မာဆာယိုရှီ အိုဟီရာ

ဝီကီပီးဒီးယား မှ
မာဆာယိုရှီ အိုဟီရာ
大平 正芳
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၇ ဒီဇင်ဘာ ၁၉၇၈ – ၁၂ ဇွန် ၁၉၈၀
ဧကရာဇ်Shōwa
ယခင်လူTakeo Fukuda
ဆက်ခံသူMasayoshi Itō (Acting)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1910-03-12)၁၂ မတ်၊ ၁၉၁၀
Kan'onji, Kagawa, ဂျပန်နိုင်ငံ
ကွယ်လွန်၁၂ ဇွန်၊ ၁၉၈၀(1980-06-12) (အသက် ၇၀)
Minato, Tokyo, ဂျပန်နိုင်ငံ
နိုင်ငံရေးပါတီလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ
ကြင်ဖော်(များ)Shigeko (၁၉၁၆-၁၉၉၀)
သားသမီးMasaki
Hiroshi
Akira
Yoshiko
မိခင်ကျောင်းဟီတိုဆူဘာရှိတက္ကသိုလ်
ကိုးကွယ်သည့်ဘာသာAnglicanism
လက်မှတ်

မာဆာယိုရှီ အိုဟီရာ (大平 正芳 Ōhira Masayoshi?, ၁၂ မတ် ၁၉၁၀ – ၁၂ ဇွန် ၁၉၈၀) သည် ဂျပန်လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၆၈ ဦးမြောက်နှင့် ၆၉ ဦးမြောက် ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖြစ်သည်။ အိုဟီရာသည် ကာဂါဝါခရိုင် မီတိုယိုဂွန်းနယ်၊ တိုယိုဟာမာချိုမြို့၌ ၁၉၁၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ယခု ဟီတိုဆူဘာရှိတက္ကသိုလ်ဟု ထင်ရှားသော တိုကျိုကူးသန်း ရောင်းဝယ်ရေး ကောလိပ်မှ ၁၉၃၆ ခုနှစ်က ဘွဲ့ရခဲ့ပြီးလျှင် ထိုနှစ်တွင်ပင်ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၌ အလုပ်ဝင်ရောက်လုပ်ကိုင်သည်။

ထို့နောက် အိုဟီရာသည် ယိုကိုဟားမား အကောက်ခွန်ရုံးအုပ် အဖြစ်၎င်း၊ ဆင်ဒိုင် အကောက်ခွန်ကြီးကြပ် ရေးဗျူရိုနှင့် တိုကျိုဘဏ္ဍာရေးဗျူရို ညွှန်ကြားရေးမှူး အဖြစ်၎င်း၊ ဂျပန်စီးပွားရေး တည်ငြိမ်မှု ဘုတ်အဖွဲ့၏ ပြည်သူ့လုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီး၏ အတွင်းရေးအတွင်းဝန်အဖြစ်၎င်း ဆောင်ရွက်ခဲ့လေသည်။

အိုဟီရာသည် ၁၉၅၂ ခုနှစ်တွင် ဂျပန်ပါလီမန်အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနောက်ကိုးကြိမ်ဆက်တိုက်ပင် လွှတ်တော်အမတ်ဖြစ်လာသည်။ ၁၉၅၉ ခုနှစ် ဇွန်လမှ ၁၉၆ဝ ပြည့်နှစ် ဇူလိုင်လအထိ အောက်လွှတ်တော်ပညာရေးကော်မတီ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၀ ပြည့် ဇူလိုင်လမှ ၁၉၆၂ ခုနှစ် ဇူလိုင်လအထိ ဝန်ကြီးချုပ်အီကေဒါ၏ အစိုးရအဖွဲ့တွင် အတွင်းဝန်ချုပ် ရာထူးတွင် ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခု ဇူလိုင်လမှ ၁၉၆၄ ခုနှစ် ဇူလိုင်လအထိ ယင်းအစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာလေသည်။

မစ္စတာ အိုဟီရာသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလမှ ၁၉၆၈ ခုနှစ် နိုဝင်ဘာလအထိ ဂျပန်နိုင်ငံ လစ်ဗရယ် ဒီမိုကရက်တစ်ပါတီ၌ ပေါ်လစီရေးရာ သုတေသနကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၈ ခုနှစ် နိုင်ဝင်ဘာလမှ ၁၉၇၀ ပြည့်နှစ် ဇန်နဝါရီလအထိ ဝန်ကြီးချုပ် ဆာတို၏ အစိုးရအဖွဲ့တွင်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းဌာန ဝန်ကြီးဖြစ်လာသည်။

တစ်ဖန် ၁၉၇၂ ခုနှစ် ဇူလိုင်လမှ ၁၉၇၄ ခုနှစ် ဇူလိုင်လအထိ တာနာကာအစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ဖြင့် ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခု ဇူလိုင်လမှ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလအထိ ယင်းအစိုးရအဖွဲ့ တွင်ပင် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ၁၉၇၄ ခု ဒီဇင်ဘာလမှ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလအထိ အသစ် တက်လာသော ဝန်ကြီးချုပ်မီကီ၏ အစိုးရအဖွဲ့တွင်ဆက်လက်၍ ဘဏ္ဍာရေးဝန်ကြီးတာဝန် ထမ်းဆောင်ရလေသည်။

ထို့နောက် မစ္စတာအိုဟီရာသည် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလဆန်းအထိအစိုးရ အဖွဲ့ဝင်အဖြစ်မပါဝင်တော့ပဲ လစ်ဗရယ် ဒီမိုကရက်တစ်ပါတီ၏ အထွေထွေ အတွင်း ရေးမှူးချုပ် အဖြစ်သာ ပါတီလုပ်ငန်းကို အချိန်ပြည့်လုပ်ကိုင်နေခဲ့သည်။ ထို့နောက် အိုဟီရာသည် ပါတီရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ယင်းပါတီ၏ ဥက္ကဋ္ဌဖြစ်လာလေသည်။

အိုဟီရာ လစ်ဗရယ်ဒီမိုကရက် ပါတီဥက္ကဋ္ဌဖြစ်လာသောအခါ ပါတီဥက္ကဋ္ဌဟောင်း ဝန်ကြီးချုပ် ဖူကူဒါက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်သဖြင့် အိုဟီရာသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံရရှိလေ သည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရာထူးတွင် ထမ်းဆောင်ခဲ့သောအိုဟီရာသည် ရာထူးရချိန်တွင် အသက် ၆၈ နှစ်ကျော်ပြီဖြစ်သည်။

အိုဟီရာသည် ၁၉၅၄ ခုနှစ်တွင် ဂျပန်ဘာသာဖြင့် ဆူဂါဝိုနိုဒိုင်ဂီရှိခေါ် ပါလီမန်အမတ်အကြောင်းစာအုပ် ကို၎င်း၊ ၁၉၅၆ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် အစိုးရဘဏ္ဍာရေး အတွေးအမြင်များ စာအုပ်ကို ၎င်းရေးသား ထုတ်ဝေခဲ့လေသည်။[၁]

ဝန်ကြီးချုပ် ရာထူးသက်တမ်း ၁၇ လအတွင်း လစ်ဗရယ် ဒီမိုကရက်တစ်ပါတီတွင်း အာဏာပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာသည်။ ဗမလအတွင်းက အိုဟီရာသည် ဂျပန် ပါလီမန်တွင် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် ၁၉၈၀ ပြည့်နှစ် ဇွန်လ ၂၂ ရက် နေ့တွင် အထွေထွေရွေးကောက်ပွဲကို ပြန်လည် လုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် အိုဟီရာသည် ၁၉၈၀ ပြည့်နှစ် ဇွန်လတွင် ဂျပန်နိုင်ငံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ဇနီးသည် ရှီဂျီကို နှင့် သားနှစ်ယောက်ကျန်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၇၉)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၈၁)