ကချင်သောင်းကျန်းသူသမိုင်း (၁၉၄၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ )

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search


မာတိကာ

ကချင်သောင်းကျန်းသူအဖွဲ့စတင်ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

၁။ ၁၉၄၉ ခုနှစ်တွင်ဖြစ်ပွားသော ကရင်-ဗမာအရေးအခင်းတွင် အမှတ်(၁) ကချင်သေနတ်ကိုင် တပ်ရင်း မှ ဗိုလ်ကြီးအဆင့်ဖြင့် တောခိုသွားသော

ကချင်အမျိုးသားနော်ဆိုင်းမှာ ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်းခဲ့သည်။ ယင်းသည် ၁၉၅ဝ ပြည့်နှစ်တွင် ကေအင်န်ဒီအိုအင်အားစုအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်

လှုပ်ရှားခဲ့သည်။ ထိုအချိန်တွင် လားရှိုးမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပညာသင်ကြားနေသော ဇော်ဆိုင်းသည် နော်ဆိုင်းနှင့်ဆက်သွယ်ပြီး တောခိုခဲ့သည်။

၁၉၅၁ ခုနှစ်တွင် နော်ဆိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံသွားရာ၌ ဇော်ဆိုင်းသည်လိုက်ပါမသွားဘဲ သံတောင်၊ ဘောဂလိဒေသရှိ ကေအင်န်ဒီအိုများနှင့်

ပူးပေါင်းလှုပ်ရှားခဲ့သည်။

၂။ ၁၉၅၉ခုနှစ်တွင် ကေအင်န်ဒီအိုအဖွဲ့မှဂျီလစ်လင်း(ကချင်အမည်-ဇော်ဘောက်)ဆိုသူအား ဇော်ဆိုင်း၏ အကြံပေးအရာရှိအဖြစ် တာဝန်ပေးအပ်ပြီး

ဇော်ဆိုင်းနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေအောက်စည်းရုံး သိမ်းသွင်းမှုလုပ်ငန်းများကို ပြုလုပ်ရန်စေလွှတ်ခဲ့သည်။ ဇော်ဆိုင်းနှင့် ဂျီလစ်လင်းသည်

ဇော်ဆိုင်း၏မိခင်ဖြစ်သူ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသည့် ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာ (အက်စ်တီ-၈၈၈၉)တွင် ခိုအောင်းပြီး

မြေအောက်စည်းရုံးရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့လေသည်။ ဇော်ဆိုင်း၏ညီဖြစ်သူ တက္ကသိုလ်ကျောင်းသား ဇော်ထူးသည်လည်း တက္ကသိုလ်မှထွက်ပြေးပြီး

ဇော်ဆိုင်းထံသို့လာရောက်ပူးပေါင်း တောခိုခဲ့လေသည်။ ထို့အပြင် အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်းမှ ထုတ်ပယ်ခြင်းခံရပြီး သိန္နီတွင် ကျောင်းတက်နေသော

ဒုတိယတပ်ကြပ် လမုန်တူးဂျိုင်၊ တက္ကသိုလ်မှထွက်၍ ကွတ်ခိုင်သို့ ပြန်ရောက်နေသော လမာလရိန်းတို့သည် ဇော်ဆိုင်းနှင့်ဆက်သွယ်ပေါင်းမိကြပြီး ၁၉၆ဝ

ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization K.I.O)ကို စတင်ဖွဲ့စည်းခဲ့ကြသည်။

၃။ ကေအိုင်အို မြေအောက်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌ အဖြစ် ဇော်ဆိုင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဇော်ထူး၊ အတွင်းရေးမှူး အဖြစ် လမာလရိန်းတို့က တာဝန်ယူခဲ့ကြသည်။

ထိုအချိန်တွင် ရှမ်းပြည်နယ်၌ နိုင်ငံရေးသမား အချင်းချင်းနေရာလုကြရာမှ နိုင်ငံရေးသမားအချို့၏ ခါးပိုက်ဆောင်အဖြစ်ဖွဲ့စည်းရန် ကေအိုင်အိုအား လက်နက်

ခဲယမ်းများထောက်ပံ့ရာမှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အင်အားမှာ ၂၇ ယောက်ရှိခဲ့ပါသည်။

ကချင်သောင်းကျန်းသူများ လက်နက်ကိုင်သောင်းကျန်းမှုစတင်ခြင်း[ပြင်ဆင်ရန်]

၄။ ကေအိုင်အိုအဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လားရှိုးမြို့ငွေတိုက်အား စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် လက်နက်ကိုင်လှုပ်ရှားမှုကို

စတင်ခဲ့လေသည်။လားရှိုးမြို့ရှိငွေတိုက်ကိုဖောက်ကာ လက်နက်ကိုင်လှုပ်ရှားမှုစတင်သည်နှင့် လားရှိုး၊ ကွတ်ခိုင်ဒေသမှ ဇော်ဆိုင်းနှင့် ဇော်တူးတို့စည်းရုံးထားသည့်

ကချင်လူငယ်များမှာလည်း တစ်ပြိုင်တည်းတောခိုခဲ့ကြသည်။ အင်အား ၁၀ဝ ခန့်စုစည်းမိသောအခါ တပ်မဟာမှူး အဖြစ် ဇော်ဆိုင်းကလည်းကောင်း၊

တပ်မဟာဗိုလ်မှူးအဖြစ် ဂျီလစ်လင်းကလည်းကောင်း တာဝန်ယူလျက် သိန္နီမြို့နယ် လွယ်တောက်၌ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အေ

(Kachin Independence Army-K.I.A) ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ကေအိုင်စီ (Kachin Independence Council K.I.C)ကို စတင်ဖွဲ့စည်းခဲ့လေသည်။

၅။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ဆင်လီရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် အခြေချစခန်း တစ်ခုတည်ဆောက်၍ အခြေခံစစ်ပညာသင်တန်း

အမှတ်(၁)ကို ၁၉၆၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကေအိုင်အေတပ်ရင်း (၁)ကို ဗန်းမော်နယ်မြေ

မွန်ဘာပါတွင်လည်းကောင်း၊ တပ်ရင်း(၂) ကို လမာလရိန်းဦးစီးကာ အင်အား ၃ဝဝ ခန့်ဖြင့် မုံးစီး၊ မုံးထန် နယ်မြေတွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြသည်။ ထို့ပြင်

ကျေးရွာများ၌ ဗွီဒီအက်ဖ် (Villager's Defence Forces) ခေါ် ကျေးရွာကာကွယ်ရေးအဖွဲ့အဖြစ်ဖွဲ့စည်းကာ တူမီးများတပ်ဆင်လျက် မိမိတပ်များကိုနှောင့်ယှက်ရန်

တာဝန်ပေးခိုင်းစေခဲ့ကြသည်။

၆။ ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း လိုက်ခြင်းကိုလည်းကောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်

စာချုပ်ချုပ်ဆိုမှုတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသ များအား တရုတ်ပြည် နယ်နိမိတ်အတွင်း ထည့်သွင်းဖော်ပြမှုအပေါ် နေရာအနှံ့ ဆန္ဒပြမှုအား အခွင့်ကောင်းယူ၍

လည်းကောင်း၊ ရှမ်းပဒေသရာဇ်များမှ ဖက်ဒရယ်မူကို စတင်တောင်းဆိုလာခြင်းတို့ကြောင့်လည်းကောင်း၊ ကေအိုင်အိုတို့အနေဖြင့် တိုက်ကွက်များရရှိလာခဲ့ကြသည်။

လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုကို အရင်းခံ၍ လူမျိုးရေး မုန်းတီးမှု၊ ဗမာလူမျိုးကြီးဝါဒဆန့်ကျင်ရေးစသည်တို့ကိုအကြောင်းပြကာ လွတ်လပ်သော ကချင်သမ္မတနိုင်ငံ

ထူထောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုံ့ဆော်လာခဲ့ကြလေသည်။ ထို့ကြောင့် မသိနားမလည်သော လူငယ်လူရွယ်အများအပြားမှာ

ကချင်သောင်းကျန်းသူများ၏ စည်းရုံးသိမ်းသွင်းမှုအောက်သို့ ရောက်ရှိသွားခဲ့ရ လေသည်။

၇။ ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်နေစဉ်မှာပင် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်စုံညီအစည်းအဝေးက

ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယ ပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊

အက်ဥပဒေအမှတ် ၁၇ အရ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာသော်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိပြီးဖြစ်လေရာ မည်သို့မျှ ထူးခြားခြင်းမရှိပေ။

သို့သော် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များက လွတ်လပ်စွာကိုးကွယ်ခွင့် မရှိတော့ဟုယူဆကာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်။ ထိုအချိန်က

လက်နက်ကိုင်အင်အား ၂၇ ယောက်သာ ရှိသေးသော ကေအိုင်အို (Kachin Independence Organization) ကချင်သောင်းကျန်းသူအဖွဲ့သည်

ဘာသာရေးလွတ်လပ်ခွင့်မရှိဟူ၍ အကြောင်းပြစည်းရုံးရာမှ ပိုမိုအင်အားတောင့်တင်းလာသည်။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်တွင် ကချင်ပြည်နယ်မှ ဖီမော်၊

ဂေါ်လန်၊ ကန်ဖန် နယ်မြေများအား တရုတ်နယ်နိမိတ်အတွင်း ထည့်သွင်းပေးရခြင်းကိုလည်း ကချင်တိုင်းရင်းသားအများအပြားက ဆန္ဒပြကန့်ကွက်ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသောအဖွဲ့အစည်း[ပြင်ဆင်ရန်]

၈။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ရန်ကုန်တစ်မြို့တည်းတွင်သာ ကျင်းပနေခြင်းမဟုတ်ဘဲ အချို့ အဖွဲ့အစည်းများမှာ ဆိုင်ရာဒေသတွင်သာ

ဆွေးနွေးကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်-ကျော်ဇံရွှီး၏ ရခိုင်ကွန်မြူနစ် ပါတီနှင့် ဆွေးနွေးပွဲပြုလုပ်ရာတွင် ငပလီ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူပင်

ကေအိုင်အေ(ခေါ်) ကချင် သောင်းကျန်းသူများနှင့်လည်း မန္တလေးမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။

၉။ ၁၉၆၃ ခုနှစ်အစပိုင်းတွင် ကေအိုင်အေများသည် တပ်မဟာ(၁)နှင့် တပ်ရင်း(၆)ရင်းကို ဖွဲ့စည်းပြီး ဖြစ်ပြီး အင်အား ၁,ဝဝဝ ကျော်အထိ တိုးတက်နေပြီဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် လားရှိုး-ကွတ်ခိုင်နယ်၌ အင်အား ၃ဝဝ နီးပါးခန့်၊ ဗန်းမော်-မြစ်ကြီးနားနယ်မြေ၌ အင်အား ၃၈ဝ ခန့်အထိသာရှိသော်လည်း နောက်ပိုင်း တွင်

ဗန်းမော်-စိန်လုံလမ်းနှင့် ဗန်းမော် -မန်ဝိန်းလမ်းတို့ကိုစိုးမိုးပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းနှင့် မြစ်ကြီးနား အရှေ့မြောက်၊

ဟူးကောင်းလွင်ပြင်တို့ကိုတိုးချဲ့စည်းရုံးရာမှ အင်အားတိုးတက်လာခဲ့ခြင်းဖြစ်သည်။

၁၀။ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်ကိုထုတ်ပြန်သောအခါ ကေအိုင်အေများသည်

စာဖြင့်ဆက်သွယ်ညှိနှိုင်းပြီးနောက် တော်လှန်ရေး ကောင်စီ၏အစီအစဉ်ဖြင့် ဗန်းမော်သို့ရောက်ရှိလာကြသည်။ ကေအိုင်အေကိုယ်စားလှယ် ဇော်ဒန်နှင့်အဖွဲ့သည်

၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ဗန်းမော်မှတစ်ဆင့် မန္တလေးသို့ရောက်ရှိလာသည်။ ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့တွင် တပ်မတော်မှ

တပ်မဟာ(၇)တပ်မဟာမှူးနှင့် ပဏာမဆွေးနွေးပွဲကျင်းပပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ကိုယ်စား အနောက်မြောက်တိုင်း၊

တိုင်းမှူးနှင့်ထပ်မံ ဆွေးနွေးခဲ့သည်။

၁၁။ တိုင်းမှူးနှင့်ဆွေးနွေးစဉ် ဇော်ဒန်နှင့် ကိုယ်စားလှယ်အဖွဲ့က အောက်ပါအချက်များကို တောင်းဆိုခဲ့ သည်-

(က) ပြည်ထောင်စုအတွင်းရှိ လူမျိုးအသီးသီးအား လွတ်လပ်ခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပေးအပ်ရန်၊ မိမိတို့ လူမျိုးများ၏သဘောအရ

ခွဲထွက်လိုသူများအားခွဲထွက်ခွင့်ပေးရန်။

(ခ) ကချင်ပြည်နယ်နှင့်ပတ်သက်၍ ကချင် ပြည်သူပြည်သားများ လက်နက်ကိုင်တော်လှန်နေခြင်း၏ အဓိကရည်ရွယ်ချက်ပန်းတိုင်ဖြစ်သည့်

လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သီးခြား ကချင်ပြည်နယ်ထူထောင်ရန်။

(ဂ) ဤကဲ့သို့ ပြည်ထောင်စုအတွင်းမှ ကချင်ပြည်နယ်ခွဲထွက်သွားသည်ကို နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီးသည့်နေ့မှစ၍

ကချင်ပြည်နယ်နှင့်ဗမာပြည်သည် အောက်ပါထာဝရ ငြိမ်းချမ်းရေးမူငါးချက်ကိုအခြေခံထား၍ နှစ်ပြည်ထောင်ဆက်ဆံသွားရေးကို နှစ်ဦးသဘောတူ

လက်မှတ်ရေးထိုးရန်-

(၁) တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးကို တစ်ဦးက လေးစားရေး။

(၂) တစ်ဦးကိုတစ်ဦး မကျူးကျော်ရေး။

(၃) တစ်ဦး၏ပြည်တွင်းရေးရာတွင် တစ်ဦးကဝင်မစွက်ရေး။

(၄) တူညီစွာနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ဆက်ဆံရေး။

(၅) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။

၁၂။ ကေအိုင်အေများ၏ တောင်းဆိုချက်များမှာ လုံးဝခွဲထွက်ရေးပင်ဖြစ်ပြီး ယင်းတို့ဘက်က လိုက်လျောမှု ဟူ၍ တစ်စုံတစ်ရာမျှပင်မရှိခဲ့ပေ။ ထို့အပြင်

ဆွေးနွေးပွဲပြုလုပ်နေစဉ်အတွင်း ကေအိုင်အေထိပ်သီး ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဇော်တူးသည် ဗန်းမော်မှကာမိုင်းမြို့နယ်အတွင်းဝင်ရောက်ကာ

ကျေးရွာအားလုံးလိုလိုကို စည်းရုံးစိုးမိုးထားခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြားသွားသည်နှင့် ကေအိုင်အေများသည် လူ၊ လက်နက်၊ ခဲယမ်းများကို အပြင်းအထန်

စုဆောင်းရာ ၁၉၆၃ ခုနှစ်ကုန်တွင် အင်အား ၂,ဝဝဝ ကျော်ခန့်အထိ တိုးတက်လာသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက်ပိုင်း ကချင်သောင်းကျန်းသူအဖွဲ့အစည်း၏ အခြေအနေ[ပြင်ဆင်ရန်]

၁၃။ ကေအိုင်အေ (ခေါ်) ကချင်သောင်းကျန်းသူများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမပြုလုပ်မီ ၁၉၆၃ ခုနှစ် နှစ်ဦးပိုင်းတွင် တပ်မဟာ(၁)နှင့်တပ်ရင်း(၆)ရင်းကို

လူအင်အား ၁,ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။ ဇော်ဒန်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တော်လှန်ရေးကောင်စီနှင့်ဆွေးနွေးနေစဉ်

ကေအိုင်အေများ သည် လူသူစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကိုတိုးချဲ့၍ ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲကာလတွင် ဇော်တူးသည် ဗန်းမော်နယ်မြေမှ

ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ ကျောက်စိမ်းထွက်ရှိရာ ကာမိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်စည်းရုံးစိုးမိုးခဲ့သည်။ ကာမိုင်းမြို့နယ်ရှိ ကျေးရွာအားလုံးလိုလိုသည်

ကေအိုင်အေတို့၏ လွှမ်းမိုးမှု အောက်တွင်ရောက်ခဲ့ရသည်။ဆွေးနွေးပွဲပျက်ပြားပြီးနောက် ကေအိုင်အေတို့သည် လူ၊ လက်နက်နှင့် ခဲယမ်း မီးကျောက်များကို

အပြင်းအထန်စုဆောင်းကြလေရာ ၁၉၆၃ ခုနှစ်ကုန်တွင် လူအင်အားမှာ ၂,ဝဝဝ ကျော်အထိ တိုးတက်လာခဲ့ပြီဖြစ်သည်။

၁၄။ ၁၉၆၄ ခုနှစ်၊နှစ်ဦးတွင် ကေအိုင်အေတပ်မဟာ(၂)ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တပ်မဟာ(၁)၏ လက်အောက်တွင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် တပ်ရင်း(၅)ကိုစုဖွဲ့ပြီး

ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဇော်ဆိုင်း၏ တပ်မဟာ(၁)သည် မန်စီမြို့နယ်၊ မွန်ဘာပါကျေးရွာ (အက်စ်အို-၄၈၈၈)တွင် အခြေပြု၍လှုပ်ရှားသည်။ တပ်မဟာ(၂)တွင်မူ

တပ်ရင်း(၃)၊ တပ်ရင်း(၄) နှင့် တပ်ရင်း(၆)တို့ ပါဝင်သည်။ ဇော်တူးက တပ်မဟာ(၂)ကို အုပ်ချုပ်ပြီး မဂျီဘွမ်(အက်စ်-၄၄ဝ၄)တွင် အခြေပြု၍ လှုပ်ရှားသည်။ ထို့အပြင်

တပ်ရင်း(၇) ကို ပူတာအိုနယ်မြေ တွင် လူအင်အား ၈ဝဝ ခန့်ဖြင့် တိုးချဲ့ဖွဲ့စည်းပြီး ဇော်တူးကပင် တာဝန်ယူ၍အုပ်ချုပ်ခဲ့သည်။ တပ်ရင်း(၇)တွင်

ဗွီဒီအက်ဖ်(ခေါ်)ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ကို အခြေခံ၍ဖွဲ့စည်းခြင်းဖြစ်သည်။ ပြောက်ကျားလှုပ်ရှားမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

၁၅။ ဇော်တူးသည် တပ်မဟာ(၂)အား တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ အင်အား ၁၄ဝဝ ကျော်အထိ တိုးတက်လာပြီး ပူတာအို၊ ချီဖွေ၊ လောခေါင်၊ မြစ်ကြီးနား၊

ဗန်းမော်၊ ကွတ်ခိုင်နယ်မြေများတွင် ဖြန့်ခွဲလှုပ်ရှား၍ လာသည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လမှ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကေအိုင်အေထိပ်သီးခေါင်းဆောင် ညီအစ်ကို

များဖြစ်သော ဇော်ဆိုင်း၊ ဇော်ဒန်၊ ဇော်တူး တို့ သုံးဦးသည်လည်း ဇော်သုံးဇော်ဟူ၍ နာမည်ကြီးလာကြသည်။

၁၆။ တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ရုတ်တရက်အင်အားကြီးထွား ပြီး ဆူပူလှုပ်ရှားလာကြသော ကေအိုင်အေများကို

ချေမှုန်းရေးအတွက် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်တော့သည်။ တပ်မတော်က ဆင်နွှဲခဲ့သော စစ်ဆင်ရေးများမှာ အောက်ပါ

အတိုင်းဖြစ်သည်-

(က) ဂန့်ဂေါ်စစ်ဆင်ရေး။

(ခ) အောင်မြေစစ်ဆင်ရေး။

(ဂ) ကောင်ရာဘွမ်စစ်ဆင်ရေး။

(ဃ) ခရမ်းစစ်ဆင်ရေး။

၁၇။ တပ်မတော်က ဆင်နွှဲသည့်စစ်ဆင်ရေးအရပ်ရပ်ကြောင့် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်းတွင်

ကေအိုင်အေများမှာ များစွာအထိနာခဲ့ရသည်။ ထိုကာလ အတွင်း ကေအိုင်အေသောင်းကျန်းသူ ၆၉၆ ယောက်ကို အသေမိပြီး ၃၇၇ ယောက်ကို ဒဏ်ရာရစေခဲ့သည်။

၁၀၆၄ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး ၂၂၂၃ ယောက် လက်နက်ချခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်၊ နှစ်လယ်ပိုင်းအတွင်း

ကချင်သောင်းကျန်းသူလှုပ်ရှားမှုများစွာ ကျဆင်းသွားခဲ့ရတော့သည်။

၁၈။ ကေအိုင်အေလှုပ်ရှားမှုမှာ တပ်မတော်၏ထိုးစစ်များကြောင့် အဘက်ဘက်မှယိုယွင်းကျဆင်းပြီး နာလန်မထူနိုင်တော့သဖြင့် ကေအိုင်အေခေါင်းဆောင်များသည်

နည်းအမျိုးမျိုးဖြင့် ကြံဆကြိုးပမ်းကြရသည်။ အိုင်အေဦးစီးချုပ်ဖြစ်သူ ဇော်ဆိုင်းသည် ပြည်ပအကူအညီရရေးအတွက် ထိုင်းနိုင်ငံသို့သွားရောက်ကာ

ထိုင်း-မြန်မာနယ်စပ်ထန်ဝိုး(အယ်လ်ယူ-ဝ၅ဝ၅)တွင်အခြေချ၍ ဘိန်း၊ ကျောက်စိမ်းများရောင်းဝယ်ရန် စခန်းဖွင့်လှစ်ခဲ့ရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့်

ပြည်ပအကူအညီများရရှိစေရန် ဇော်ဆိုင်း၏အကြံပေးအရာရှိအဖြစ် ကေအင်(န်)ယူမှ တွဲဖက်ထားသော ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်)က ကူညီခဲ့သည်။

ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွယ်ယားစခန်းမှ ခရီးထွက်သွားခြင်းဖြစ်ပြီး ဗန်ကောက်၊ ဇင်းမယ်၊ ဖော်မိုဆာသို့လှည့်လည်၍

အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ (SEATO)၏ အကူအညီရရန် ကြိုးစားခဲ့သည်။ ၁၉၆၆ခုနှစ်အတွင်းမှာပင် ကေအိုင်အေနိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ

မရန်ဘရန်ဆိုင်းသည် အိန္ဒိယနိုင်ငံ၏ အကူအညီရယူရေးအတွက် ချောကန်တောင်ကြားဒေသသို့ သုံးလကြာသွားရောက်ဆွေးနွေးခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။

၁၉။ ၁၉၆၆ ခုနှစ် နှစ်ဦးပိုင်းတွင် တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီချေမှုန်းရေးအတွက် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကိုဖွဲ့စည်းရန် ကချင်ပြည်နယ်မှ

စစ်ဆင်ရေးတပ်အချို့ကို ထုတ်နုတ်ခဲ့ရလေရာ ကေအိုင်အေများအတွက် လူသူလက်နက်စုဆောင်းစည်းရုံး၍ ခေါင်းထောင်ထနိုင်ရန် အချိန်ရသွားသည်ဟု ဆိုရ

ပေမည်။

ကေအိုင်အေများ တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်ခြင်း[ပြင်ဆင်ရန်]

၂ဝ။ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျောင်းသားအရေးအခင်းဖြစ်ပွားပြီးနောက် ကေအိုင်အေ ခေါင်းဆောင် ဇော်တူးသည် တစ်ဖက်နိုင်ငံဘက်မှ

ပြတ်သားစွာထောက်ခံကြောင်း ကြေညာခဲ့သည်။ ထိုအချိန်တွင် ကေအိုင်အေသောင်းကျန်းသူများသည် တပ်မတော်ထိုးစစ်ကြောင့် ပျောက်ကွယ်သွားလုမတတ်

အထိနာခဲ့ရာမှ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်ဖွဲ့စည်းရန် တပ်များထုတ်နုတ်မှုကိုအခွင့်ကောင်းယူ၍ ပြန်လည်ခေါင်းထောင် ထလာနိုင်ချိန်ဖြစ်သည်။

ကေအိုင်အေခေါင်းဆောင်များသည် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်ပ အကူအညီရရှိရေးကို အပြင်းအထန်ကြိုးစားခဲ့သည်။

၂၁။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လအတွင်းမှာပင် ကေအိုင်အေတပ်မဟာ(၂)မှ နိုင်ငံရေးတာဝန်ခံ မရန်ဘရန် ဆိုင်းနှင့် အင်အား ၃၄ ယောက်အဖွဲ့သည်

တစ်ဖက်နိုင်ငံသို့ထွက်ခွာ၍ စစ်ရေး၊ နိုင်ငံရေးသင်တန်းများ တက်ရောက်ရန်နှင့် လက်နက်ခဲယမ်းအကူအညီများရရှိရန် ကြိုးစားခဲ့ကြသည်။ ဘရန်ဆိုင်းတို့လူစုသည်

လက်နက်ငယ်မျိုးစုံ ၄၂ လက်၊ လက်ပစ်ဗုံး ၃၆ လုံးနှင့် ကျည်မျိုးစုံနှစ်သေတ္တာကိုရရှိလာပြီးနောက် ထိုနှစ် စက်တင်ဘာလအတွင်းတွင် ပြည်တွင်းသို့

ပြန်လည်ရောက်ရှိလာကြသည်။

၂၂။ မရန်ဘရန်ဆိုင်းတို့လူစု လက်နက်ခဲယမ်းများရရှိ လာသောအခါ ကေအိုင်အေတပ်မဟာ(၂)မှူး ဇော်တူး ခေါင်းဆောင် သည့်အဖွဲ့သည် ၁၉၆၇ခုနှစ်၊

အောက်တိုဘာလ ၂ ရက်နေ့တွင် ပြည်ပသို့ခရီးထွက်ခွာ ကြပြန်သည်။ထိုအဖွဲ့တွင် တပ်မဟာ(၂)မှူး ဇော်တူးကခေါင်းဆောင်ပြီး အထွေထွေအတွင်းရေးမှူး

ပုံရွှေဇော်ဆိုင်း၊ နိုင်ငံခြားရေးတာဝန်ခံ ဘရန်ဆိုင်းတို့လည်းလိုက်ပါကြသည်။ စုစုပေါင်းအင်အား ၄၂၅ ယောက်ပါဝင်သည်။ ထိုအဖွဲ့သည်

လက်နက်ခဲယမ်းအကူအညီရရှိရေး၊ နိုင်ငံရေး၊ စစ်ရေးသင်တန်းများ တက်ရောက်ရေးတို့ကို နည်းမျိုးစုံဖြင့် ကြိုးစားကြသည်။

၂၃။ ဇော်တူးတို့အဖွဲ့သည်လိုအပ်ပါက ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်း၍ဘုံရန်သူဖြစ်သော ဗမာ အစိုးရကိုတိုက်ခိုက်ရန် သဘောတူညီကြသည်။

ဇော်တူးတို့လူစုသည် လက်နက်ငယ်မျိုးစုံ ၈ဝဝ လက်၊ ကျည်မျိုးစုံ ၁၇ဝ,ဝဝဝ တောင့်နှင့် စစ်ဝတ်ပစ္စည်းများရရှိခဲ့ကြသည်။ ကေအိုင်အေများသည်

လက်နက်ခဲယမ်းရရှိရေးအတွက် ယခင်ကရန်သူဖြစ်ခဲ့သည့် ဗကပများနှင့်ပူးပေါင်းရန်ဆုံးဖြတ်ခဲ့ကြရသည်။

၂၄။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဇော်တူးခေါင်းဆောင်သော ကေအိုင်အေအင်အား ၃ဝဝ ခန့်သည် မောင်းပြန်ရိုင်ဖယ်များအပါအဝင်

လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိ လာကြသည်။ ထို့နောက် တြိဂံနယ်မြေတွင်ရှိသော ကေအိုင်အေတပ်မဟာ(၂)ဌာနချုပ်မှ

မိုင်ရွန်ကွန်ဂျာနှင့် ကွန်ဆာဘောက်နော်တို့ဦးစီးသော တိုက်ခိုက်ရေးတပ်နှင့် ကိုယ်ရံတော်တပ်များကို လက်နက်ခဲယမ်းများ တပ်ဆင် ပေးကြသည်။

ကေအိုင်အေများသည် ပြည်ပမှလက်နက်ခဲယမ်းများ ရရှိလာကြသောကြောင့် တပ်မတော်ကို ပစ်အားသုံး၍ တိုက်ခိုက်လာနိုင်ကြသည်။

၂၅။ ဇော်တူးသည် တစ်ဖက်နိုင်ငံမှပြန်လာပြီးနောက် ကွန်မြူနစ်ဝါဒနှင့် မော်စီတုံးအတွေးအခေါ်ကို သဘောတရား လက်နက်အဖြစ်တပ်ဆင်၍

စည်းရုံးလာရာနယ်မြေလူထုက လက်မခံသဖြင့် အောင်မြင်မှုမရ ရှိခဲ့ပေ။ ထို့အပြင် ကေအိုင်အေငယ်သားများအတွင်းတွင်လည်း ကွန်မြူနစ်ဝါဒကို

လက်မခံလိုသူများပေါ်ထွက် လာသည်။ ကေအိုင်အေအဖွဲ့အစည်း အတွင်း၌ ခေါင်းဆောင်ငယ်များ ခန့်အပ်ရာတွင်လည်း ဂျိန်းဖောလူမျိုးကြီး ဝါဒကို

ကျင့်သုံးပြီးအခြား မရူ(ခေါ်)လောင်ဝေါ်၊ လီဆူး(ခေါ်)ယောယင်၊ လချိတ်(ခေါ်) လရှီ စသော ကချင် မျိုးနွယ်ဝင်လူမျိုးစုများ မကျေမနပ်ဖြစ်လာကြသည်။

ကေအိုင်အေ အဖွဲ့အစည်း၏ခေါင်းဆောင်မှုကို ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန်ဟူသော ဇော်ညီအစ်ကိုသုံးဦးကသာ လက်ဝါးကြီးအုပ်ထားခြင်းနှင့်ပတ်သက်၍လည်း

မကျေမနပ် ဖြစ်လာကြသည်။

၂၆။ ၁၉၆၈ ခုနှစ် မတ်လတွင် ကေအိုင်အေတပ်ရင်း (၄)မှ မရူ(ခေါ်)လောင်ဝေါ်လူမျိုး ဇေလွမ်းနှင့် လရှီ (လချိတ်)လူမျိုး စခုံတိန်ယိန်းတို့ခေါင်းဆောင်သော

ကေအိုင်အေ ၁၂ဝ ခန့်သည် ကေအိုင်အေအဖွဲ့မှ ခွဲထွက်၍ ပြည်ပသို့သွားရောက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းခဲ့သည်။ ယင်းကိုအကြောင်းပြု၍ ၁၉၆၈

ခုနှစ်မှအစပြု၍ ဗမာပြည်ကွန်မြူနစ်ပါတီသည် ကချင်ပြည်နယ်၊ မေခမြစ်အရှေ့ခြမ်းဒေသ ချီဗွေ၊ လောခေါင်၊ ဆော့လော်ဒေသများတွင် အခြေချနိုင်လာတော့သည်။

ကေအိုင်အေသောင်းကျန်းသူများ၏ အခြေအနေ (၁၉၇၁-၁၉၇၂ ခုနှစ်)[ပြင်ဆင်ရန်]

၂၇။ ကေအိုင်အေများသည် တစ်ဖက်နိုင်ငံမှ အကူအညီရယူခဲ့သော်လည်း ဗကပများနှင့်မူ မကြာခဏ ပဋိပက္ခဖြစ်နေခဲ့သည်။ ကွတ်ခိုင်ဒေသတွင်

ဗကပစစ်နယ်မြေတိုးချဲ့မှုကြောင့် ကေအိုင်အေများသည် တပ်မတော် အား လာရောက်ဆက်သွယ်ခဲ့သည်။ တပ်မတော်ကိုမတိုက်ဘဲ ဗကပကိုသာဦးတည်

ရန်သူအဖြစ် တိုက်ခိုက်နေခဲ့ သည်။ သို့သော် ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဇော်ဒန်နှင့် အင်အားစုများက ကချင်(၄)ကို ချုံခိုတိုက်ခိုက်ခဲ့သည်။

ထို့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကေအိုင်အေများသည် ဗကပတပ်ရင်း(၂ဝ၂)၊ (၃ဝ၃)တို့နှင့် နားလည်မှု ယူခဲ့ပြန်သည်။ ၁၉၇ဝ ပြည့်နှစ်မှစ၍ ကေအိုင်အေ

တပ်မဟာ(၂)၊ တပ်ရင်း(၅)နှင့် တပ်ရင်း(၆)ကို ဇော်တူး ကိုယ်တိုင်ကွပ်ကဲ၍ ကာမိုင်းမြို့နယ်၊ ဖားကန့်လုံးခင်း ဒေသမှကျောက်စိမ်းများအား ထိုင်းနိုင်ငံသို့

ခိုးထုတ်ရောင်းချ ခဲ့ကြသည်။ ထို့နောက်ထိုင်းနိုင်ငံမှပင် စစ်လက်နက်များကိုဝယ်ယူကြသည်။ အိန္ဒိယနိုင်ငံမှ ဖီဆိုနာဂ သောင်းကျန်းသူများကိုလည်း

တရုတ်နိုင်ငံမှသင်တန်းပေး၍ လက်နက်တပ်ဆင်လာသည်။ ဖီဆိုများအား အိန္ဒိယသို့ ပြန်ပို့ပေး၍ လက်နက်တောင်းယူခြင်းများကိုလည်း လုပ်လာသည်။

အရှေ့ပါကစ္စတန်နှင့် အပြန်အလှန်ဆက်သွယ် ကူညီမှုများရှိခဲ့သော်လည်း ဘဂင်္လားဒေ့ရှ်နိုင်ငံပေါ်ပေါက်လာသောအခါ အဆက်အသွယ်ပြတ်သွားရသည်

တပ်မဟာ(၁)မှူးဇော်ဒန်ကရခိုင်သောင်းကျန်းသူများကိုလက်နက်တပ်ဆင်လေ့ကျင့်ပေးခဲ့သည်။ ကေအိုင်အေ ဥက္ကဋ္ဌ ဇော်ဆိုင်းသည် ထိုင်းနိုင်ငံမှ

တာဝန်ရှိသူအချို့နှင့်ညှိနှိုင်းကာ ယင်းစစ်ဌာနချုပ်ကို ထိုင်းနိုင်ငံအတွင်းတွင် ဖွင့်လှစ်ထားခဲ့သည်။

၂၈။ ၁၉၇၂ခုနှစ်အတွင်းတွင် ကေအိုင်အေစစ်ဌာနချုပ်သည် ဇော်ဆိုင်းခေါင်းဆောင်၍ ထိုင်းနိုင်ငံ ထန်ဝိုးစခန်းတွင်လည်းကောင်း၊ တပ်မဟာ(၁)သည်

ဇော်ဒန်ခေါင်းဆောင်၍ ကွတ်ခိုင်၊ လားရှိုးနှင့် ဗန်းမော်ခရိုင်များတွင်လည်းကောင်း၊ ဇော်တူးခေါင်းဆောင်သော တပ်မဟာ(၂)သည် ဖားကန့်နယ်မြေနှင့်

မြစ်ကြီးနားခရိုင်တွင်လည်းကောင်း ခိုအောင်းလှုပ်ရှားကာ အိမ်နီးချင်းနိုင်ငံများမှ လက်နက်ခဲယမ်းအကူအညီ ရရှိရေးကိုကြိုးစားလျက်ရှိသည်။ စီးပွားရေးအရ

ကျောက်စိမ်းနှင့်ဘိန်းများကိုလည်း တိုးချဲ့ရောင်းဝယ်လာကြ လေသည်။

၁၉၇၂ ခုနှစ် မတ်လတွင်ရှိသော ကေအိုင်အေသောင်းကျန်းသူတို့၏ အင်အား[ပြင်ဆင်ရန်]

၂၉။ ကေအိုင်အေ

(က) ကေအိုင်အေစစ်ဌာနချုပ်။ ဇော်ဆိုင်း။

(ခ) တပ်မဟာ(၁)။ ဇော်ဒန်နှင့်အင်အား ၁၄၈ ယောက်။

(ဂ) လားရှိုးခရိုင် နှင့် ဗန်းမော်ခရိုင်

(၁) လားရှိုးခရိုင်တွင် လွမ်းဒေါင်နှင့် တပ်ရင်း(၂)၊ဇော်ဘွန်နှင့် တပ်ရင်း (၈)၊ ဒေါင်ခေါင်းနှင့် တပ်ရင်း(၉)တို့ကတာဝန်ယူသည်။

(၂) ဗန်းမော်ခရိုင်တွင် ဒွရောင်နှင့် တပ်ရင်း(၁)၊ ဂေါ်ရူလဒွနှင့် တပ်ရင်း (၅)တို့က တာဝန်ယူ သည်။

(ဃ) တပ်မဟာ(၂)။ ဇော်တူး နှင့် အင်အား ၁,၄၆၉ ယောက်ရှိပြီး ဇော်ဘောက်က တပ်ရင်း(၃)၊ ဇုတ်ဒိုင်ကတပ်ရင်း(၄)၊ လမာလရိန်းကတပ်ရင်း(၆)၊

ဇော်ဘောက်ကတပ်ရင်း(၇)၊ မဒင်ကီးယော် က တပ်ရင်း(၁၀)၊ ကဒေါ်ဇော်ဆိုင်းက တပ်ရင်း(၁၁) စသည်ဖြင့်တပ်ရင်းများအလိုက် တာဝန်ယူပြီး မြစ်ကြီးနားခရိုင်၊

တြိဂံဒေသ၊ ဧရာဝတီအနောက်ခြမ်း ဒေသများတွင် လှုပ်ရှား သည်။

(င) စုစုပေါင်းအင်အား။ ပြည်တွင်းတွင် ၂၉၅ဝ ခန့်ရှိပြီး ထိုင်းနိုင်ငံ ထန်ဝိုးတွင်ဌာနချုပ် ဖွင့်လှစ် ထားသည်။

သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်းဆက်သွယ်မှုများနှင့်ပဋိပက္ခများ[ပြင်ဆင်ရန်]

၃ဝ။ ဗကပနှင့်ကေအိုင်အေသောင်းကျန်းသူများ။ ဗမာပြည်ကွန်မြူနစ်ပါတီမှ အင်အားစုအချို့သည် ၁၉၅ဝ ပြည့်နှစ်ကတည်းက ပြည်ပနိုင်ငံသို့ရောက်ရှိခဲ့ပြီးနောက်

၁၉၆၄ ခုနှစ်မှစ၍ ပြည်ပကွန်မြူနစ်ပါတီ၏ နိုင်ငံရေး၊ စစ်ရေး အကူအညီများ တစ်စတစ်စ တိုးတက်များပြားစွာရရှိလာခဲ့သည်။ ကေအိုင်အေများသည်လည်း

အိမ်နီးချင်းနိုင်ငံများမှ အကူအညီရရှိရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၁၉၆၇ ခုနှစ်၊ ပြည်ပကျောင်းသားများ အရေးအခင်းကို အကြောင်းပြု၍ ပြည်ပနိုင်ငံက နိုင်ငံရေး၊

စစ်ရေးသင်တန်းများပေးရန် လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ကတိပေးခဲ့သည်။ ၁၉၆၇ ခုနှစ် ဇူလိုင်လတွင် မရန်ဘရန်ဆိုင်းဦးစီးသော ရှေ့ပြေးအဖွဲ့

၃၄ ယောက်သည် ပြည်ပနိုင်ငံသို့ရောက်ရှိသွားသည်။ ထို့နောက် မြို့တစ်မြို့တွင် ပြည်ပအာဏာပိုင်များနှင့် ဆွေးနွေးပြီး ကေအိုင်အေက ကွန်မြူနစ်ဝါဒခံယူရန်

သဘောတူ၍ပြည်ပက နိုင်ငံရေး၊ စစ်ရေးအကူအညီများ ပေးရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် ဇော်တူး၊ ဇော်ဒန်၊ လမုံတူးဂျိုင်၊ မရန်ဘရန်ဆိုင်၊ ပုံရွှေ

ဇော်ဆိုင်းတို့ ခေါင်းဆောင်သော ကေအိုင်အေ ၄၂၅ ယောက်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ နိုင်ဝင်ဘာလ ၄ ရက်နေ့မှ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ

ပြည်ပနိုင်ငံသို့သွားရောက်ခဲ့ပြီး မြိုတစ်မြို့တွင် ဗသိန်းတင်၊ နော်ဆိုင်းတို့နှင့် ဆွေးနွေးခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ကေအိုင်အေသည် ပြည်ပနိုင်ငံမှ နိုင်ငံရေး၊

စစ်ရေးအကူအညီများရရှိခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးတက်လုပ်ဆောင်နိုင်ခဲ့လေသည်။

၃၁။ ကေအိုင်အေများသည် ၁၉၇၆ ခုနှစ် နှစ်ကုန်မှစ၍ တပ်ရင်း(၉)ရင်းအထိဖွဲ့စည်းခဲ့ပြီး ကချင်ပြည် နယ်တွင် အင်အား ၁၇၅ဝ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်

အင်အား ၅ဝဝ အထိတိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင် အခြေစိုက်နေသော ဇော်ဆိုင်းထံမှလည်း လက်နက်ခဲယမ်းများ

ရရှိခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် လက်ရွေးစင်အထူးတိုက်ခိုက်ရေးတပ်များဖွဲ့စည်း၍ တိုက်ခိုက်လာကြရာ မြစ်ကြီးနားနယ်မြေမှ ကဝပန်(အင်ဝိုင်-၂ဝ၄၄)၊ ဒူရစ်ဂါး

(အင်ဝိုင်-ဝ၄၆၆)၊တင်ဂရူးကောင်း(အင်ဝိုင်-၈၅ဝ၄) တပ်စခန်းများကျဆုံးခဲ့ရသည်။ ၁၉၆၈ ခုနှစ် အတွင်းမှာပင် ဇတ်ဒိုင်ခေါင်းဆောင်သောတပ်ရင်း (၁၀)ကို စတင်

ဖွင့်လှစ်ခဲ့သည်။

၃၂။ ဇော်ထူးသည် ကွန်မြူနစ်ဝါဒနှင့်ပြည်ပအတွေးအခေါ်ကိုလက်ခံခဲ့သော်လည်း အောက်ခြေငယ်သား များနှင့် နယ်မြေလူထုက ကွန်မြူနစ်ဝါဒကိုမနှစ်မြို့ကြပေ။

ကေအိုင်အေ၏ မူလစည်းရုံးမှုမှာလည်း ကျဉ်းမြောင်း သောလူမျိုးရေးနှင့်ဘာသာရေးကို အဓိကအခြေခံခဲ့သောကြောင့် ကွန်မြူနစ်ဝါဒနှင့်ဆန့်ကျင်ဘက်သဖွယ်

ဖြစ်နေ သည်။ ကေအိုင်အေရော ဗကပပါ ပြည်ပပုံစံကွန်မြူနစ်ဝါဒနှင့်ပြည်ပဩဝါဒကို လက်ခံခဲ့ကြသော်လည်း ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁

ရက်တွင်နော်ဆိုင်းခေါင်းဆောင်သော ဗကပများ မုံးကိုး(အက်စ်-၂၄၉၉) ကို ဝင်ရောက် ရာမှစ၍ အကျိုးစီးပွားလုဘက်များဖြစ်လာကြသည်။ ၁၉၆၈ ခုနှစ်၊

မတ်လတွင် ကေအိုင်အေတပ်ရင်း (၄)အဖွဲ့(၁)မှူး၊ မရူလူမျိုးဇေလွမ်း၊ အဖွဲ့(၅) မှူး၊ ဇခုံတိမ်ယိမ်းနှင့်နောက်လိုက် ၁၂ဝ တို့ ကေအိုင်အေမှခွဲထွက်ပြီး

ပြည်ပနိုင်ငံသို့သွားရောက်ခိုလှုံခဲ့ကြသည်။ ဇေလွမ်းနှင့်ဇခုံတိမ်ယိမ်းအင်အားစုများသည် ဗကပနှင့်ပူးပေါင်းမိပြီး ဗကပတပ်ရင်း(၁၀၁)အဖြစ် ပြန်ဝင်လာကြရာ

ကေအိုင်အေများအနေနှင့်ဗကပအပေါ် ပိုမို၍မကျေနပ်စရာ ဖြစ်လာခဲ့ရသည်။

၃၃။ ဗကပများသည်ရှမ်းပြည်မြောက်ပိုင်းတွင် အရှေ့မြောက်စစ်ဒေသများကိုဖွင့်လှစ်ရာ၌ နယ်ခံ ကေအိုင်အေများနှင့် ဒေသခံကချင်တိုင်းရင်းသားတို့အား

လွယ်ကူစွာစည်းရုံးနိုင်စေရန် ကချင်တောခိုစစ်ဗိုလ် နော်ဆိုင်းကိုခေါင်းဆောင်စေခဲ့ခြင်းဖြစ်သည်။ သို့သော် ဗကပနှင့်ကေအိုင်အေတို့၏ပဋိပက္ခမှာ ကြီးမားသည်

ထက် ကြီးမားလာသည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ကေအိုင်အေတက်မဟာ(၂)ဌာနချုပ်၌ပြုလုပ်သော အစည်းအဝေးက နော်ဆိုင်းခေါင်းဆောင်သော

ဗကပများကို နံပါတ်(၁)ဦးစားပေးရန်သူအဖြစ် သတ်မှတ်လိုက်ပြီး ဇွန်လမှစ၍ ဗကပများအား စစ်ရေးရင်ဆိုင်မှုပြုလုပ်လာသည်။ ဇော်တူးကလည်း ကွန်မြူနစ်ဝါဒကို

စွန့်လွှတ် ကြောင်း အတိအလင်းကြေညာသည်။ ကေအိုင်အေသည် ဗကပနှင့်တိုက်ပွဲများဖြစ်ပွားနေသော်လည်း လက်နက် ခဲယမ်းများရရှိရေးအတွက်မူ

ပြည်ပနိုင်ငံနှင့်တစ်ဘက်လှည့် ဆက်သွယ်နေရသည်။ အခြားနိုင်ငံများမှ အကူအညီ ရရှိရေးအတွက်မူ ပြည်ပနိုင်ငံများမှ အကူအညီရရှိရေးကိုလည်း ကြိုးပမ်းခဲ့သည်။

၁၉၆၉ ခုနှစ် တွင် အိန္ဒိယနိုင်ငံမှ ဖီဇိုနာဂသောင်းကျန်းသူများအား ပြည်ပနိုင်ငံသို့ သင်တန်းတက်ရန်ပို့ပေးခဲ့ပြီး အပြန်တွင် ပြည်ပနိုင်ငံများမှ တပ်ဆင်ပေးလိုက်သော

လက်နက်၊ ခဲယမ်းအချို့ကို ဖီဇိုနာဂများထံမှ ခွဲဝေရယူခဲ့သည်။ လူအင်အားအနေနှင့်ကား အသက် ၁၃ နှစ်အထက် ယောကျာ်းကလေး၊ မိန်းကလေးများကိုပါ

အတင်းအဓမ္မဖမ်းဆီး၍ စစ်သားသစ်အဖြစ် သိမ်းသွင်းလေ့ကျင့်အသုံးပြုလာသည်။

၃၄။ ကေအိုင်အေတပ်မဟာ(၁)လက်အောက်တွင် တပ် ရင်း(၁)၊ (၂)၊ (၅)၊ (၈)နှင့် (၉)တို့ဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာ(၂)လက်အောက်တွင် တပ်ရင်း(၃)၊ (၄)၊

(၆)၊ (၇)၊ (၁၀)နှင့်(၁၁)တို့ဖြင့် ဖွဲ့စည်းထားသည်။ ဗကပ အား ဦးစားပေးရန်သူအဖြစ် သတ်မှတ်ထားသောကြောင့် ကေအိုင်အေတပ်မဟာ(၁)သည် တပ်မတော်အား

တတ်နိုင်သမျှရှောင်ရှားပြီး ဗကပကိုသာရှာဖွေတိုက်ခိုက်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများကိုလည်း နားလည်မှု ယူနိုင်ရန် ဆက်သွယ်ကမ်းလှမ်းခဲ့သည်။

၃၅။ ကေအိုင်အေမှခွဲထွက်သွားခဲ့သော ဇေလွမ်းနှင့် စခုံတိမ်ယိမ်းတို့သည် ပြည်ပတွင်သင်တန်းဆင်းပြီး နောက် ဗကပတပ်ရင်း(၁၀၁)အဖြစ်

ပြန်လည်ဝင်ရောက်လာသည်။ ဇေလွမ်းနှင့်အင်အား ၂ဝဝ ခန့်သည် ခန်တန်တောင်ကြားလမ်း (အက်စ်ဒီ-၉၅၁၀)သို့ ၁၉၆၉ ခုနှစ် မေလ ၁၉ ရက်နေ့တွင်

လည်းကောင်း၊ မေလ ၂ဝ ရက်နေ့တွင် ကန်ပိုက်တီး(အက်စ်ဒီ-၉၁၅၇) သို့လည်းကောင်းဝင်ရောက်ခဲ့ပြီး စခုံတိမ်ယိမ်းနှင့်အင်အား ၂ဝဝ ခန့်သည် ၁၉၆၉ ခုနှစ်

မေလ ၂၇ ရက်နေ့တွင် တန်လုံ (အင်ဇက်-၃၉၆၉)ပြည်သူ့ရဲစခန်းကိုတိုက်ခိုက်၍ ပြည်တွင်းသို့ ဝင်ရောက် လာရာ မေခမြစ်အရှေ့ခြမ်း ချီဖွေ၊ လောခေါင်၊

ဆောလောဒေသများတွင် ကေအိုင်အေနှင့် ထိပ်တိုက်တိုးလာ ရသည်။ ဇော်ဒန်ခေါင်းဆောင်သော တပ်မဟာ(၁)သည် ကွတ်ခိုင်နယ်မြေတွင်

တပ်မတော်နှင့်နားလည်မှုယူ၍ လှုပ်ရှားနေရာမှ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလပထမအပတ်တွင် လားရှိုးမြောက်ဘက်၌ ကချင်(၄)ယာဉ်အုပ်စုအား

ချုံခိုတိုက်ခိုက်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဗကပတပ်ရင်း(၂ဝ၂)၊ (၃ဝ၃)တို့နှင့် နားလည်မှုယူပြီးအပစ်အခတ် ရပ်စဲကြပြန်သည်။

၃၆။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် ကေအိုင်အေဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကျင်းပရာ ဝန်ပေါင်တိုင်းပြည်

လွတ်မြောက်ရေးအဖွဲ့၏မဟာနိုင်ငံရေးလမ်းစဉ်ကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ ကေအိုင်အေ တို့၏လမ်းစဉ်တွင် ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့

နိုင်ငံရေးယုံကြည်ချက်နှင့်ရည်မှန်းချက်ပန်းတိုင်၊ ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့၏ အဓိကအခြေခံသောတရားကိုယ်များ၊ တိုက်ဖျက်ရမည့်ရန်သူ၊

မျက်မှောက်အချိန် ဦးတည်တိုက်ဖျက်ရမည့်ရန်သူ၊ မည်သူကပြည်သူလူထု၊ မည်သူက ရန်သူ၊ ဝန်ပေါင်တိုင်းပြည် တက်ကြွရေး၏အခြေခံလူတန်းစား၊

ရည်မှန်းချက်ပန်းတိုင်ရောက်အောင် တိုက်ခိုက်သွားရမည့် နည်းဗျူဟာ၊ ပြည်သူလူထု၏တော်လှန်ရေး၊ ပြည်သူလူထု၏စုစည်းညီညွတ်ရေး၊

လက်နက်ကိုင်တပ်ဖွဲ့စည်းထားရေး၊ နိုင်ငံတော် စီမံခန့်ခွဲရေး၊ ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေး၏ သဘောထားနှင့် နိုင်ငံခြားရေးဝါဒ စသည်တို့ကို ခွဲခြား

ရှင်းလင်းထားသည်။

၃၇။ ဇော်တူးခေါင်းဆောင်သော ကေအိုင်အေများသည် အခြေခံနယ်မြေများမှ လူသစ်များကို အတင်း အဓမ္မစုစည်းပြီးနောက် ဗွီဒီအက်(ခေါ်)ကျေးရွာ

ကာကွယ်ရေးအဖွဲ့များနှင့်အယ်လ်ဂျီအက်ဖ်(ခေါ်) ဌာနေ ပြောက်ကျားတပ်များကိုပါ တစ်ပါတည်းဖွဲ့စည်း လေ့ကျင့်ခဲ့သည်။

ကျေးရွာလူကြီးများကိုခေါ်ယူသင်တန်းပေးပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်စေသည်။ မရန်ဘရန်ဆိုင်းသည် ပြည်ပနိုင်ငံသို့သွားရောက်ပြီး ဗကပတို့၏

အခြေအနေကိုတင်ပြခဲ့သော်လည်း ပြည်ပအာဏာပိုင်များက ဗကပ၏ခေါင်းဆောင်မှုအောက်သို့ ဝင်ရောက်ရန် သာ တိုက်တွန်းခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် နှစ်ဆန်းတွင်

ကေအိုင်အေ ၂၂ဝ ခန့်အား ပြည်ပနိုင်ငံသို့ သင်တန်း စေလွှတ်ရေးနှင့်ကေအိုင်အေကလည်း ကသာခရိုင်အတွင်းရှိ ဗကပ ၁၅ဝ ခန့်ကို ပြည်ပနိုင်ငံသို့ပို့ဆောင်ပေးရေး

ကို သဘောတူညီမှုရလာကြသည်။

၃၈။ ၁၉၇ဝ ပြည့်နှစ် မေလတွင် ထွန်းရွှေမောင်ခေါင်းဆောင်သော ရခိုင်လူငယ်တစ်စုအား ကေအိုင်အေ က လက်နက်တပ်ဆင်ဖွဲ့စည်းလေ့ကျင့်ခဲ့ပြီး ကချင်၊ နာဂ

မီဇိုရခိုင်သောင်းကျန်းသူများပူးပေါင်းလှုပ်ရှားနိုင်ရေးကို ကြိုးပမ်းခဲ့သည်။ ထိုစဉ်က အရှေ့ပါကစ္စတန် နိုင်ငံ(နောင်သော်ဘဂင်္လားဒေ့ရှ်နိုင်ငံ)ကိုလည်း

ကမ်းလှမ်းခဲ့သည်။

၃၉။ ဗကပနှင့်ကေအိုင်အေတို့သည် နားလည်မှုရယူပြီး အပစ်အခတ်ရပ်စဲထားကြရာမှ ဗကပများက မုံးပေါ်၊ နမ့်ချက်ဒေသမှတောင်ပိုင်းကေအိုင်အေနယ်မြေများသို့

မသိမသာချင်းနင်းဝင်ရောက်လာကြသဖြင့် ကေအိုင်အေနှင့်ဗကပတို့ အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုများ ပေါ်ပေါက်လာပြန်သည်။ ကေအိုင်အေများသည်

ပြည်ပကွန်မြူနစ်ပါတီ၏ လက်နက်ခဲယမ်းထောက်ပံ့မှုကို မှီခိုနေရသောကြောင့် ဗကပအား ပြတ်ပြတ်သားသားဆန့် ကျင်၍မရဘဲဖြစ်နေသည်။

ဗကပနှင့်ပြေလည်မှုရရန် ကြိုးပမ်းသော်လည်းအောင်မြင်မှုမရခဲ့ပေ။ ထို့ကြောင့် တပ်မတော်ထံ ဆက်သွယ်ချဉ်းကပ်မှုများပြုလုပ်လာကြပြန်သည်။ အစိုးရနှင့်

စေ့စပ်ဆွေးနွေးရန်ပြင်ဆင်လာ ကြသည်။ ထိုအချိန်မှာပင် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လမုန်တူးဂျိုင်နှင့် ဗကပ ခေါင်းဆောင်များ

မုံးပေါ်တွင်ဆွေးနွေးကြရာ သဘောတူညီချက်အချို့ရရှိသဖြင့် အစိုးရအားဘုံရန်သူအဖြစ် သတ်မှတ်ကြပြန်သည်။ ကေအိုင်အေတို့သည်

ပြည်ပနိုင်ငံ၏ထောက်ပံ့ပေးကမ်းမှုကိုလည်း လက်မလွှတ်နိုင်၊ ဗကပကိုလည်း လက်မခံနိုင်သောကြောင့် တပ်မတော်နှင့်ဗကပအကြားတွင်

စစ်ရေးအခြေအနေပေါ်မူတည်၍ မကြာခဏပြောင်းလဲဆက်ဆံနေရလေသည်။

၄ဝ။ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် ကေအိုင်အေတို့သည် စစ်ရေးတိုးမြှင့်ဆန့်ကျင်ရန် ရည်ရွယ်ချက်ဖြင့် တပ်ရင်း(၁၁)ရင်းကို စစ်ကြောင်းလေးကြောင်းဖွဲ့စည်း၍

တပ်မတော်အားတိုက်ခိုက်ရန်ကြိုးပမ်းလာသည်။ စစ်ကြောင်းများမှာ ဧရာဝတီမြစ်အနောက်ခြမ်းတွင် တပ်ရင်း(၅)၊ (၆) နှင့် (၁၂)တို့ကို ဇော်တူးကိုယ်တိုင်ဦးစီး သော

ကျားသစ်စစ်ကြောင်း၊ ကွတ်ခိုင်နယ်မြေတွင် တပ်ရင်း(၁)၊ (၂)၊ (၈)နှင့် (၉)တို့ကို ဇော်ဒန်ကိုယ်တိုင် ခေါင်းဆောင်၍ ဆင်စစ်ကြောင်း၊

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသတွင် တပ်ရင်း(၃)နှင့် (၁၀)ကို ကမ်ထွဲ ခေါင်းဆောင်၍ ခြင်္သေ့စစ်ကြောင်း၊ ပူတာအိုနယ်မြေတွင် တပ်ရင်း(၄)နှင့်(၇)ကို

ဇော်အိမ်ခေါင်းဆောင်၍ ကြံ့စစ်ကြောင်းဟူ၍ဖြစ်သည်။ ဗကပနှင့်ကေအိုင်အေတို့မှာ နားလည်မှုယူထားကြသော်လည်း ခိုင်မြဲသော

မဟာမိတ်များမဟုတ်သည့်အလျောက် ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင် ဗကပတို့က ကေအိုင်အေနယ်မြေများကို ထိုးဖောက်စည်းရုံးလာသဖြင့်

တိုက်ပွဲများဖြစ်ပွားလာပြန်သည်။ ကေအိုင်အေများကလည်း တပ်မတော်ထံသို့ ကိုယ်စားလှယ်စေလွှတ်ခြင်း၊ စာရေးသားဆက်သွယ်ခြင်းများပြုလုပ်လာပြန်သည်။

တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗကပများအားတိုက်ခိုက်ရင်း မကြာခဏအပစ်အခတ်ရပ်စဲ၍ မကြာခဏပင် ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံမှတစ်ဆင့် လက်ယာအုပ်စုနှင့်ဆက်သွယ်ပြီး အကူအညီရရန်လည်း ကြိုးစားမြဲကြိုးစား နေသည်။ တပ်မတော်အား နားလည်မှုယူခဲ့ခြင်းမှာမူ

စစ်ရေးအရနှစ်ဖက်ညှပ်နေခြင်းမှ ယာယီထွက်ပေါက် ရရန်သာဖြစ်ခဲ့လေသည်။

၄၁။ ကေအိုင်အေများသည် ဗကပအား ဘုံရန်သူအဖြစ်သတ်မှတ်၍ တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ရန် လက်နက်၊ ခဲယမ်းနှင့်ဆေးဝါးပစ္စည်းများ

အကူအညီတောင်းခံခဲ့သည်။ တပ်မတော်မှ ၁၉၇၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အပစ်အခတ်ရပ်စဲ၍ လူငယ်လူရွယ်များအား စည်းရုံးသိမ်းသွင်းခြင်း၊

ဆက်ကြေးမကောက်ရ သေးသောနေရာဒေသများတွင် မပေးခဲ့ရသောနှစ်များအတွက်ပါ အေကြွေးသတ်မှတ်၍ ဆက်ကြေးကောက်ယူ ခြင်းများပြုလုပ်ခဲ့သည်။

ထို့အပြင် တပ်များလှုပ်ရှားခြင်းမပြုရန် စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်၍ ဗကပအား တားဆီးပိတ်ဆို့ရန်အကြောင်းပြချက်ဖြင့်

စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်။ ၁၉၇၁ ခုနှစ်အတွင်း ကတည်းက ပလောင်တပ်ရင်း(၂)အား စတင်စည်းရုံးသိမ်းသွင်းခဲ့ရာ ၁၉၇၂ ခုနှစ်တွင် ဇော်ဒန်၏

တပ်မဟာ(၁) လက်အောက်သို့ရောက်ရှိလာသည်။

၄၂။ ကေအိုင်အေဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကို ဆမားဘွမ်(အက်စ်ဒီ-၆ဝ၇၆)တွင် ကျင်းပခဲ့ သည်။ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း

ဆက်ကြေးများကောက်ယူခြင်းကိုလည်း တိုးမြှင့်ပြုလုပ်နေသည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၂၉ရက်နေ့တွင် ဟူးကောင်းတောင်ကြားဒေသ၌ တပ်ရင်း(၆)နယ်မြေတွင်

ဗဟို ကော်မတီအစည်းအဝေးပွဲတစ်ရပ်ကို စတင်ကျင်းပကြပြန်သည်။ ကေအိုင်အေတို့၏ ဗဟိုကော်မတီအစည်းအဝေး မပြီးဆုံးခင်မှာပင်တပ်မတော်သည်ယင်းတို့၏

မရိုးသားမှုများကြောင့်ဆက်လက်ဆွေးနွေးရန် အကျိုးမထူး တော့သဖြင့် ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆွေးနွေးပွဲကိုပယ်ဖျက်လိုက်တော့သည်။

ကေအိုင်အေ ဗဟိုကော်မတီအစည်းအဝေးပွဲသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင်ပြီးခဲ့ရာ တပ်မတော်နှစ်ခုအစား တပ်မတော်လေးခုကို

အောက်ပါအတိုင်းဆုံးဖြတ်၍ တိုးချဲ့ဖွဲ့စည်းခဲ့လေသည်-

(က) တပ်မဟာ(၁)အား တူးဂျိုင်ဦးစီး၍ ကချင်ပြည်နယ်မြောက်ပိုင်း။

(ခ) တပ်မဟာ(၂)အား ဇော်တူးဦးစီး၍ ကချင်ပြည်နယ်အနောက်ပိုင်း။

(ဂ) တပ်မဟာ(၃)အား ဇော်မိုင်ဦးစီး၍ ကချင်ပြည်နယ်အရှေ့ပိုင်း။

(ဃ) တပ်မဟာ(၄)အား ဇော်ဒန်ဦးစီး၍ ကချင်ပြည်နယ်တောင်ပိုင်း။

၄၃။ စစ်ဦးစီးချုပ်မှာ ဇော်ဆိုင်းဖြစ်ပြီး ဒုစစ်ဦးစီးချုပ်မှာ ဇော်တူးဖြစ်သည်။ ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ)ကိုလည်းဖွဲ့စည်းခဲ့သည်။ ကေအိုင်စီသည်

ဗဟိုကော်မတီ၏အမြဲတမ်းကော်မတီတာဝန်ကို ပူးတွဲ ထမ်းဆောင်ရန်ဖြစ်ပြီး အောက်ပါအတိုင်းပါဝင်ခဲ့ကြသည်-

(က) ဗိုလ်မှူးချုပ် ဇော်တူး ဥက္ကဋ္ဌ

(ခ) ဆလန်ကဘာ ပုံရွှေဇော်ဆိုင်း အတွင်းရေးမှူး

(ဂ) ဗိုလ်မှူးကြီး တူးဂျိုင် တွဲဖက်အတွင်းရေးမှူး

(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် အဖွဲ့ဝင်

(င) ဆလန်ကဘာ မရန်ဘရန်ဆိုင်း အဖွဲ့ဝင်

(စ) ဒုဗိုလ်မှူးကြီး လမာလရိန်း အဖွဲ့ဝင်

(ဆ) ဆလန်ကဘာ ဇော်အောင် အဖွဲ့ဝင်

(ဇ) ဒုဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင်

(ဈ) ဗိုလ်မှူး မရန်ဘရန်တောင် အဖွဲ့ဝင်

(ည) ဗိုလ်မှူး ခွန်ချို အဖွဲ့ဝင်

(ဋ) ဗိုလ်မှူး ဇော်ဘွန် စီးပွားရေးတာဝန်ခံ

(ဌ) ဗိုလ်မှူး ဇော်ဖန် အဖွဲ့ဝင်

၄၄။ ကချင်လွတ်မြောက်ရေးကောင်စီ(ကေအိုင်စီ) အောက်တွင်အောက်ပါအဖွဲ့အစည်းသုံးရပ် တည်ရှိသည်-

(က) ကချင်လွတ်မြောက်ရေးတပ်မတော်(ကာကွယ်ရေး)ကေအိုင်အေ။

(ခ) အုပ်ချုပ်ရေးအဖွဲ့။

(ဂ) ကချင်ပြည်လွတ်မြောက်ရေးစည်းရုံးရေးအဖွဲ့၊ (ကေအိုင်အို)။

၄၅။ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တွင်အောက်ပါစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းထားသည်-

(က) ဗိုလ်ချုပ် ဇော်ဆိုင်း ဥက္ကဋ္ဌ

(ခ) ဗိုလ်မှူးချုပ် ဇော်တူး ဒုဥက္ကဋ္ဌ (တပ်မဟာ-၂)

(ဂ) ဗိုလ်မှူးကြီး တူးဂျိုင် အတွင်းရေးမှူး (တပ်မဟာ-၁)

(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် အဖွဲ့ဝင် (တပ်မဟာ-၄)

(င) ဒုဗိုလ်မှူးကြီး လမာလရိန်း တွဲဖက်အတွင်းရေးမှူး

(စ) ဒုဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင် (တပ်မဟာ-၃)

(ဆ) ဗိုလ်မှူး ဘရန်တောင် အဖွဲ့ဝင်

၄၆။ ကေအိုင်အေတွင် တပ်စိတ်မှတပ်စု၊ တပ်ခွဲ၊ တပ်ရင်း တပ်မဟာအဆင့်အထိ စနစ်တကျဖွဲ့စည်းထားပြီး တပ်မဟာ(၁)တွင် တပ်ရင်း(၄)၊ (၇)နှင့် (၁၀)၊ တပ်မဟာ

(၂)တွင် တပ်ရင်း(၅)၊ (၆)နှင့် (၁၁)၊ တပ်မဟာ(၃)တွင် တပ်ရင်း (၁)နှင့် (၃)၊ တပ်မဟာ (၄)တွင် တပ်ရင်း(၂)၊ (၈)နှင့်(၉)တို့ ပါဝင်ကြသည်။ တပ်မဟာမှူးသည်

တိုင်းအုပ်ချုပ်ရေးကိုလည်းကောင်း၊ တပ်ရင်းမှူးသည် ခရိုင်အုပ်ချုပ်ရေးကိုလည်းကောင်း၊ အဖွဲ့မှူးသည် မြို့နယ် အုပ်ချုပ်ရေးကိုလည်းကောင်း၊ အဖွဲ့ငယ်မှူးသည်

တိုက်နယ်အုပ်ချုပ်ရေးကိုလည်းကောင်း တာဝန်ယူကြရသည်။ အုပ်ချုပ်ရေးအနေနှင့် တိုင်းများကို အောက်ပါအတိုင်းခွဲခြား၍ တာဝန်ယူကြရသည်-

(က) ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းအုပ်ချုပ်ရေး(တပ်မဟာ-၁)

(၁) ဗိုလ်မှူးကြီး လမုံတူးဂျိုင် တိုင်းအုပ်ချုပ်ရေးမှူး

(၂) ဗိုလ်မှူး ဒွဲရှောင် ဒုတိုင်းအုပ်ချုပ်ရေးမှူး

(၃) ဗိုလ်မှူး မရန်ဘရန်ရှောင် ဘဏ္ဍာရေးအရာရှိ

(ခ) ကချင်ပြည်နယ်အနောက်ပိုင်းတိုင်းအုပ်ချုပ်ရေး(တပ်မဟာ-၂) (၁) ဗိုလ်မှူးချုပ် ဇော်တူး တိုင်းအုပ်ချုပ်ရေးမှူး

(၂) ဒုဗိုလ်မှူးကြီး လမာလရိန်း ဒုတိုင်းအုပ်ချုပ်ရေးမှူး

(ဂ) ကချင်ပြည်နယ်အရှေ့ပိုင်းတိုင်းအုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၃)

(၁) ဒု-ဗိုလ်မှူးကြီး ဇော်မိုင် တိုင်းအုပ်ချုပ်ရေးမှူး

(၂) ဗိုလ်မှူး ခွန်ချို ဒုတိုင်းအုပ်ချုပ်ရေးမှူး

(ဃ) ကချင်ပြည်နယ်တောင်ပိုင်းအုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၄)

(၁) ဗိုလ်မှူးကြီး ဇော်ဒန် တိုင်းအုပ်ချုပ်ရေးမှူး

(၂) ဗိုလ်မှူး ဇော်ဖန် ဒုတိုင်းအုပ်ချုပ်ရေးမှူး / (ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူး)

(၃) ဗိုလ် တူးဂေါင် (လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး)

၄၇။ ကေအိုင်အေမှာမူ စည်းရုံးရေးဆိုင်ရာသီးခြားအဖွဲ့ အစည်းအဝေးတစ်ရပ်ဖြစ်ပြီးကာကွယ်ရေး (ကေအိုင်အေ) အုပ်ချုပ်ရေးအဖွဲ့များနှင့်

ညှိနှိုင်းဆောင်ရွက်ရသည်။ ကေအိုင်အိုကို အောက်ပါအတိုင်းခေါင်းဆောင် ကြသည်-

(က) ဗိုလ်မှူးချုပ် ဇော်တူး ဥက္ကဋ္ဌ တပ်မဟာ(၂)

(ခ) ဗိုလ်မှူးကြီး တူးဂျိုင် ဒု-ဥက္ကဋ္ဌ တပ်မဟာ(၁)

(ဂ) ဆလန်ကဘာ ပုံရွှေဇော်ဆိုင်း အတွင်းရေးမှူး

(ဃ) ဗိုလ်မှူးကြီး ဇော်ဒန် တွဲဖက်အတွင်းရေးမှူး

(င) ဒု-ဗိုလ်မှူးကြီး လမာလရိန်း အဖွဲ့ဝင်

(စ) ဒုဗိုလ်မှူးကြီး ဇော်မိုင် အဖွဲ့ဝင်

(ဆ) ဗိုလ်မှူးကြီး မရန်ဘရန်တောင် အဖွဲ့ဝင်

(ဇ) ဆလန်ကဘာ မရန်ဘရန်ဆိုင်း အဖွဲ့ဝင်

၄၈။ စင်စစ် ကချင်သောင်းကျန်းသူများသည် လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စည်းရုံးရေးအဖွဲ့ တို့ကို ကျေးရွာအဆင့်အထိခွဲခြား၍

စနစ်တကျဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့သော်ခေါင်းဆောင်မှုအားလုံးမှာမူ ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန် ဟူသောဇော်ညီအစ်ကို သုံးဦးလက်ထဲတွင်သာရှိနေသည်။

ဇော်ဆိုင်းသည် ကချင် သောင်းကျန်းသူများ၏နံပါတ်(၁) ခေါင်းဆောင် နေရာတွင်ရှိပြီး ထိုင်းနိုင်ငံတွင်သာနေထိုင်သည်။ ပြည်တွင်းရှိ

ကေအိုင်အေများအားနံပါတ်(၂)ခေါင်းဆောင် ဖြစ်သူ ဇော်တူးကသာကွပ်ကဲအုပ်ချုပ်နေသည်။ ရှေ့တန်းစစ်ဦးစီး ဌာနချုပ်(အက်ဖ်ဂျီအိပ်ချ်ကြူ)ကို ဗိုလ်ဇော်ဂန်

ဦးစီးအင်အား ၅ဝ ခန့်ဖြင့် မဂျီဘွမ်ဒေသ ကော့လွန်ရွာပုန်း (အင်န်အိပ်ခ်စ် ၆၂၁၂) တွင် ဖွင့်လှစ်ထားပြီး စစ်ဦးစီးဌာနချုပ် (ဂျီအိပ်ချ်ကြူ)မှာမူ ခန့်မှန်း(အင်ဝိုင် ၆၁၇၃)

တွင်ရှိသည်။

၄၉။ ကချင်သောင်းကျန်းသူများတွင် ကေအိုင်အေ (ခေါ်) လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကေအိုင်အိုဟူ၍ အဖွဲ့အစည်းသုံးရပ်ရှိပြီး ကေအိုင်စီ

(ခေါ်)ကချင်လွတ်မြောက်ရေးကောင်စီက ကွပ်ကဲဦးစီး နေသော်လည်း ကေအိုင်အေလက်နက်ကိုင်အဖွဲ့သာ ထင်ရှားသည်။ ထို့ကြောင့် ကချင်သောင်းကျန်းသူများ

အားလုံးကို ကေအိုင်အေဟူ၍သာ ယေဘုယျအားဖြင့် ခေါ်ဆိုခဲ့ကြသည်။ ကေအိုင်အေတို့သည် တပ်မတော်နှင့် ဗကပအကြားတွင် စစ်ရေးအခြေအနေအရ

အခွင့်သာသည့်အလျောက် ချဉ်းကပ်၍တစ်ဖက်နိုင်ငံ၏အကူ အညီဖြင့် အင်အားကြီးထွားလာစဉ် ဗကပများမှာလည်း ကေအိုင်အေနှင့်ပတ်သက်၍

သဘောထားကွဲလွဲမှုများ ကို ရင်ဆိုင်လာရသည်။

၅ဝ။ ဗကပများ၏ကေအိုင်အေအပေါ် သဘောထားမှာ တန်းတူရည်တူမဟာမိတ်အဖြစ် သဘောထားရန် မဟုတ်ဘဲ လက်အောက်ခံအဖွဲ့အစည်းအဖြစ် အမြတ်ထုတ်ပြီး

မှ မိမိ၏ပါတီအတွင်းသို့ သိမ်းသွင်းလိုက်ရန်သာ ရည်ရွယ်ခဲ့သည်။ ဗကပများသည် ကေအိုင်အေများအား လူမျိုးရေးအရ ခေါင်းဆောင်မှုလွယ်ကူစေရန် နော်ဆိုင် အား

စစ်ရေးတာဝန်ခံ အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နော်ဆိုင်းသည် ကေအိုင်အေအား မတိုက်ခိုက်ရန်ပြင်း ထန်စွာငြင်းခုန်ဆွေးနွေးခဲ့သောကြောင့် ဗကပများက

နော်ဆိုင်းအပေါ် မကျေနပ်တော့ပေ။ ထို့ကြောင့် ဗကပ ခေါင်းဆောင်ခင်မောင်ကြီးသည် နော်ဆိုင်းနှင့်ဝလူမျိုး ခေါင်းဆောင်တစ်ဦးအား ၁၉၇၂ ခုနှစ်၊ မတ်လ ၈

ရက်နေ့ တွင်ဖမ်းဆီး၍ ရိုက်သတ်စေခဲ့သည်။ ထို့နောက် နော်ဆိုင်းသည် တောလည်သွားရင်းချောက်ထဲ လိမ့်ကျ၍ သေဆုံးခဲ့ရကြောင်းလိမ်ညာကြေညာခဲ့သည်။

ကေအိုင်အေများကလည်းနော်ဆိုင်းမှာ အသတ်ခံရခြင်းဖြစ်ကြောင်း ရိပ်မိသိရှိကြလေရာဗကပဆန့်ကျင်ရေးဝါဒဖြင့် စာရွက်စာတမ်းများဖြန့်ချိကြပြီး

အခြေအနေတင်းမာလာကြပြန် သည်။ တိုက်ခိုက်မှုများလည်းဖြစ်ပွားလာသည်။ သို့နှင့် ဗကပနှင့်ကေအိုင်အို တို့သည်ဆက်ဆံရေး ပြေလည်လိုက်၊

တင်းမာလိုက်နှင့်တောက်လျှောက်ပဋိပက္ခဖြစ်ပွားခဲ့လေရာမဟာမိတ်ဖွဲ့စည်းမှုများမှာလည်းယာယီသာလျှင် ဖြစ်ခဲ့ရ လေသည်။

၅၁။ ကေအိုင်အေနှင့်နာဂသောင်းကျန်းသူများ။ ကေအိုင်အေသည် မိမိအကျိုးကျေးဇူးအတွက် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ဆက်သွယ်ကြိုးပမ်းခဲ့သည့်နည်းတူ

သောင်းကျန်းသူအဖွဲ့အစည်းအားလုံးနှင့်လည်း ဆက်သွယ်ခဲ့ကြသည်။ ဗကပကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းမျိုးကို စစ်ရေးအရ ထိန်းသိမ်းရင်ဆိုင်နိုင် လျှင်

ရင်ဆိုင်ထိန်းသိမ်းပြီး အခြေအနေအရရင်မဆိုင်နိုင်ပါက ယာယီမဟာမိတ်ဖွဲ့ခဲ့သည်။ သောင်းကျန်းသူ အဖွဲ့အစည်းငယ်များကိုမူ သိမ်းသွင်းဝါးမျိုရန်ကြိုးစားခဲ့သည်။

အိန္ဒိယနိုင်ငံမှ ဖီဇိုနာဂ၊ မီဇိုသောင်းကျန်းသူ များသည် ပြည်ပ၏အကူအညီဖြင့် ဆူပူသောင်းကျန်းလျက်ရှိကြလေရာ ကေအိုင်အေတို့သည် ပြည်ပနိုင်ငံနှင့်

ဆက်သွယ်ရေးတွင် ကြားခံဆောင်ရွက်ပေးပြီး အမြတ်ထုတ်ကြသည်။ ဖီဇိုနာဂသောင်းကျန်းသူများကို မိမိနိုင်ငံ အတွင်းသို့ဖြတ်သန်းကျူးကျော်စေပြီး ပြည်ပနိုင်ငံတွင်

သင်တန်းတက်ရန်ပို့ပေးခဲ့သည်။ ပြည်ပနိုင်ငံတွင် သင်တန်း တက်၍ လက်နက်တပ်ဆင်ကာပြန်လာသော ဖီဇိုနာဂသောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းအချို့ကို

ခွဲဝေရယူ သည်။ အဖွဲ့ငယ်လေးများကွဲထွက်လာလျှင်မူကား လက်စတုံးဖျောက်ဖျက်သုတ်သင်၍ လက်နက်ခဲယမ်းများကို သိမ်းယူလေ့ရှိကြသည်

၅၂။ ၁၉၇၃ ခုနှစ် မတ်လတွင် မီဇိုသောင်းကျန်းသူ တစ်ဖွဲ့ကို ပြည်ပနိုင်ငံသို့ပို့ပေးခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင်မူ

ပြည်တွင်းနာဂသောင်းကျန်းသူများနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးယင်းစာချုပ်တွင် ကေအိုင်အေက စစ်သင်တန်းနှင့်

လက်နက်များကူညီထောက်ပံ့မည်ဖြစ်ကြောင်း၊လွတ်လပ်ရေးရရှိပါက ကချင်ပြည်နယ်အတွင်းရှိ နာဂနယ်မြေအား သမိုင်းအစဉ်အလာသတ်မှတ်ချက်အတိုင်း

ခွဲဝေပေးမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။ နောက်ပိုင်းတွင် ကေအိုင်အေနှင့် ပြည်တွင်း၊ ပြည်ပနာဂလှုပ်ရှားမှုများ ပိုမိုများပြားလာပြီး ၁၉၇၄ ခုနှစ်တွင်

အိန္ဒိယ-မြန်မာနယ်စပ် နန့်ယွန်းမြို့နယ်၌ ကေအိုင်အေ နှင့်ခပ်ပလန်နာဂသောင်းကျန်းသူများ ပူးပေါင်းလှုပ်ရှား လာပြီး ခါးရှည်(အင်န်အက်စ် ၄၂၅၇)၏

အနောက်တောင်ဘက် အိန္ဒိယ-မြန်မာနယ်စပ်တွင် နာဂသောင်းကျန်းသူ အင်အား ၁၀ဝ အား ကေအိုင်အေက သင်တန်းပေးခဲ့သည်။ စင်စစ်ကေအိုင်အေတို့သည်

မိမိအသက်ရှူချောင်ရေး၊ အမြတ်ရရေးအတွက် ဖီဇိုနာဂနှင့်မီဇို(လူရိုင်း)များအား အကူအညီပေးခြင်း၊ ပြည်တွင်းနာဂများအား မြှောက်ပင့် သွေးထိုး၍

အကူအညီပေးခြင်း၊ ထွန်းရွှေမောင်၏အေအိုင်အေ (ခေါ်) ရခိုင်သောင်းကျန်းသူအဖွဲ့ ပေါ်ပေါက် လာရန် ကူညီပေးခြင်းတို့ကိုပြုလုပ်နေခြင်းသာဖြစ်လေသည်။

၅၃။ ကေအိုင်အေနှင့် ရှမ်းသောင်းကျန်းသူ။ ဇော်ဆိုင်းဦးစီးသော ကေအိုင်အေစစ်ဌာနချုပ်မှာ ထိုင်းနိုင်ငံ ထန်ဝိုးတွင်တည်ရှိနေသည်။ ထို့ကြောင့်

ကေအိုင်အေများသည်ထိုင်းနိုင်ငံသို့ ဆက်သွယ်သွားရောက်ရာတွင် ရှမ်းပြည်နယ်ကို မလွဲမသွေဖြတ်သန်းသွားရမြဲဖြစ်သည်။ ကချင်ပြည်နယ် နှင့်ရှမ်းပြည်နယ်မှာ

ဆက်စပ်နေသည့် အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လူမျိုးများနေထိုင်လျက်ရှိရာ ကေအိုင်အေ (ခေါ်) ကချင်သောင်းကျန်းသူ များသည်

ဗကပနှင့်ပတ်သက်နေရသကဲ့သို့ ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများနှင့်လည်း ပတ်သက်လာရ လေသည်။

၅၄။ ရှမ်းပြည်နယ်တွင် ပလောင်နှင့် ပအို့ဝ်အပါအဝင် ရှမ်းလူမျိုးစုသောင်းကျန်းသူအဖွဲ့အစည်းများမှာ အမျိုးမျိုးကွဲပြားလျက်ရှိခဲ့သည်။ အက်စ်ယူအာရ်အေ(ခေါ်)

မိုးဟိန်းအဖွဲ့သည် ပြည်ပနိုင်ငံပိန်းလုံတွင် ဌာနချုပ် ဖွင့်လှစ်၍ အခြေစိုက်လျက်ရှိသည်။ မိုးဟိန်းအဖွဲ့သည် မိုင်းကိုင်နှင့်မိုင်းနောင်ဒေသတွင် အခြားရှမ်း

သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ဖြစ်သော အက်စ်အက်စ်အေများနှင့်နယ်မြေလုရာမှ မကြာခဏတိုက်ခိုက်ကြရလေ့ ရှိသည်။ ထို့ကြောင့်မိုးဟိန်းသည်

အက်စ်အက်စ်အေအားတိုက်ခိုက်ရန် တရုတ်ဖြူတပ်မ(၃)နှင့်(၅)အပြင် ကေအိုင်အေများ၏ ရည်ရွယ်ချက်မှာ အက်စ်ယူအာရ်အေနယ်မြေအတွင်းတွင်

အက်စ်ယူအာရ်အေအဖွဲ့နှင့် ပူးပေါင်းထားခြင်းဖြင့် ပြည်ပနိုင်ငံသို့ အသွားအပြန်ခရီးလုံခြုံမှုရှိသည့်အပြင် တပ်မတော်ကိုလည်းစစ်ရေးအရ ပူးပေါင်း၍၊ သို့မဟုတ်

ညှိနှိုင်း၍တိုက်ခိုက်နိုင်ရန်ဖြစ်လေသည်။

၅၅။ ပီအင်န်အက်ဖ်(ခေါ်) ပလောင်အမျိုးသား တပ်ဦးအဖွဲ့သည် ခမ်းတောင်ခေါင်းဆောင်၍ အင်အား ၂ဝဝ ခန့်ဖြင့် မုံးဝီးနယ်မြေ၊ နမ့်စန်နယ်မြေနှင့်မိုင်းငေါ့

နယ်မြေတို့တွင် ရွှေပလောင်၊ ငွေပလောင်တိုင်းရင်းသားများ အားစည်းရုံး သိမ်းသွင်းခဲ့ရာ ပလောင်သောင်းကျန်းသူများသည် ၁၉၇၂ ခုနှစ် နှစ်ဦးတွင် ဇော်ဒန်၏

တပ်မဟာ (၃)လက်အောက်သို့ကျရောက်ခဲ့သည်။ ကေအိုင်အေသည် ဗကပ၊ အက်စ်အက်စ်အေတို့နှင့်ရင်ဆိုင်ရေးတွင် အသုံးချနိုင်ရန်အတွက်

ပလောင်သောင်းကျန်းသူများအား လက်သပ်၍မွေးမြူခဲ့ခြင်းပင်ဖြစ်သည်။

၅၆။ အက်စ်အက်စ်အေ(ခေါ်)ရှမ်းပြည်တပ်မတော်သည်လည်း ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်ခေးဒေသတွင်

ဝင်ရောက်လှုပ်ရှားနေသော အဖွဲ့အစည်းဖြစ်သည်။ အက်စ်အက်စ်အေဌာနချုပ် တွင် ဥက္ကဋ္ဌ ခွန်ကြာနုနှင့် အတွင်းရေးမှူးစဝ်ဆေးဝိုင်မှခေါင်းဆောင်ပြီး

လွယ်ခေးဒေသတွင် ဒုတိယဥက္ကဋ္ဌ အုံးပေါင်ပွန်တိုင်းနှင့် စစ်ဦးစီးချုပ်စိုင်းလှအောင်တို့က ခေါင်းဆောင်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ် မတ်လ၌ ကော်မတီ

အစည်းအဝေးကျင်းပကာ မဟာဒေဝီနန်းဟိန်ခမ်းကို နာယကအဖြစ်မှဖြုတ်ချခဲ့ကြသည်။ ၁၉၇၃ခုနှစ် မေလ ၂၄ ရက်နေ့တွင် အက်စ်အက်စ်အေတို့သည်

တောခိုကာကွယ်ရေးအဖွဲ့ များဖြစ်သော ကိုးကန့်ကာကွယ်ရေးအဖွဲ့မှ လော်စစ်ဟန်၊ ဗိန်းငင်းအဖွဲ့မှ မဟာစန်း၊ မန်မန်ဆိုင်အဖွဲ့မှ လိုင်းအူတို့နှင့်ပူးပေါင်းကြောင်း

မန်ပလောင်လွယ်ခေး ဒေသတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

၅၇။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အက်စ်အက်စ်အေ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော အက်စ်အက်စ်ပီပီ (ခေါ်) ရှမ်းပြည်တိုးတက်ရေးပါတီဗဟိုဌာနချုပ်တည်ရှိရာ

မန်ရှီး၊ မန်နောင်ဒေသသို့ ကေအင်(န်)ယူပါတီမှ စကောလယ်တောခေါင်းဆောင်သော သုံးဦးကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာပြီး ဗကပအရှေ့မြောက်စစ်

ဒေသဌာနချုပ်တည်ရှိရာ ပန်ဆန်း (လယ်လ်ကေ-၁၇ဝ၅) သို့ သွားရောက်နိုင်ရေးအတွက် အကူအညီတောင်းခံ ခဲ့သည်။ ထိုစဉ်က အက်စ်အက်စ်ပီပီကလည်း

ဗကပနှင့်ပူးပေါင်းရန်အစီအစဉ်ရှိသဖြင့် စကောလယ်တောသို့ သုံးဦးကိုယ်စားလှယ်အဖွဲ့နှင့်အတူ စေလွှတ်မည့်ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် တွဲဖက်

အတွင်းရေးမှူးဆေးထင်ခေါင်းဆောင်သော အင်အား ၂ဝဝ ခန့်သည် ကေအင်(န်)ယူပါတီ ကိုယ်စားလှယ် သုံးဦးနှင့်အတူ လွယ်ခေးဒေသမှထွက်ခွာသွားရာ ပန်ဆန်းသို့

၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် ရောက်ရှိ သွားသည်။ ၁၉၇၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗကပခေါင်းဆောင်များနှင့်ဆွေးနွေး၍ ဗကပနှင့်

အက်စ်အက်စ်အေတို့ စစ်ရေးအရပူးပေါင်းရန် သဘောတူညီခဲ့ကြသည်။ နိုင်ဝင်ဘာလ ၂၇ ရက်နေ့တွင် ဆေးထင်တို့လူစုသည် ဗကပများပေးလိုက်သည့်

လက်နက်များကိုယူဆောင်၍ ပန်ဆန်းမှပြန်ထွက်လာကြရာ ၁၉၇၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မိုင်းဘုံနယ်မြေသို့ရောက်ရှိလာကြသည်။

၅၈။ ဗကပနှင့် အက်စ်အက်စ်အေပူးပေါင်းသွားခြင်းမှာ ဗကပနှင့်တိုက်ခိုက်နေသော ကေအိုင်အေများအဖို့ အက်စ်အက်စ်အေနှင့်ပါ

ဆက်လက်တိုက်ခိုက်စရာဖြစ်လာရသည်။ ကေအိုင်အေနှင့်အက်စ်အက်စ်အေတို့သည် နယ်မြေလုရင်းမှ ၁၉၇၄ ခုနှစ် နှစ်ဦးပိုင်းတွင်ကျောက်မဲ၊ နမ္မတူဒေသများတွင်

တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ သို့သော် ၁၉၇၄ ခုနှစ် ဧပြီလနောက်ပိုင်းတွင်တွေ့ဆုံစေ့စပ်၍ နယ်မြေကန့်သတ်ရန်သဘောတူညီခဲ့ကြလေသည်။

၅၉။ ထိုင်းအစိုးရ ကဖမ်းဆီးမိပြီးနောက် ကိုးကန့်ကာကွယ်ရေးအဖွဲ့မှာ ပြိုကွဲ၍ ကစဉ့်ကလျားဖြစ်သွားရာ လက်ကျန် အဖွဲ့အနက်မှ အင်အား ၂ဝ

ခန့်သည်ထိုင်းနယ်စပ်တွင် ခိုအောင်း၍ကျန်ရစ်ခဲ့သည်။ ကေအိုင်အေတို့ သည် လက်ကျန်ကိုးကန့်ကာကွယ်ရေးများအား ထိုင်းနိုင်ငံအဝင်အထွက်လုံခြုံရေးအတွက်

စည်းရုံးသိမ်းသွင်း ခဲ့သည်။

၆ဝ။ တောခိုလွယ်မော်အဖွဲ့(ခွန်ဆာအဖွဲ့)မှကျန်ဆူးရှင် ခေါင်းဆောင်သောအင်အား ၃ဝဝ ခန့်သည်လည်း နောင်လိုင်၊ လွယ်ချိုဒေသတို့တွင် ကေအိုင်အေတပ်ရင်း

(၈)နှင့်ဆက်စပ်၍လှုပ်ရှားခဲ့သည်။ ကေအိုင်အေနှင့် လွယ်မော်အဖွဲ့သည်စစ်ရေးအရ နားလည်မှုရယူထားပြီး လိုအပ်ပါကတစ်ဦးနှင့်တစ်ဦးအကူအညီပေးရေးကိုလည်း

သဘောတူထားကြသည်။

၆၁။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အခြေပြုထားသော တရုတ်ဖြူတပ်မ(၃)နှင့် တပ်မ(၅)မှ အင်အားစုအချို့ သည်လည်း မြန်မာနိုင်ငံအတွင်းသို့

ဝင်ရောက်လှုပ်ရှားလေ့ရှိရာ ရံဖန်ရံခါစုစုပေါင်းအင်အား ၅ဝဝ ခန့်အထိ လှုပ်ရှားလေ့ရှိသည်။ တရုတ်ဖြူတို့သည် တပ်မတော်၏တိုက်ခိုက်မှုနှင့်

ဗကပတို့၏တိုက်ခိုက်မှုတို့ကြောင့် လွယ်ဆေး၊ မန်ပလောင်၊ မန်ကျောင်း၊ ဆွတ်ရပ်၊ ဝမ်ဆင်း စသောနယ်မြေများတွင်သာ ခိုအောင်းလှုပ်ရှား

နိုင်လေရာ ကေအိုင်အေများသည် ယင်းနယ်မြေများကိုဖြတ်သန်း၍ ထိုင်းနိုင်ငံနှင့်ဆက်သွယ်နိုင်ရေးအတွက် တရုတ်ဖြူများနှင့် နားလည်မှုရယူထားရလေသည်။

၆၂။ ကေအိုင်အေတို့သည် နော်ဆိုင်းအား ဗကပတို့က ဖြုတ်၊ ထုတ်၊ သတ်လမ်းစဉ်အရ သတ်ဖြတ်ပြီး သည့်နောက် ဗကပတို့နှင့်တိုက်ခိုက်လျက်ရှိရာ

ထိုင်းနိုင်ငံဆက်သွယ်ရေး လမ်းကြောင်းအတွက် လက်ယာအင်အား စုသောင်းကျန်းသူများဖြစ်သော အက်စ်ယူအာရ်အေ(မိုးဟိန်း)၊

ကိုးကန့်ကာကွယ်ရေး(လော်စစ်ဟန်)၊ တောခို လွယ်မော်(ခွန်ဆာ)၊ ပလောင်အမျိုးသားတပ်ဦး တရုတ်ဖြူတို့နှင့်ပူးပေါင်းဆက်သွယ်ခဲ့ပြီး ဗကပဘက်တော်သား

ဖြစ်သွားသည့် အက်စ်အက်စ်အေနှင့်မူဆက်ဆံရေးမပြေပြစ်ဘဲ တိုက်ခိုက်မှုများပင်ဖြစ်ပွားခဲ့သည်။အနောက်ဘက် မျက်နှာစာတွင်ကား ကေအိုင်အေတို့သည်ပြည်တွင်း

ပြည်ပနာဂသောင်းကျန်းသူများ၊ ရခိုင်သောင်းကျန်းသူ များအားထောက်ပံ့ကူညီ၍ လက်သပ်မွေးထားခဲ့လေသည်။

၆၃။ ကေအိုင်အေနှင့်ဖီဇိုနာဂသောင်းကျန်းသူများ။ ဖီဇိုနာဂတို့သည် ၁၉၄၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ တွင် လွတ်လပ်ရေးရရှိရန် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲများပျက်ပြားသွားသောအခါ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများပေါ်ပေါက်ခဲ့သည်။ ၁၉၅၆ ခုနှစ်မှစ၍ကျောင်းဆရာ(ဒေါက်တာ ဖီဇို)ခေါင်းဆောင်သော နာဂ

၁၅ဝ ခန့်သည် လက်နက်ကိုင်ပုန်ကန်မှုကို စတင်ခဲ့ကြသည်။ အိန္ဒိယတပ်မတော်က လိုက်လံတိုက်ခိုက်သော အခါ ဖီဇိုနာဂသည် ၁၉၆၃ ခုနှစ်မှစ၍ ခန္တီးခရိုင်နာဂ

တောင်တန်းဒေသနှင့် ဖလမ်းခရိုင်တွင်ဝင်ရောက် ခိုအောင်း ခဲ့ကြသည်။ အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံတို့ဆက်ဆံရေးမပြေပြစ်ဖြစ်သည်ကိုအကြောင်းပြု၍

ပြည်ပနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဖီဇိုသောင်းကျန်းသူများကို စစ်ရေးအကူအညီများထောက်ပံ့ပေးကမ်းခဲ့သည်။ ကေအိုင်အေ များသည် ဖီဇိုနာဂများ ပြည်ပနိုင်ငံသို့

သင်တန်းသွားရောက်တက်နိုင်ရေးနှင့် အသွားအပြန်ခရီးအတွက် လမ်းပြ အဖြစ်တာဝန်ယူ၍မြန်မာနိုင်ငံအတွင်းတွင် ဖီဇိုများကို ဖြတ်သန်းသွားလာစေခဲ့လေသည်။

ကေအိုင်အေခေါင်းဆောင်များလုပ်ကြံခံရခြင်း[ပြင်ဆင်ရန်]

၆၄။ ကေအိုင်အေတို့သည်အရှေ့မြောက်ဒေသ ဗကပတို့က နော်ဆိုင်အား ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်

ဗကပတို့ကနယ်မြေတိုးချဲ့လာခြင်းတို့ကြောင့် ဗကပများ နှင့် တိုက်ခိုက်ခဲ့ကြရသည်။ ဗကပကိုနံပါတ်(၁) ဦးတည် ရန်သူအဖြစ်တိုက်ခိုက်နေရသဖြင့်

တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရေးကိုကြိုးပမ်းခဲ့ကြရာ ကေအိုင်အေတို့၏ မရိုးသားမှုကြောင့်ပင် ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင်

ဆွေးနွေးပွဲပျက်ပြားခဲ့ရသည်။ ထို့နောက် ကေအိုင်အေတို့သည် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကြာမြင့်သော

ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပ၍ ကချင်လွတ်မြောက်ရေးကောင်စီ(ကေအိုင်စီ)နှင့် လက်အောက်ခံအဖွဲ့အစည်းသုံးရပ်ဖြစ်သော ကချင်

လွတ်မြောက်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးစည်းရုံးရေးအဖွဲ့ (ကေအိုင်အို)တို့ကို စနစ်တကျပြန်လည်ဖွဲ့စည်း ခဲ့ကြသည်။

၆၅။ ကေအိုင်အေတွင် တပ်မဟာလေးခုဖွဲ့စည်းထားပြီး တပ်ရင်း(၁၁)ရင်းပါဝင်သည်။ အုပ်ချုပ်ရေးအဖွဲ့နှင့် ကေအိုင်အိုကိုမူ တိုင်း၊ ခရိုင်၊ မြို့နယ် တိုက်နယ်နှင့်

ကျေးရွာများအထိ ဖွဲ့စည်းထားသည်။ ကေအိုင်အေ စစ်ဦးစီးချုပ်မှာ ထိုင်းနိုင်ငံထန်ပိုးစခန်းတွင်ပင်ရှိပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဒုစစ်ဦးစီးချုပ် ဇော်တူးက

ပြည်တွင်းတွင်တာဝန်ယူရသည်။ ဇော်တူးသည် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ခရီးထွက်ခွာသွား လေရာ ဇော်တူးနေရာတွင် လမုန်ဟူးဂျိုင်က

တာဝန်ယူအုပ်ချုပ်ရသည်။ ၁၉၇၃ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်အတွင်း ကေအိုင်အေများသည် ဗကပထိုး၏ထိုးနှက်မှုနှင့် တပ်မတော်၏ချေမှုန်းရေးများကြားတွင်

ညှပ်မိနေခဲ့သည်။ ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူ ဇော်ဆိုင်းနှင့်ဇော်တူးမှာထိုင်းနိုင်ငံတွင်သာရှိနေကြပြီး ပြည်တွင်းသို့ပြန်လည် ဝင်ရောက်၍

ခေါင်းဆောင်မှုပေးခြင်းမရှိခဲ့ပေ။ ဗကပများကလည်း ကေအိုင်အေနယ်မြေများကို တစ်စတစ်စဝါးမျို လာရာ ကေအိုင်အေတို့အနေနှင့်

အကျပ်အတည်းဖြင့်ရင်ဆိုင်လာကြရသည်။

၆၆။ ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင်ရောက်ရှိနေခြင်းဖြစ်ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် ဇော်တူးသည် ထိုင်းနိုင်ငံသို့စတင်ထွက်ခွာသွား

ခဲ့ရာ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလတွင်ရောက်ရှိ သွားခဲ့သည်။ ထိုအချိန်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေအခြေခံနယ်မြေများမှာ တစ်စတစ်စလက်လွှတ်

ဆုံးရှုံးနေရပြီးဖြစ်သည့်အပြင် မေခအရှေ့ခြမ်းဒေသတွင်လည်း ဗကပတပ်ရင်း(၁၀၁)က ဆဒုံးနယ်မြေအထိ ထိုးဖောက်ဝင်ရောက်လာပြီးဖြစ်သည်။ ၁၉၇၅ခုနှစ်

မတ်လ ၁ ရက်နေ့တွင် ကေအိုင်အေတပ်မဟာ(၄) နယ်မြေ ကွတ်ခိုင်အနောက်ခြမ်း၊ နမ့်ဟိုင်းဒေသတွင် ကေအိုင်အေနှင့်ဗကပတို့တိုက်ပွဲဖြစ်ပွားကြရာ ကေအိုင်အေ

တပ်မဟာ(၄)မှူးနှင့် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဇော်ဒန်ကျဆုံးခဲ့ရသည်။ ဗကပတပ်ရင်း(၂ဝ၂) သည်အင်အားဖြည့်တင်းပြီး

ကေအိုင်အေတပ်မဟာ(၄)နယ်မြေကို တစ်စတစ်စထိုးဖောက်လျက်ရှိသည်။ကွတ်ခိုင်အရှေ့ခြမ်းရှိ ကေအိုင်အေတပ်ရင်း(၂) နယ်မြေကိုလည်း

ဗကပတပ်မဟာ(၂)အင်အားစုများက မန်ယုံ မော်ဒေသမှတစ်ဆင့် တိုးချဲ့ထိုးဖောက်လျက်ရှိသည်။ ဇော်ဒန်ကျဆုံးပြီးနောက်တွင် ဇော်ဒန်နေရာအား ဇော်မိုင်က

ဆက်ခံပြီး တပ်မဟာ(၄)မှူးအဖြစ်ကွပ်ကဲကာ ဗကပများကို နမ့်ဟိုင်း၊ နမ့်ဆောင်ကြဲဒေသများမှာ ရင်ဆိုင်ဟန့်တား ထားခဲ့ရသည်။ ဇော်ဒန်ကျဆုံးချိန်တွင်

ဇော်ဆိုင်းရော၊ ဇော်တူးပါ ထိုင်းနိုင်ငံတွင်ရောက်ရှိနေခဲ့ကြသည်။ ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကေအိုင်အေခေါင်းဆောင် ပုံရွှေဇော်ဆိုင်းနှင့်အဖွဲ့သည်

ထိုင်းနိုင်ငံသို့ထွက်ခွာသွား ကြပြန်သည်။ ထိုကဲ့သို့ ကေအိုင်အေခေါင်းဆောင်များ ထိုင်းနိုင်ငံသို့ရောက်ရှိနေခြင်းကို အောက်ခြေထုက ကျေနပ်ခြင်းမရှိကြပေ။

ထိုးစစ်များကိုပါခုခံဆင်နွှဲနေကြချိန်တွင် ခေါင်းဆောင်ပိုင်းက ထိုင်းနိုင်ငံသို့သွားရောက် ရှောင်တိမ်းနေခြင်း၊ ဦးဆောင်မှုမပေးခြင်းတို့ကြောင့်

ကေအိုင်အေခေါင်းဆောင်ပိုင်းတွင်လည်း သဘောထား ကွဲလွဲလာကြသည်။ ထိုအချိန်တွင် ဇော်ဆိုင်း၊ ဇော်တူးနှင့်ပုံရွှေဇော်ဆိုင်းတို့လူစုသည် ကေအိုင်အေ

လှုပ်ရှားမှုကို မျက်ကွယ်ပြုကာ ဘိန်းနှင့်ကျောက်စိမ်းရောင်းချရငွေများအား အလွဲသုံးစားပြုလုပ်ကာ စည်းစိမ်ယစ်မူး နေကြသည်။

၆၇။ ဇော်ဆိုင်းသည် ကေအိုင်အေတို့၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်သော်လည်း ပြည်တွင်းသို့ပြန်လည်ပြီး ဦးဆောင်မှုမပေးနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေအိုင်အေ အဓိကအင်အားစုများနှင့် ၁၀ နှစ်ခန့် အဆက်အသွယ်ပြတ်နေသောကြောင့်လည်း ဇော်ဆိုင်း၏ခေါင်းဆောင်မှုမှာ မှေးမှိန်နေပြီဖြစ်သည်။ ပြည်တွင်းတွင်

အချိန်အတန်ကြာ လက်တွေ့ခေါင်းဆောင်ခဲ့ပြီး ဩဇာအာဏာစိုက်ထူခဲ့သော ဇော်တူးမှာလည်း အောက်ခြေ၏ မကျေနပ်မှုနှင့်ကြုံတွေ့ခဲ့ရသည်။ ဇော်တူးသည်

မိန်းမမယူရဟူသောအမိန့်ကိုထုတ်ပြန်ခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်တွင် ရဲမေလောခိုင်လုအွန်ကိုယူခဲ့သူဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင်လည်း ရဲမေလုဆိုင်းအား

မယားငယ်အဖြစ်သိမ်းပိုက် ခဲ့သည်။ ခေါင်းဆောင်များ၏လူမှုရေးကိစ္စများသည် ငယ်သားများ၏ အကြည်အညိုပျက်စရာဖြစ်၍လာသည်။ ဘိန်းနှင့်

ကျောက်စိမ်းရောင်းရငွေ သိန်း ၁၀ဝ ကျော်ကိုလည်း စာရင်းဖျောက်ခဲ့ကြသည်။

၆၈။ ထိုသို့ ကေအိုင်အေများ နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေ့နေချိန် ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုကျဆင်းနေချိန်တွင် ၁၉၇၅ခုနှစ်၊

ဩဂုတ် လ ၁၀ ရက်နေ့၌ ယခင်ကေအိုင်အေတပ်ရင်း(၁၁) တပ်ရင်းမှူး ဆိုင်းတူက ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုံရွှေဇော်ဆိုင်းတို့အား

ထိုင်းနယ်စပ်ဆက်သွယ်ရေးစခန်းဖြစ်သည့် ထန်ပိုးတွင် လုပ်ကြံသတ်ဖြတ်ပစ်လိုက်လေသည်။ ကေအိုင်အေဗဟိုဌာနချုပ်က ခေါင်းဆောင်များသည် ကိုယ်ကျိုးရှာ

အလွဲသုံးစားပြုလုပ်နေသောကြောင့် ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုင်းကော်မတီ၊ ခရိုင် ကော်မတီများသို့ ရှင်းလင်းခဲ့ကြသည်။ ထိုအချိန်မှာပင်

ထန်ပိုးတွင်ရှိနေကြသော ဂေါ်လူလဒွဲနှင့် ကျန်ခေါင်းဆောင် များက ဆိုင်းတူးသည်အစိုးရသူလျှိုဖြစ်ပြီး ခေါင်းဆောင်များအား တမင်လုပ်ကြံခြင်းဖြစ်သည်ဟု

ပြည်တွင်းရှိ ဇော်မိုင်ထံသို့ သတင်းပို့ကြပြန်သည်။ ဆိုင်းတူးကိုလည်း ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထိုင်းပုလိပ်များက

လာရောက်ဖမ်းဆီးသွားခဲ့ကြသည်။ ဇော်မိုင်က တပ်ရင်း(၈)တပ်ရင်းမှူး ဗိုလ်မှူးခွန်ချိုအား ထိုင်းနိုင်ငံသို့စေလွှတ်၍ စစ်ဆေးစေခဲ့သည်။ စုံစမ်းရေးအဖွဲ့၏

တွေ့ရှိချက်တွင် ခေါင်းဆောင်များအား ဆိုင်းတူးက တမင်လုပ်ကြံခြင်းဖြစ်ကြောင်း ပေါ်လွင်သော်လည်း မည်သည့်အကြောင်းကြောင့် လုပ်ကြံခြင်းဖြစ်သည်ကိုမူ

တင်ပြ နိုင်ခြင်းမရှိခဲ့ပေ။

၆၉။ ဇော်ဒန်ကျဆုံးပြီးနောက်ပိုင်းတွင် ဇော်မိုင်သည် တပ်မဟာ(၄)ကို ခေါင်းဆောင်၍ ဗကပများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစ၍

တိုက်ပွဲပေါင်း (၁၆)ကြိမ်ဖြစ်ပွားပြီး နှစ်ဖက်စလုံး အထိ နာခဲ့ကြသည်။ ဇော်မိုင်သည် ဗကပ(၂ဝ၂)ကို ဦးတည်၍ ၁၉၇၅ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ကြောင်နက်

စစ်ဆင်ရေးကိုဆင်နွှဲခဲ့သည်။ ထိုင်းနိုင်ငံတွင် ခေါင်းဆောင်များသေဆုံးကုန်ကြသောအခါ တပ်မဟာ (၁)မှူး လမုံတူးဂျိုင်က ကေအိုင်အေစစ်ဦးစီးချုပ်ဖြစ်လာပြီး

တပ်မဟာ(၄)မှူး ဇော်မိုင်က ဒုစစ်ဦးစီးချုပ်ဖြစ်လာသည်။ ကေအိုင်အေတို့သည် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဖြစ် ကချင်ဆိုရှယ်လစ်ပါတီ

(Kachin Socialist Party, KSP)ကို ၁၉၇၄ ခုနှစ် ဩဂုတ်လမှစ၍ ထူထောင်ခဲ့သော်လည်း ကေအက်စ်ပီပီလှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့်ပြုလုပ်ခဲ့ခြင်းမရှိပေ။

၇ဝ။ ကချင်သောင်းကျန်းသူများအတွင်းတွင် ဗကပအားလိုလားသောလက်ဝဲဝါဒီများ၊ ထိုင်းနိုင်ငံမှတစ်ဆင့် အနောက်အုပ်စုကိုမျှော်ကိုးသူ

လက်ယာဝါဒီများကွဲပြားလျက်ရှိရာ ထိုင်းနိုင်ငံတွင် ထိပ်သီးခေါင်းဆောင်များ ကျဆုံးသွားခဲ့သောအခါ မရန်ဘရန်ဆိုင်း၏လက်ဝဲအင်အားစုသည်

ပိုမို၍အားကောင်းလာသည်။ ထို့ကြောင့် ဗကပနှင့်ပူးပေါင်းရေးလမ်းစသည် ပြန်လည်၍ပွင့်လာရပြန်သည်။ ကေအိုင်အေ၏အခက်အခဲအကျပ်အတည်း များမှာလည်း

ဗကပနှင့်ပူးပေါင်းရေးအတွက် အကြောင်းပြစရာဖြစ်လာရသည်။ တစ်ဖက်နိုင်ငံကလည်း ကေအိုင်အေများအား တိုက်ရိုက်အကူအညီပေးရေးထက် ဗကပမှတစ်ဆင့်

အကူအညီပေးရေးကိုသာ တိုက်တွန်း လျက်ရှိသည်။ ထိုင်းနိုင်ငံသည် စီးပွားရေးစားကျက်အလွန်ကောင်းသောနေရာဖြစ်သော်လည်း လက်နက်ခဲယမ်းများ ဝယ်ယူပြီး

ကချင်ပြည်နယ်သို့သယ်ယူရေးမှာမူ ခရီးအလွန်ဝေးကွာသည့်အပြင် ဗကပတို့၏နယ်မြေများကို ဖြတ်သန်းရမည်ဖြစ်သည်။ ကေအိုင်အေတို့သည်

ကချင်ပြည်နယ်အတွင်းမှ ဘိန်းနှင့်ကျောက်စိမ်းများကို ထိုင်းနိုင်ငံသို့ပို့ရန်နှင့် ထိုင်းနိုင်ငံမှလက်နက်များသယ်ယူရန်မှာ အခြား သောင်းကျန်းသူများကိုသာမကဘဲ

ဗကပနှင့် ဆက်သွယ်သည်က ပိုမိုလျင်မြန်လွယ်ကူသည်မှာ သေချာ၍ရှိနေသည်။ ၁၉၇၆ ခုနှစ်တွင်ကား မရန်ဘရန်ဆိုင်း ခေါင်းဆောင်ဖြစ်လာပြီး ဗကပနှင့်

အနိမ့်ဆုံး စစ်ရေးမဟာမိတ်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်မှစ၍ ဗကပနှင့် ကေအိုင်အေတို့သည် ပြန်လည်၍ပြန်ပေါင်းထုပ်ကြသည်ကို တွေ့ကြရမည်ဖြစ်လေသည်။

ရည်ညွှန်းကိုးကားစာအုပ်စာစောင်များ[ပြင်ဆင်ရန်]

၁။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၁)၊ (လွတ်လပ်ရေးမရမီကာလများ)။

၂။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၂)၊ (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်မတိုင်မီကာလများ)။

၃။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၃)၊ (၁၉၄၈ ခုနှစ်မှ ၁၉၆၈ ခုနှစ်မတိုင်မီကာလများ)။

၄။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၄)၊ (၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိကာလများ)။

၅။ ပြည်တွင်းသောင်းကျန်းသူသမိုင်း၊ အပိုင်း(၅)၊ (၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိကာလများ)။