ဖရေဇီယာ၊ ဂျို

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်သူ ဂျိုဖရေဇီယာကို ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကာရို လိုင်းနားပြည်နယ်တောင်ပိုင်းရှိ ဘူးဖို့မြို့၌ မွေးဖွားသည်။ ဖရေဇီယာသည် ၁၉၇၀ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် နယူးယောက်စီးတီး၌ ပြုလုပ်သော လက်ဝှေ့ ထိုးသတ်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ဂျင်မီအဲလစ်စ်ကို ငါးချီ ဖြင့် အလဲထိုးနိုင်ခဲ့ပြီး ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက် တွင်ပြုလုပ်သော ပြိုင်ပွဲတွင်မူ ပြိုင်ဘက်ဂျော့ဖိုမန်ကို ရှုံးနိမ့်ခဲ့သည်။ ဖရေဇီယာသည် အပျော်တမ်းကစားခဲ့ သော ပွဲစဉ်များတွင်ပင် အကောင်းဆုံးဟဲဗီးဝိတ်ကစား သမားဖြစ်ခဲ့သည်။ ဖရေဇီယာသည် ၁၉၆၅ ခုနှစ် ဩဂုတ်လမှစတင်၍ အပျော်တမ်းလက်ဝှေ့ ကစား သမားအဖြစ်မှ ကြေးစားလက်ဝှေ့ကစားသမားအဖြစ် ယှဉ်ပြိုင်ခဲ့သည်။ အရပ် ၅ ပေ ၁၁ လက်မ၊ ကိုယ်ခန္ဓာ အလေးချိန် ၂၀၅ ပေါင်ရှိပြီး အမြဲတကွ်ကြထက်သန် သောပုံစံနှင့် စွမ်းအားပြည့် ဘယ်ဝိုက်လက်သီးပိုင်ရှင် ဖရေဇီယာကို ဟဲဗီးဝိတ်ချန်ပီယံဟောင်း ရော်ကီမာစီရာ နိုနှင့် ခိုင်းနှိုင်းလေ့ရှိကြသည်။ ၁၉၆၈ ခုနှစ် မတ်လတွင် ၎င်း၏ပြိုင်ဘက်ဟောင်းဖြစ်သူ ဘူစတာမက်သစ်ကို ၁၁ ချီတွင် အလဲထိုးနိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဟဲဗီးဝိတ်ချန်ပီယံနှစ်ဦးဖြစ်သူ မိုဟာမက်အလီအနိုင်ရ ရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မိုဟာမက်အလီနှင့် ဒုတိယအကြိမ် ဂျိုဖရေဇီယာတို့သည် မက်ဒီဆင် ဥယျာဉ်တွင်ပြုလုပ်သော လက်ဝှေ့ထိုးသတ်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရာ ၁၅ ချီ ထိုးသတ်ခဲ့ပြီး ဖရေဇီယာအနိုင်ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မိုဟာမက် အလီနှင့် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၁၂ ချီဖြင့်ရှုံးနိမ့်ခဲ့သည်။ ၁၉၇၅ ခုနှစ် အောက်တိုဘာတွင် ဖိလစ်ပိုင်နိုင်ငံ၌ မိုဟာမက်အလီနှင် တတိယအကြိမ် ထိုးသတ်ခဲ့သည်။ ထိုလက်ဝှေ့ပွဲကို မနီလာမြို့က ရင်သိမ့်တုန်ဖွယ်ရာ ယှဉ်ပြိုင်မှုဟု ကျော်ကြားလူသိ များခဲ့သည်။ ထိုပွဲတွင် အလီသည် ၁၄ ချီ ခက်ခဲပင်ပန်းစွာ ထိုးသတ်ခဲ့ရပြီး ဖရေဇီယာကို အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲအနည်းငယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်တွင် လက်ဝှေ့လောကမှ အနားယူခဲ့သည်။၁၉၈၁ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်ပိုင်းတွင် ဖီလာဒဲ့ဖီးယားပြည်နယ်၌ အားကစားရုံ ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတကာ လက်ဝှေ့ အကျော်အမော်များစာရင်းတွင် ပါဝင်ပြီး ရွှေခါးပတ်ဆု ရသူဂျိုဖရေဇီယာသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၇ ရက် တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)