆင်ရန်]

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲးခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအင်အယ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ သားငယ်ဖြစ်သူ ဗိုလ်ကြီး စောနေစိုးမြသည် ၂၀၀၈ ခု ဒီဇင်ဘာလ (၁၂) ရက်နေ့ က အဖွဲ့၏ခွင့်ပြုချက်မပါဘဲ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည့် ကေအင်ယူ/ ကေအင်အယ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ကေအင်ယူဗဟိုမှ ခေါ်ယူ၍ သတိပေးတားမြစ်မူများ ပြုလုပ်ခဲ့ရသည်။

စောနေစိုးမြသည် ၂၀၀၉ ခု ဖေဖော်ဝါရီလ က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ရာ ကေအင်အယ်အေ စစ်ရုံးချုပ်မှ ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည့်နောက်ပိုင်း ထော့ကိုကိုးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၃) ဦးနှင့်အတူ ကရင်အမျိုးသား အစည်းအရုံးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ပြီး ကရင်ခွဲထွက် အဖွဲ့များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကေအင်ယူ နယ်မြေအခြေစိုက် အင်းရှည်ဆရာတော် ဦးဝိဇယသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ထော့ကိုကိုးသို့ လိုက်ပါသွားသူ (၄) ဦးထဲတွင် စောနေစိုးမြ၊ စောမဟာဆွေ၊ စောသဲးခီးတို့ (၃) ဦးမှာ ကေအင်ယူ/ ကေအင်အယ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်သွားပြီးဟု ဗိုလ်မှူးရှီးလေက အတည်ပြု ပြောသည်။ သို့သော် ဘုန်းတော်ကြီး ဦးဝိဇယကမူ “ဘုန်းကြီးဆိုတာက ဒကာ၊ ဒကာမတွေ ပင့်ဖိတ်လို့ရှိရင် ဘယ်အရပ် ဘယ်ဒေသမဆို ကြွရတယ်” ဟု ပြောသည်။

စောသဲးခီးအား ကေအင်အယ်အေမှ ထုတ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း စောနေစိုးမြကို ၂၀၀၉ ခု ဖေဖော်ဝါရီလကုန် ပိုင်းမှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါလူများသည် မိမိတို့အဖွဲ့နှင့် လုံးဝပတ်သက်ခြင်းမရှိတော့သဖြင့် တစုံတရာပြောကြားရန် အကြောင်းမရှိဟု ပြောကြားသည်။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

ဝါရင့် ကရင့်တော်လှန်ရေး ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါ် စောထိန်မောင်သည် လူကြီးရောဂါဖြင့် ၂၀၂၀ ခု မေလ ၃ ရက်နေ့ ညနေတွင် KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ) ၏ ဌာနချုပ်တည်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထိုးကော်ကိုးဒေသတွင် ကွယ်လွန်သွားပြီဖြစ်သည်။ KNU/KNLA PC ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် ကွယ်လွန်ချိန် တွင် အသက် ၉၃ နှစ်ရှိနေပြီ ဖြစ်သည်။

ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ ဥက္ကဋ္ဌ အဖြစ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေးကို ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွေးချယ်တင်မြှောက်လိုက် ကြောင်း သတင်းရရှိသည်။

KNU/KNLA PC ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး စောထိန်မောင် ၂၀၂၀ ခု မေလ ၃ ရက်က ကွယ်လွန်သွားပြီးနောက်တွင် လစ်လပ်နေသည့် ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်ကြီးစောထော့လေးက ယာယီဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး အဖွဲ့၏ စည်းမျဉ်းအရ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြသည် ကိုဗစ်ရောဂါဖြင့် ၂၀၂၁ ခု ဩဂုတ်လ ၃ ရက် ညပိုင်းတွင် ကွယ်လွန်သွားကြောင်း (KNU/KNLA-PC) ဘက်က အတည်ပြုသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကေအန်ယူမှ ထုတ်ပယ်ထားသည့်ဗိုလ် (၃)ဦး ကေအန်ယူခွဲထွက်အဖွဲ့နှင့်ပူးပေါင်း ။ parsethan.wordpress.com။
  2. ဇင်လင်းထက် (၄ မေ ၂၀၂၀)။ကရင့် တော်လှန်ရေး ခရီးကြမ်းထဲ က ဗိုလ်ထိန်မောင် ။ Irrawaddy Media။
  3. ဇင်လင်းထက် (၂၆ မေ ၂၀၂၀)။ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး စောထော့လေးကို တင်မြှောက်။ Irrawaddy Media။
  4. KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြ ကိုဗစ်ဖြင့်ကွယ်လွန်။ Irrawaddy Media။