ဘာတယ် ထောဗာလဆင်

ဝီကီပီးဒီးယား မှ

ဒိန်းလူမျိုး ရုပ်တုဆရာ ထောဗာလဆင်(ခရစ် ၁၇၇ဝ-၁၈၄၄)သည် ၁၇၇ဝပြည့်နှစ် နိုဝင်ဘာလ ၁၉ရက်နေ့တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟားဂင်းမြို့တော်၌ ဖွားမြင်လေသည်။ ဖခင်ဖြစ်သူမှာလည်း ရုပ်တုဆရာတစ်ဦးဖြစ်၍၊ လှေဦးပိုင်းများကို အရုပ်များထွင်းလုပ်ပေးခြင်းဖြင့် အသက်မွေးမြူသူဖြစ်သည်။ ထောဗာလဆင်သည် အသက် ၁၁ နှစ်အရွယ်ကစ၍၊ ကိုပင်ဟားဂင်းမြို့ရှိ သုခုမအနုပညာသင်ကျောင်းကြီးတွင် အနုပညာရပ်များကို ၁၂ နှစ်တိုင်တိုင် လေ့လာဆည်းပူးခဲ့သည်။ အသက် ၂၃ နှစ်အရွယ်တွင် ရွှေတံဆိပ်တစ်ခုနှင့် စကောလားရှစ်ဆုကိုရရှိသဖြင့် အီတလီနိုင်ငံ ရောမမြို့တော်သို့ သွားရောက်ကာပညာများဆည်းပူးလေသည်။

ရောမမြို့တော်တွင်နေထိုင်၍ များမကြာမီပင် ထောဗာလဆင်၏ဂုဏ်သတင်းမှာ ကျော်စောထင်ရှား လာခဲ့လေသည်။ ၁၈ဝ၉ ခုနှစ်တွင် ထုလုပ်ပြီးစီးသည့် ဂျေဆင်ကျောက်ရုပ်မှာ အထူးထင်ရှားခဲ့သည်။ ထိုနောက် ၁၈၁၉ ခုနှစ်တွင် နေရင်းဒေသ ကိုပင်းဟားဂင်းမြို့တော်သို့ ခေတ္တပြန်၍နေထိုင်ခဲ့၏။ ထိုအတွင်း ခရစ်မယ်တော် ဘုရားရှိခိုးကျောင်းကြီးကို ပန်းခက်ပန်းနွယ်တို့ဖြင့် မွမ်းမံခြယ်လှယ်၍၊ ထိုဘုရားရှိခိုးကျောင်းတွင်ရှိသည့် ခရစ်တော်နှင့် တပည့်တော် တဆယ့်နှစ်ဦးတို့၏ပုံကို ထုလုပ်လေသည်။ ထိုနာက်တစ်ဖန် ရောမမြို့သို့ ပြန်လာသောအခါ၊ သူ သည် စိန်ပီတာဘုရားရှိခိုးကျောင်းအတွက် သတ္တမပိုင်း ယပ်အထိမ်းအမှတ်ကျောက်ရုပ်ကို ထုထွင်းရလေသည်။ ၁၈၃၈ ခုနှစ် တွင် ဒိန်းမတ်ပြည့်ရှင် ဘုရင်မင်းမြတ်က ထောဗာလဆင်ကို ပြန်လာရန်ခေါ်သဖြင့် ကိုပင်ဟားဂင်းမြို့တော်သို့ ပြန်ရပြန်သည်။ ထိုနောက် ရောမမြို့သို့ နောက်ဆုံးအခေါက်အဖြစ် ခေတ္တမျှ အလည်သွားခဲ့သည်မှတစ်ပါး ၁၈၄၄ ခုနှစ်အထိ မိမိ ဇာတိဖြစ်သော ကိုပင်ဟားဂင်းမြို့တော်၌ စွဲမြဲစွာနေထိုင်ခဲ့၏။

အနိစ္စရောက်သောအခါ ကျန်ရစ်ခဲ့သောပစ္စည်းများနှင့် ရုပ်တုရုပ်လုံးများကို ပြတိုက်တစ်ခု ပြုလုပ်ထားရှိရန် မှာကြားခဲ့သဖြင့် ကိုပင်ဟားဂင်းမြို့တော်၌ ထောဗာလဆင်ပြတိုက်ကို ဖွင့်ထားလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)