ကနန်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
| ကနန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု | |
|---|---|
| မြန်မာပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း | |
တမူးမြို့နယ်အတွင်း ကနန်ကျေးရွာ တည်နေရာ | |
| နေရာ | ကနန်ကျေးရွာ၊ တမူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
| ကိုဩဒိနိတ် | 23°48′14″N 94°08′41″E / 23.803840637207°N 94.1446914672852°Eကိုဩဒိနိတ်: 23°48′14″N 94°08′41″E / 23.803840637207°N 94.1446914672852°E |
| ရက်စွဲ | ၇ ဇန်နဝါရီ ၂၀၂၄ နံနက်ပိုင်း |
| သေဆုံးသူဦးရေ | ၁၇ ဦး |
ဒဏ်ရာရဦးရေ | ၁၉ ဦး |
| ပြစ်မှုကျူးလွန်သူများ | တပ်မတော်(လေ) |
| |
ကနန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ချင်းလူမျိုးအများစု နေထိုင်ရာ အဆိုပါကျေးရွာကို တပ်မတော်(လေ)က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးဒဏ်ကြောင့် ကနန်ရွာခံ ၁၇ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၉ ဦးမှာ ကလေးငယ်များဖြစ်ကြသည်။[၁][၂]
ဖြစ်စဉ်
[ပြင်ဆင်ရန်]ကနန်ရွာသည် ချင်းတိုင်းရင်းသားအများစုနေထိုင်ပြီး အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကားလမ်းပေါ်တွင် တည်ရှိသည်။ ကျေးရွာနှင့် မိုင် ၃၀ ခန့်အကွာတွင် တပ်မတော် ထိန်းချုပ်ထားသည့် တမူးမြို့ရှိပြီး ရွာတောင်ဘက်ရှိ ခမ်းပတ်မြို့ကိုမူ အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် မြေပြင်တိုက်ပွဲမရှိဘဲ ကနန်ရွာ အမှတ် (၅) ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲနှင့် အနီးဝန်းကျင်ကို တပ်မတော်(လေ)က လေကြောင်းမှ နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့သည်။ စာသင်ကျောင်းနှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ကျောင်းနှင့်ကပ်လျက်ရှိ စိန့်ပီတာဘုရားကျောင်း၌ ဝတ်ပြုနေသူများသည် ကြောက်လန့်တကြား ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ကြရသည်။ ပထမအကြိမ် ဗုံးကြဲပြီး ၅ မိနစ်ဝန်းကျင်အကြာတွင် ယင်းနေရာနှင့် မလှမ်းမကမ်းကိုပင် တစ်ကျော့ပြန် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။[၃]
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတို့၏ ရုပ်အလောင်းများကို ဘုရားကျောင်းအနောက်ဘက်လမ်း အနီးဝန်းကျင်ရှိ နေအိမ်များနှင့် ဘောလုံးကွင်းအနီးတို့တွင် တွေ့ရှိခဲ့ရသည်။ တိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းမှ စာသင်ဆောင်တစ်ဆောင်၊ စိန့်ပီတာဘုရားကျောင်းနှင့် နေအိမ် ၈ လုံးနီးပါး ပျက်စီးခဲ့ရသည်။ ဗုံးဒဏ်ပြင်းထန်မှုကြောင့် နေအိမ်များမှာ အရိုးတိုင်များသာ ကျန်ရှိတော့သည်အထိ ပျက်စီးသွားခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/UCR) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထိုနေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ သင်တန်းဆင်းပွဲပြုလုပ်ရန် စီစဉ်ထားသည့် သတင်းပေါက်ကြားသဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု သတင်းအချို့ ထွက်ပေါ်ခဲ့သည်။[၄]
ထိခိုက်သေဆုံးမှုများ
[ပြင်ဆင်ရန်]ယင်းဖြစ်စဉ်ကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးသူငယ် ၉ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[၅]
တုံ့ပြန်မှုများ
[ပြင်ဆင်ရန်]ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ကလေးငယ် ၉ ဦး အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့သည့် အဆိုပါဖြစ်စဉ်ကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ညွှန်ကြားရေးမှူး Matt Wells က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းသင့်ပြီး ကျူးလွန်သူများကို နိုင်ငံတကာဥပဒေဖြင့် တရားစီရင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။[၆]
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် လေယာဉ်များ ပျံသန်းခြင်းမရှိကြောင်း စစ်ကောင်စီဘက်က ငြင်းဆိုခဲ့သည်။သို့သော်လည်း ဗီဒီယိုမှတ်တမ်းများကို ပြန်လည်စစ်ဆေးရာတွင် စစ်တပ်ကသာ အသုံးပြုသည့် တရုတ်နိုင်ငံထုတ် A-5 ဂျက်တိုက်လေယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရှိရကြောင်း Amnesty International က ဆိုသည်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် ကျူးလွန်သူ၊ အမိန့်ပေးသူနှင့် တာဝန်ရှိသူအားလုံးကို အရေးယူအပြစ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ‘‘ဗုံး ၂ လုံးစီကို ၅ မိနစ်လောက်အတွင်း ကြဲသွားတာ’’ - ကနန်ရွာဗုံးကြဲခံရမှု (in my) (2024-01-07)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2024-01-12)။ လေတပ်က တိုက်ခိုက်ခဲ့သည့် တမူးမြို့မှ ကလေးများ၊ ဒေသခံများ ဆေးကုရန် ခက်ခဲ (in en-US)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2024-01-09)။ စစ်ကိုင်းတိုင်းအတွင်းမှ သွေးစွန်းတနင်္ဂနွေ (in en-US)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းတိုင်း ခါမ်းပတ်မြို့ ကနန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်များအပါအဝင် ၁၅ ဦးခန့်သေဆုံး (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းတိုင်း ကနန်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရဖြစ်စဉ် အရေးယူနိုင်သည်အထိ လုပ်ဆောင်မည်လို့ NUG ထုတ်ပြန် (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-02-08)။ ကနန်ရွာ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့လိုကြောင်း AI အဖွဲ့ပြော (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
- ↑ Ministry of Federal Union Affairs - MOFUA | စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်။ 2026-05-04 တွင် ပြန်စစ်ပြီး။