ဝေဗယ်၊ ဗိုလ်ချုပ်

ဝီကီပီးဒီးယား မှ

ဝေဗယ်, ဗိုလ်ချုပ်(ခရစ် ၁၈၈၃ -၁၉၅ဝ)[ပြင်ဆင်ရန်]

အားဘွဲ့ရဗြိတိသျှ ဗိုလ်ချုပ် အာခိဗော ပါစီဗယ် ဝေဗယ် (Archibald Percival Wavell) သည် အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ် ဟောင်း တစ်ဦးလည်းဖြစ်သည်။ ၁၈၈၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် အင်္ဂလန်ပြည်၊ အက်ဆက်နယ်၌ ဖွားမြင်သည်။ ဝင်ချက်စတာကောလိပ် ကျောင်းနှင့် ဆင်းဒဟတ် စစ်ကောလိပ်ကျောင်းတို့တွင် ပညာသင်ပြီးနောက် ၁၉ဝ၁ ခုနှစ်၌ စစ်တပ်သို့ ဝင်ရောက်အမှုထမ်းသည်။ တောင်အာဖရိကတိုက် တွင် ဖြစ်ပွားသော ဗိုးဝါးစစ်ပွဲ၌လည်းကောင်း၊ အိန္ဒိယအနောက်မြောက် နယ်ခြားဒေသ၌လည်းကောင်း စစ်မှုထမ်းခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းက ဝေဗယ်သည် ပြင်သစ်စစ်မြေပြင်တွင် အမှုထမ်းစဉ် ဒဏ်ရာရရှိ၍ မျက်လုံးတစ်ဖက်ကွယ်သည်။ ထို့နောက် ကော် ကေးဆပ်နယ်ရှိ ရုရှစစ်တပ်တွင် ဗြိတိသျှစစ်ဖက်သံအရာရှိအဖြစ် ဆောင်ရွက် ရသည်။ ၁၉၁၇ ခုနှစ်မှ ၁၉၂ဝပြည့်နှစ်အထိ အီဂျစ်ချီ ဗြိတိသျှတပ် ပေါင်းစု စစ်ဦးစီးအဖွဲ့တွင် ဗိုလ်မှူးချုပ်အဖြစ် အမှုထမ်းသည်။ ၁၉၃၇-၁၉၃၈ ခုနှစ်အတွင်း ပယ်လက်စတိုင်၌ အာရပ်တော်လှန်းရေး ဖြစ်ပွားသောအခါ ဝေဗယ်ကို ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်၍ ဗြိတိသျှတပ်များကို ကွပ်ကဲ စေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခါနီးဖြစ်သော ၁၉၃၉ ခုနှစ်၊ ဇူလိုင်လ တွင် ကိုင်ရိုမြို့ စစ်ဌာနချုပ်၌ အရှေ့အလယ်ပိုင်းရှိ ဗြိတိသျှတပ်များ၏ တပ်မှူးချုပ်အဖြစ် အမှုထမ်းရသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးရာထူး သို့ တိုးမြှင့်ခြင်းခံရပြီးလျှင် အီဂျစ်နိုင်ငံကို ထိပါးလာသော အီတာလျံ တပ်များကို အောင်မြင်စွာ တွန်းလှန်ဖြိုဖျက်ခဲ့လေသည်။ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်ချုပ် ဝေဗယ်ကို အိန္ဒိယနိုင်ငံရှိ ဗြိတိသျှတပ်ပေါင်းစု၏ သေနာပတိအဖြစ် ခန့်ထားသည်။ တစ်ဖန် ဂျပန်နှင့် စစ်ဖြစ်သောအခါ မြန်မာပြည်၊ မလ္လာယုကျွန်းဆွယ်နှင့် နယ်သာလန် အရှေ့ အိန္ဒိယကျွန်းစုရှိ ဗြိတိသျှနှင့် ဒပ်ချတပ်များ၏ စစ်သေနာပတိချုပ်အဖြစ် ၁၉၄၂ ခုနှစ်၊ မတ်လအထိ ဆောင်ရွက်ရသည်။ ထို့နောက် အိန္ဒိယနိုင်ငံသို့ ပြန်လာ၍ မူလရာထူး၌ အမှုထမ်းခဲ့လေသည်။

၁၉၄၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ဗြိတိသျှအစိုးရက ဗိုလ်ချုပ်ဝေဗယ်အား စစ်သူကြီးရာထူးသို့ တိုးမြှင့်ပြီးလျှင် အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ်အဖြစ် ခန့်အပ်ခဲ့သည် ။ ထိုနှစ်တွင်ပင် ဗိုင်းကောင့်ဘွဲ့ ချီးမြှင့်၍ သူကောင်းပြုခြင်းခံရသည်။ အိန္ဒိယနိုင်ငံတွင် ထိုအချိန်၌ လွတ်လပ်ရေး အတွက် အမျိုးသားစိတ် ပြင်းပြလျက်ရှိရာ ဘုရင်ခံချုပ် ဝေဗယ်သည် မိမိ၏ တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ခဲ့၍ နိုင်ငံရေး ခေါင်းဆောင်အဖြစ်ဖြင့် လည်း ထင်ရှားလာသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘုရင်ခံချုပ် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထိုနှစ်တွင် အားဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရပြီး နောက် ၁၉၅ဝ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန် လေသည်။

အားဘွဲ့ရဝေဗယ်သည် လော့အယ်လင်ဗီ (၁၉၄ဝ)၊ စစ်သား ကောင်း (၁၉၄၈) စသည့်စာအုပ်များကို ရေးသားပြုစုခဲ့၍ သူ၏ စစ်ရေး စစ်ရာနှင့်ဆိုင်သော ဆောင်းပါးတို့မှာလည်း ထင်ရှားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)