ကင်ပွန်းချဉ်ပင်

ဝီကီပီးဒီးယား မှ
Senegalia rugata
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Mimosoideae
မျိုးဇာတ်: Acacieae
မျိုးစု: Senegalia
မျိုးစိတ်:
S. rugata
ဒွိနာမ
Senegalia rugata
Synonyms[၁]
ကင်ပွန်းချဉ်ပင် ဘူးများ

ရုက္ခဗေဒအလိုအားဖြင့် Acacia concinna ဟုခေါ်သောအပင်မှာ ကင်ပွန်းပင် ဖြစ်သည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာရှတိုက်၏အပူပိုင်းဒေသဌာနေရင်းပင်ဖြစ်သည်။[၂][၁] ထိုအပင်ကို ကင်ပွန်းချဉ်၊ ဆူးပုပ်ဟုလည်းခေါ်ကြသေးသည်။ မျိုးစိတ်ပေါင်း ၅၅ဝ မျှရှိပြီး ကမ္ဘာ တဝှမ်းလုံးရှိနွေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ အရွက်များမှာရွက်ပေါင်းဖြစ်သည်။ မွှေးကြိုင်၍ သေးငယ်သော အပွင့်ကလေးများ အပြွတ်လိုက် ပွင့်လေ့ရှိသည်။ အစေ့များ ပါရှိသော အသီးတောင့်များ သီးသည်။ အစေ့များ ရှိရာတွင် အဆစ်သဖွယ်ချိုင့်လျက် ရှိသည်။ ထနောင်းစေးသည် 'အကေးရှားဆင်နီဂေါ' ခေါ် ကင်ပွန်းပင်တစ်မျိုးမှထွက်သော အစေးဖြစ်သည်။ ကင်ပွန်းပင်မျိုးမှ အခေါက်များသည် သားရေနယ်ရာတွင် အသုံးဝင်သည်။

မြန်မာနိုင်ငံရှိ ကင်ပွန်းပင်ကို အစေ့မှ စိုက်ပျိုးယူကြသည်။ အပင်မှာ နွယ်ယောင်ပင်ယောင်ဖြစ်သည်။ ပင်စည်နှင့် အရွက်တံတို့တွင် ဆူးများရှိသည်။ အရွက်များသည် ရွက်ဆိုင်ထွက်ကြပြီး ရွက်ပေါင်းများဖြစ်သည်။ မန်ကျည်းရွက် လောက်မကြီးကြချေ။ ပင်စည်အရွယ်မှာ ခြေသလုံးအရွယ်၊ ပေါင်လုံးအရွယ်မျှ ရှိသည်။ နွယ်လျှင် အပင်ရှည်တတ်သည်။ အရွက်ကိုစားရသည်။ ကင်ပွန်းသီးကို မြန်မာအမျိုးသမီးများ ခေါင်းလျှော်ရာတွင် အသုံးပြုလေ့ရှိကြသည်။ ဆေးဖက် လည်းဝင်သည်။[၃]

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်[ပြင်ဆင်ရန်]

- ဆူးရှိသောချုံပင်မျိုးဖြစ်၏။ ပင်စည်ပျော့၏။ အစိမ်းရောင် အခက်များပေါ်တွင် နီမှိုင်းသော အစင်းများ ရှိပြီး သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေသည်။

အရွက်[ပြင်ဆင်ရန်]

- နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄-၆ လက်မရှည်၍ ရွက်ကလေး ၄-၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂-၂၀ ရှိသည်။ ရွက်မြွှာများ ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်း ရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်း ဝိုင်း၍ အဖျားချွန်သည်။

အပွင့်[ပြင်ဆင်ရန်]

- တစ်ပင်တိုင် ပန်းခိုင်ဖြစ်၍ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းကဲ့သို့ ပွင့်သည်။ အဝါ ရောင်ဖြစ်သည်။ အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ဝါဆိုလအတွင်း ပွင့်သည်။

အသီး[ပြင်ဆင်ရန်]

- အသားထူသော အသီးတောင့်ရှည်မျိုး ဖြစ်သည်။ ပြား၍ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များ ဖြစ်နေသည်။ အစေ့ အနက်ရောင်ရှိ၍ နတ်တော်လနှင့် ပြာသိုလတွင် သီးသည်။

အသုံးပြုပုံ[ပြင်ဆင်ရန်]

အသီး[ပြင်ဆင်ရန်]

  1. အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။
  2. အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့ ဆေးရည်အဖြစ် သုံးသည်။
  3. အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။
  4. အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။
  5. အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။
  6. စိန် နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။

အရွက်[ပြင်ဆင်ရန်]

  1. အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။
  2. အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။
  3. အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။
  4. အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည်။ ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ဝမ်းရပ်ခြင်းကို ပြုတတ်၏။ ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ဝမ်းကို သက်စေသည်။

တရော် ကင်ပွန်း[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းကြီးသည် စစ်တိုက်ပြီးပြန်လာသော အခါ ပန်ထွာဘုရင်မ၏တိုင်းပြည်တွင် တစ်ညဝင် အိပ်ခဲ့သည်။ ပန်ထွာဘုရင်မသည် မင်းကြီးဘုန်းကံနိမ့်အောင် မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ပေးခဲ့သည်။ မင်းကြီးသည် ထိုမျက်နှာသုတ်ပဝါကို မျက်နှာသုတ်လိုက် တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ကွယ်ခဲ့လေသည်။ မင်းကြီးလည်း ဘုန်းနိမ့်မှန်းသိပြီး ပြန်လာခဲ့သည်။ လမ်းရောက်တော့ မိုးရွာသည့်အတွက် တရော်ပင် အောက်မှာ မိုးဝင်ခိုခဲ့သည်။ တရော်ကင်းပွန်းက စီးကျလာသော မိုးရေသည် မင်းကြီးအပေါ်ကျပြီး ဘုန်းကျက်သရေ ရှိစေတဲ့မှဲ့ရှင်ဟာ ပြန်ပေါ်လာခဲ့သည်။

မင်းကြီးလည်း တရော်ဟာ ဘုန်းကျက်သရေရှိစေတယ် ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကို မကြာခဏလုပ်ပေးတာကစပြီး မြန်မာဘုရင် အဆက်ဆက်ဟာ တရော်ကင်းပွန်းနဲ့ ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်တဲ့ အယူအဆ ပေါ်ပေါက်ခဲ့သည်။ ကင်းပွန်းသီး၏အာနိသင်က အပုပ်အစပ်နိုင်သည်။ ဘယ်လောက်ပဲ အပုပ်နံ့ နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက်ရင် အပုပ်နံ့အားလုံး ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ဦးခေါင်းက အနံ့ကိုပျောက်အောင် ကင်းပွန်းသီးက စွမ်းဆောင်နိုင်ပြီး ဘုန်းကျက်သရေရှိဖို့ကို တရော်က စွမ်းဆောင်ပေးပါသည်။ မြန်မာလူမျိုးများသည် အသုဘပို့ပြန်လာတဲ့အခါ၊ မီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာ တရော်ကင်းပွန်းကိုအသုံးပြုကြတာ ဒီနေ့အထိပါဖြစ်သည်။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Senegalia rugata (Lam.) Britton & Rose။ Royal Botanic Gardens, Kew။ 27 February 2021 တွင် ပြန်စစ်ပြီး။
  2. Acacia concinna - ILDIS LegumeWeb။ www.ildis.org။ 2008-03-13 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)