ဝီလျံ မက်ကင်လီ

ဝီကီပီးဒီးယား မှ
ဝီလျံ မက်ကင်လီ
William McKinley
၁၈၃၃-၁၉၀၁
မွေးနေ့ ၂၉၊ ဇန်နဝါရီ၊ ၁၈၄၃
မွေးရပ် နေးလိုင်းစ်အိုဟိုင်းယိုးပြည်နယ် အမေရိကန်
ကွယ်လွန်နေ့ ၁၄၊ စက်တင်ဘာ၊ ၁၉၀၁ (လုပ်ကြံခံရသဖြင့် ကွယ်လွန်)
ကွယ်လွန်ရပ် ဘတ်ဖလိုးနယူးယောက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၃ ဦးမြောက်သမ္မတ
အလုပ်အကိုင် ရှေ့နေ၊ ဗိုလ်မှူး
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၉၃- ၁၄၊ စက်တင်ဘာ၊ ၁၉၀၁
ဒုတိယ သမ္မတ ဂါးရတ် ဟူးဘတ် (၁၈၉၇-၁၈၉၉) သီအိုဒို ရုစဗဲ့ (၁၉၀၁)
လွှဲအပ်သူ စတီဖင် ဂရိုဗာ ကလိဗ်လန်း
ဆက်ခံသူ သီအိုဒို ရုစဗဲ့
နိုင်ငံသား အမေရိကန် နိုင်ငံ

တည်တည်တန့်တန့်နှင့် လူ့ခွစာတစ်ဦး အမေရိကန်သမ္မတဖြစ်လာခြင်းမှာ ထူးဆန်းလွန်းသည် မဟုတ်သော်လည်း ထူးဆန်းသည်တော့ ဖြစ်သည်။ ဝီလီယံ မက်ကင်လီသည် ထိုသို့သော သဘောရှိသည့် သမ္မတတစ်ဦးဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသူ၊ စည်းကမ်းကြီးသူ၊ စိတ်ရှည်သူ စသဖြင့် သူ၏အရည်အချင်းများကို ပြောကြသည်။ တစ်ဖက်ကလည်း အပြောမကောင်း၊ ပေါင်းသင်းဆက်ဆံရေး မဝင်ဆန့်၊ ရောရောနှောနှောဖြင့် မနေတတ်သူ စသဖြင့်လည်း လူကြိုက်နည်းစေသည့် စရိုက်မျိုးလည်း ရှိသူဖြစ်သည်။ သို့ရာတွင် သမ္မတရာထူးအတွက် လုပ်ပိုင်ခွင့်များကို ထူထောင်ပေးသည့် အတွက် ထင်ရှားသည်။ သူ့လက်ထက်တွင် စပိန်နှင့် နှစ်နိုင်ငံစစ်ဖြစ်ပြီး စပိန်ပိုင်နယ်များဖြစ်သည့် ဖိလစ်ပိုင်နှင့် ကျူးဘားတို့ပေါ်တွင် အောင်နိုင်ခဲ့သည်။ လူတော်ဖြစ်သော်လည်း သီးသန့်ဆန်သောစရိုက်များကြောင့် အထင်မကြီးခံရသည့် သမ္မတဟုလည်း ဆိုနိုင်သည်။ ထို့အပြင် ဆက်ခံသူ သီအိုဒို ရုစဗဲ့လ် မှာ အမေရိကန်သမိုင်းတွင် အကြီးကျယ်ဆုံးသော သမ္မတများအနက်မှ တစ်ဦးဖြစ်သဖြင့် မက်ကင်လီကို လူအများက လွယ်လွယ်မေ့လျော့သွားရခြင်းလည်း ဖြစ်နိုင်သည်။

ချိန်ဆလုပ်တတ်သူ၊ ရုပ်သေး[ပြင်ဆင်ရန်]

မက်ကင်လီသည် အစွန်းရောက်တတ်သူမဟုတ်၊ အရာရာကို နှိုင်းနှိုင်းချိန်ချိန် လုပ်လေ့ရှိသော အကျင့်ရှိသူဖြစ်သည်။ ရှေ့ကိုလည်း ကြိုမြင်တတ်သည်။ နိုင်ငံရေးအားဖြင့်လည် လည်ပတ်နှံ့စပ်သူဖြစ်သည်။ သို့သော် လူတွေက သူ့အား ခပ်ပျော့ပျော့ဟု သဘောထားကြသည်။ ပိုဆိုးသည်မှာ သူ့အား မတ်ခ်ဟန်နာ (Mark Hanna) ဆိုသော နိုင်ငံရေးကြမ်းပိုးတစ်ဦး၏ ရုပ်သေးဟု သမုတ်ကြခြင်းဖြစ်သည်။ ကလိဗ်လန်းမြို့မှ စက်မှုလုပ်ငန်းရှင် ဟန်နာသည် မက်ကင်လီအား အိမ်ဖြူတော်သို့ အရောက်လှမ်းနိုင်ရန်အတွက် များစွာထောက်ပံ့ခဲ့သူဖြစ်သည်။ မဲဆွယ်ကာလများတွင်လည်း အထူးတလည်ပင် အကြံပေးခဲ့သေးသည်။ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်အမတ်စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည့် အချိန်များအတွင်းတွင်ကလည်း ဟန်နာသည် မက်ကင်လီ၏ နိုင်ငံရေးသုခမိန်ဖြစ်ခဲ့သေးသည်။ သို့သော် သမ္မတဖြစ်လာလျှင် ထိုသို့သော် သူများကို အနားတွင်ထားလေ့မရှိတော့သည်မှာလည်း ထုံးစံဖြစ်သည်။ မက်ကင်လီ သမ္မတဖြစ်ပြီးနောက် ဟန်နာလည်း အထက်လွှတ်တော်အမတ်အဖြစ် အရွေးခံသည်။ မက်ကင်လီ၏ ကူညီမှုများဖြင့် ဟန်နာတစ်ယောက် လွှတ်တော်အမတ်ဖြစ်သည်။ ထိုနောက်တွင်မူ နှစ်ဦးကြားတွင် သဘောထားရေးရာများ မတိုက်ဆိုင်တော့သဖြင့် ခပ်ကျဲကျဲဖြစ်သွားသည်။

စပိန်စစ်[ပြင်ဆင်ရန်]

စပိန်နှင့် ပွားခဲ့သည့် စစ်ပွဲသည် မက်ကင်လီအတွက် အကောင်းအဆိုးနှစ်ထွေ ရောပြွမ်းနေသည့် စစ်ပွဲဖြစ်သည်။ နိုင်ငံခြားရေးကိစ္စရပ်များနှင့် ပက်သက်၍ အတွေ့အကြုံအားနည်းမှု၊ မပြတ်သားမှုများကြောင့် ဝေဖန်ခံခဲ့ရသည်။ သမ္မတ ကလိဗ်လန်း လက်ထက်ကစပိန်နှင့် ဆက်ဆံရေးတွင် ကျူးဘားကျွန်းကို အခြေပြုကာ မကျေလည်မှုအနည်းငယ်ရှိခဲ့ဖူးသည်။ ကျူးဘားတို့အနေဖြင့်လည်း စပိန်လက်အောက်မှ လွှတ်မြောက်ရန် ဆန္ဒရှိနေသည်။ အမေရိကန်မီဒီယာတို့ကလည်း ထိုကိစ္စကို ရှေ့တန်းတင်ကာ လှုံဆော်သည်။ သို့ဖြင့် သမ္မတမက်ကင်လီ အနေဖြင့် စစ်ပွဲကို မရှောင်နိုင်တော့ပေ။ သို့တိုင် ပြည်တွင်းစစ်ကို ကြုံဖူးသော မက်ကင်လီအနေဖြင့် စစ်ပွဲကို တတ်စွမ်းသ၍ရှောင်လိုသည်။ သံတမန်ရေးနည်းလမ်းများဖြင့် စပိန်နှင့် ညှိနှိုင်းသော်လည်း သဘောထားတင်းမာကာ အင်အားပြလိုသော စပိန်တို့အနေဖြင့် အလျော့ပေးရန် မမြင်တော့သဖြင့် ပြည်သူတို့အနေဖြင့် သမ္မတကို အားရခြင်းမရှိကြပေ။ ပြဿနာရှာလိုသော စပိန်တို့လက်ချက်ဟု ယူဆရသော ဗုံးခွဲမှုတစ်ရပ် ကျူးဘားမြို့တော် ဟာဗားနားမြို့တွင် ဖြစ်ပွားခဲ့ပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် အမေရိကန် စစ်သင်္ဘော မိန်း ပျက်စီးထိခိုက်ရာတွင် စစ်ပွဲသည် ရှောင်လွှဲမရတော့သည့် အနေအထားရောက်ပြီဖြစ်သည်။

မြန်ဆန်လှသော အချိန်အတွင်းတွင် အမေရိကန်၏ ရေတပ်သည် စပိန်ရေတပ်ကို ချေမှုန်းပြနိုင်ခဲ့သည်။ ဖိလစ်ပိုင်ရှိ စပိန်ရေတပ်စခန်းအား ဖျက်ဆီးပြီးနောက် ကျူးဘားကို သိမ်းပိုက်လိုက်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သိက္ခာဆယ်လိုသော စပိန်တို့က ဖိလစ်ပိုင်ကို လက်မလွှတ်လိုသဖြင့် အချိန်ဆွဲသောနည်းဖြင့် မက်ကင်လီက ဖိလစ်ပိုင်ကို အရယူခဲ့သည်။ ပိစိဖိတ်သမုဒ္ဒရာတွင် ကြီးစိုးရန် ဖိလစ်ပိုင်ကို ခြေကုပ်ယူထားရန် ရည်ရွယ်ထားသဖြင့် ထိုသို့အရယူခြင်းဖြစ်သည်။ နောက်ဆုံးတွင် စပိန်တို့ စစ်လျော်ကြေးငွေ ဒေါ်လာသန်း၂၀ဖြင့် ကျေနပ်လိုက်ရပြီး အမေရိကန်အမြတ်ထွက်သည်။

ထိုစစ်ပွဲတွင် မက်ကင်လီသည် သမ္မတအာဏာကို အဆုံးတိုင်ဖြန့်ထုတ်နိုင်သဖြင့် နိုင်ငံရေးအရပါ အမြတ်ထွက်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်သည်။ သို့သော် မည်သည့် သမ္မတမျှ စစ်ပွဲကို ကိုယ်တိုင်ကွပ်ကဲခြင်းမျိုးမရှိဖူးသေးဘဲ သက်ဆိုင်ရာစစ်ဦးစီးချုပ်များကို အမိန့်ပေးခြင်းဖြင့်သာ အာဏာယူခဲ့ကြဖူးသည်။ သို့သော် မက်ကင်လီက ထိုပုံစံကို ဖောက်ထွက်ကာ စစ်ပွဲများကို ကိုယ်တိုင် တိုက်ရိုက်အမိန့်ပေးခြင်းဖြင့် ကွပ်ကဲခဲ့သဖြင့် သမ္မတ၏အခွင့်အာဏာကို ပိုမိုထင်ရှားစေသည်။ ရန်သူစပိန်တို့အား အလျော့ပေးလိုသည့် အရာရှိများကို တင်းတင်းကျပ်ကျပ် အမိန့်ပေးခြင်းဖြင့် အုပ်ချုပ်ခဲ့သည်။

သမ္မတလင်ကွန်း လက်ထက်တွင်လည်း စစ်ရေးနှင့် ပက်သက်၍ သမ္မတအာဏာကို ချဲ့ထွင်ခဲ့ဖူးသည်။ မက်ကင်လီမှာလည်း ထိုနည်းအတိုင်း စစ်ပွဲကိုအမှီပြုကာ သမ္မတအာဏာကို ချဲ့ထွင်ခဲ့သူဖြစ်သည်။ သူ၏တိုက်ရိုက်ကွပ်ကဲမှုကြောင့်လည်းကောင်း၊ အမေရိကန်တပ်၏ အစွမ်းထက်မှုကြောင့်လည်းကောင်း စပိန်ကိုအောင်နိုင်ရခြင်းကြောင့် နာမည်ကောင်းရသည်။

အုပ်ချုပ်ပုံအသစ်[ပြင်ဆင်ရန်]

သမ္မတမက်ကင်လီသည် အခြားသမ္မတများထက် ပြည်တွင်းခရီးလှည့်လည်မှုမျိုးကို ပို၍ လုပ်ခဲ့သည်။ မိန့်ခွန်းများပြောခဲ့သည်။ လွှတ်တော်သို့လည်း တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ အိမ်ဖြူတော်ကိုလည်း သတင်းသမားများအတွက် အားထားရာနေရာဌာနဖြစ်စေသည်။

အင်္ဂလိပ်နှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

အမေရိကန်နှင့် ဗြိတိန်တို့သည် ရှေးယခင်က အဖုအထစ်အတော်များများရှိခဲ့ဖူးသည်မှာ မှန်သော်လည်း မက်ကင်လီ၏အမြင်မှာမူ တစ်မျိုးတစ်ဘာသာဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအရ အင်္ဂလိပ်သည် အင်အားထွားလာသည့် ဂျာမနီ၊ စပိန်တို့နှင့် ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် အင်အားရှိသော မဟာမိတ်ကို ရှာဖွေနေချိန်ဖြစ်သည်။ အမေရိကန်အနေဖြင့် ထိုအခွင့်အရေးကို အရယူကာ အင်္ဂလန်နှင့် မိတ်ဖွဲ့ပြီး နေထိုင်ရန်လိုသည်ဟု သုံးသပ်မိသည်။ ကောင်းမွန်သော ဆက်ဆံရေး အကျိုးဆက်အနေဖြင့် စပိန်နှင့် အမေရိကန်စစ်ပွဲတွင် အမေရိကန်ကို အင်္ဂလန်ထောက်ခံပြီး အပြန်အလှန်အားဖြင့် အင်္ဂလန်-ဘိုးဝါး စစ်ပွဲတွင် အမေရိကန်က အင်္ဂလန်ဖက်မှ ထောက်ခံပေးသည်။ ထိုသို့ကမ္ဘာ့ရေးရာများတွင် စိတ်ပါလက်ပါ ပါဝင်ခြင်းအားဖြင့် အမေရိကန်၏ ဩဇာကို ထူထောင်နိုင်မည့် လမ်းကို မက်ကင်လီမှ ခင်းပေးခဲ့သည်ဟုလည်း ဆိုနိုင်သည်။

လုပ်ကြံခံရခြင်း[ပြင်ဆင်ရန်]

၁၉၀၁၊ စက်တင်ဘာလအတွင်း ခရီးလှည့်လည်ဟာ မိန့်ခွန်းများဟောပြောသည်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲနီးကပ်ပြီဖြစ်သော မဲဆွယ်ကာလဖြစ်သည်။ စက်တင်ဘာလ၊ ၅ရက်နေ့တွင် ဘတ်ဖလိုးမြို့တရားဟော စင်မြင့်ထက်မှ သူ၏အခွန်ဆိုင်ရာ မူဝါဒများကို ဟောပြောခဲ့ပြီးနောက်တစ်ရက်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံရသည်။ နောက်ရှစ်ရက်အကြာ ၁၄၊ စက်တင်ဘာတွင် ကွယ်လွန်သွားရသည်။

ကိုးကား[ပြင်ဆင်ရန်]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း