ဒေးဗစ် ခို့ချ်

ဝီကီပီးဒီးယား မှ
(ဒေးဗစ် ကော့ချ် မှ ပြန်ညွှန်းထားသည်)
ဒေးဗစ် ကော့ချ်
Koch in Columbus, Ohio
မွေးဖွားDavid Hamilton Koch
(1940-05-03) မေ ၃၊ ၁၉၄၀ (အသက် ၈၃)
ဝီချီတာမြို့၊ ကန်းဆပ်ပြည်နယ်အမေရိကန်ပြည်ထောင်စု
မိခင်ကျောင်းမက်ဆာချူးဆက် စက်မှုတက္ကသိုလ်
အလုပ်အကိုင်Koch Industries ၏ ဒုဥက္ကဋ္ဌ
ကျော်ကြားမှုအရင်းခံPhilanthropy to cultural and medical institutions
Support of libertarian and conservative causes[၁]
ကြွယ်ဝမှုUS$၄၇.၅ ဘီလီယံ (ဧပြီ ၂၀၁၇)
နိုင်ငံရေးပါတီLibertarian (၁၉၈၄ မတိုင်မီ)
ရီပါဘလစ်ကန် (၁၉၈၄–လက်ရှိ)
အိမ်ထောင်ဖက်(များ)Julia Flesher[၂][၃]
သားသမီး3
မိဘ(များ)
  • Fred C. Koch
  • Mary Robinson
ဆွေမျိုးသားချင်း
Siblings:

ဒေးဗစ် ကော့ချ် (အင်္ဂလိပ်: David Hamilton Koch) သည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ကော့ချ်ကို ကန်ဆက်စ်ပြည်နယ်၊ ဝီချီတာတွင်မွေးဖွားခဲ့ပြီး ရေနံလုပ်ငန်းဆန်းသစ်တီထွင်သူ ဖရက်ဒ် ကော့ချ်၏ သား၄ယောက်မှ တစ်ဦးဖြစ်သည်။ သူသည် ၁၉၅၉ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်ရှိ ဒီးယားဖီလ်ဒ် အကယ်ဒမီ ကျောင်းမှ အထက်တန်းအောင်ခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင်မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ဓာတုဗေဒအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဘွဲ့လွန်ဒီဂရီကို ရရှိခဲ့သည်။

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (အမ်အိုင်တီ) တွင် ကျောင်းတက်စဉ် ဘတ်စကတ်ဘောကစားရာတွင် သုံးနှစ်အတွင်းကစားပွဲတစ်ပွဲလျှင် ပျမ်းမျှရမှတ်၂၁မှတ်ဖြင့် စံချိန်တင်နိုင်ခဲ့သည်။ အမ်အိုင်တီ၏ပွဲစဉ်တစ်ခုတွင် တစ်ဦးတည်း ၄၁မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၁၉၆၂ခုနှစ်တွင် ဘတ်စကတ်ဘောအသင်းခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူတင်ထားခဲ့သောစံချိန်ကို ၂၀၀၉ခုနှစ်အစောပိုင်းကျမှ ဂျင်မီ ဘာတိုလိုတာဆိုသူက ချိုးနိုင်ခဲ့သည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

ကော့ချ်သည် လေဘာတေးယီးယန်း ပါတီဝင်ဖြစ်ပြီး ၁၉၈၀ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်း အက်ဒ်ကလာ့ခ်နှင့်အတူ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။ ထိုစဉ်က ကလာ့ခ်နှင့် ကော့ချ်အတွဲက ၎င်းတို့ရွေးချယ်ခံရပါက လူမှုဖူလုံရေးကိစ္စများ၊ လူမှုရေးအာမခံချက်များ၊ အနိမ့်ဆုံးလုပ်ခဥပဒေများ၊ ဗဟိုဘဏ်အဖွဲ့အစည်း၊ ကော်ပိုရေးရှင်းခွန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အပံ့များ နှင့် အမေရိကန်နိုင်ငံရှိ ဖက်ဒရယ်အဖွဲ့အစည်းများဖြစ်သော အက်စ်အီးစီ၊ အီးပီအေ၊ အိုင်စီစီ၊ အက်ဖ်တီစီ၊ အိုရှာ၊ အက်ဖ်ဘီအိုင်၊ စီအိုင်အေ နှင့် ဒီအိုအီး (SEC, EPA, ICC, FTC, OSHA, FBI, CIA, DOE) စသည်တို့ကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်းကတိပေးခဲ့သည်။

ထို့ပြင် ပြည့်တန်ဆာလုပ်ငန်း၊အပျော်တမ်းမူးယစ်ဆေးဝါးသုံးခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းတို့ကို တရားဝင်ဥပဒေပြုပေးရန် လည်းကတိပြုခဲ့သည်။ ထိုရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာအရ ထောက်ခံမဲ ၁.၀၆% (ဆန္ဒမဲအရေအတွက် ၉၂၁,၁၂၈ မဲ) ရရှိခဲ့သည်။ ထိုရလဒ်မှာ ယခုအချိန်အထိ လေဘာတေးယီယန်းပါတီအတွက် အကောင်းဆုံးကြိုးပမ်းမှု ဖြစ်သည်။

ရွေးကောက်ပွဲအပြီးတွင် ရီဇင်မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးဖြစ်သူ ဘရိုင်ယန် ဒိုဟာတီရေးသားသော စာအုပ်တွင် ဒေးဗစ်နှင့် သူ့ညီ ချားလ်စ်တို့၏ နိုင်ငံရေးသမားများအပေါ် အမြင်ကို ဤသို့ဖော်ပြခဲ့သည်။ သူတို့က “ နိုင်ငံရေးသမားများသည် ပေါ်လစီအိုင်ဒီယာများကို ထုတ်ဖော်ပေးလေ့ရှိသော အကယ်ဒမီများနှင့် ဦးနှောက်အဖွဲ့အစည်းများ (သင့်ခ်တန်ခ့်)တို့ကို ဩဇာအရှိန်အဝါဖြင့် လွှမ်းမိုးထိန်းချုပ်ပြီး မိမိတို့လိုချင်သော နိုင်ငံရေးဇာတ်ညွှန်းများရရှိအောင် လုပ်ဆောင်ပြီးနောက် ထိုဇာတ်ညွှန်းအတိုင်းကကြသော သရုပ်ဆောင်များ” ဟု ရှုမြင်ကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း[ပြင်ဆင်ရန်]

ကော့ချ်ကို နိုင်ငံရေးတွင်ပါဝင်ပတ်သတ်လာစေရန် အတွက် အဓိကလှုံ့ဆော်ခဲ့သည်က ရော်ဂျာ မတ်ခ်ဘရိုက်ဒ်၏ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုပင်ဖြစ်သည်။ ကော့ချ်မှ နယူးယောခ့်မဂ္ဂဇင်းသို့ပြောကြားသည်မှာ “ ရော်ဂျာဟာ ကျွန်တော်ယုံကြည်တဲ့ အရာအားလုံးကို ဥပဒေပြုနိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူက အစိုးရမှ ဝင်ရောက်စွက်ဖက်မှုနည်းတာ၊ အခွန်လျှော့တာကို လိုချင်တယ်။ စာအုပ်တွေမှာ အကြိမ်ကြိမ်အခါခါဖော်ပြထားတဲ့ နှိပ်စက်ခံရသူမဲ့ ရာဇဝတ်မှုတွေ (မိမိကိုယ်ကို အဆုံးစီရင်မှုတွေ) အတွက် ဥပဒေတွေကိုဖျက်သိမ်း ဖို့ဟောပြောတယ်။ ကျွန်တော့်မှာ ဆေးခြောက်ရှုတဲ့သူငယ်ချင်းတချို့ရှိတယ်။ ကျွန်တော်သိတာ နောက်တခုက လိင်တူ ဆက်ဆံသူတွေ အများကြီးရှိတယ် ဆိုတာပဲ။ အဲဒီလိုလူတွေကို ရာဇဝတ်သားလို ဆက်ဆံတာ အတော်ဆိုးရွားပါတယ်။ အခုတော့ အဲဒီကိစ္စတွေကို အရေးတယူဆောင်ရွက်ပေးမဲ့ သမ္မတလောင်းတစ်ယောက်ရပြီ” ဟူ၍ ဖြစ်သည်။

တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ အသုံးပြုခဲ့ကြောင်း သိရှိရသည်။ သူက ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်နှင့် စည်းရုံးမှုအသုံးစရိတ် ကန့်သတ်ချက်များကို ပယ်ဖျက်မည်ဟုလည်း ၁၉၈၀ ခုနှစ်တွင် နယူးယောခ့်မဂ္ဂဇင်း မှ ရင်ကာဘွတ်ချ်အား ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရသော အကြောင်းအရင်းကိုမေးမြန်းရာတွင် “ ကျွန်တော် အလုပ်မလိုဘူး ဆိုတာကို ဘုရားသခင်သိပါတယ်။ ဒါပေမဲ့ လစ်ဘာတေးယီးယန်းတွေကို ကျွန်တော်ယုံတယ်။ သူတို့သာ မရှိခဲ့ရင် ကျွန်တော်ဟာ ဝီချီတာက ရီပက်ဘလစ်ကန် တယောက်ဖြစ်နေလောက်ပြီ။ ကံဆိုးချင်တော့ ကန်ဆက်စ်က လူတိုင်းလိုလိုက ရီပက်ဘလစ်ကန် ဖြစ်နေတာပါပဲ” ဟုပြောကြားခဲ့သည်။

၁၉၈၄ တွင် အခွန်များအားလုံးကို ဖျက်သိမ်းရန် လေဘာတေးယီယန်းပါတီက ထောက်ခံခဲ့သောကြောင့် ယင်းပါတီနှင့် လမ်းခွဲခဲ့သည်။ ထိုအချိန်မှစ၍ ရီပက်ဘလစ်ကန် တစ်ဦး ဖြစ်လာသည်။

လက်ရှိနိုင်ငံရေးအမြင်[ပြင်ဆင်ရန်]

သူသည် အီရတ်စစ်ပွဲကို ဆန့်ကျင်သူဖြစ်ပြီး လိင်တူလက်ထပ်ခြင်းနှင့် စတမ်းဆဲလ် သုတေသနပြုခြင်းတို့ကို ထောက်ခံသူဖြစ်သည်။ လူနာများကာကွယ်စောင့်ရှောက်ခြင်းနှင့် လက်လှမ်းမှီ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေများကို ဆန့်ကျင်သူတစ်ဦး လည်းဖြစ်သည်။ ယခင်ကမူ ဒေါ့ဖရမ်း၏ ဝေါလ်စထ်ရိဒ် ပြန်လည်တည်ဆောက်ခြင်းနှင့် စားသုံးသူများကာကွယ် စောင့်ရှောက်ရေးဥပဒေကို ဆန့်ကျင်ခဲ့သည်။

ကော့ချ်က ကမ္ဘာကြီးပူနွေးလာမှုသည် လူသားများကြောင့်ဟူသောအဆိုကို သံသယရှိသူဖြစ်ပြီး “ကမ္ဘာကြီးပူနွေးလာမှုသည် ပိုကောင်းသည်ဟု ယူဆသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးပူနွေးလာမှုက စားနပ်ရိက္ခာထုတ်လုပ်ရန်အတွက် အလွန်ကြီးမားကျယ်ပြန့်သော ကုန်းမြေဧရိယာကိုရရှိစေပြီးယခုထက် ပိုမိုများပြားသော လူဦးရေကို အစားအစာထောက်ပံ့ ပေးနိုင်မည် ဖြစ်သောကြောင့်” ဟုဆိုသည်။

ထောက်ခံမှုနှင့် ထောက်ပံ့မှုများ[ပြင်ဆင်ရန်]

၁၉၈၄ ခုနှစ်တွင် ကော့ချ်သည် ဆောင်းဒ်အီကိုနိုမီဒါရိုက်တာအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ ပြီး ယင်းအဖွဲ့၏ အထိန်းချုပ်မဲ့ ဈေးကွက်ကို ထောက်ခံသောအမေရိကန်နိုင်ငံသားများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အထက်ပါ အဖွဲ့အစည်းမှာ အမေရိကန်များ ကြီးပွားချမ်းသာရေးဖောင်ဒေးရှင်း (Americans for Prosperity Foundation) နှင့် လွတ်လပ်စွာလုပ်ကိုင်ခြင်း (FreedomWorks) အဖွဲ့များအဖြစ် ခွဲထွက်ခဲ့သည်။

ကော့ချ်သည် အမေရိကန်များ ကြီးပွားချမ်းသာရေးဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ပြီး ထိုအဖွဲ့နှင့် ယင်းအဖွဲ့ကို ထောက်ခံသော အခြားအဖွဲ့များကို ငွေကြေးများ လှူဒါန်းခဲ့သည်။ ဝါရှင်တန်ပို့စ်၏ သတင်းများအရ ဖရီးဒမ်းဝေါ့ခ်စ်ကိုမူ ငွေကြေးအထောက်အပံ့များ မပေးခဲ့ကြောင်း နှစ်ဖက်စလုံးမှ ပြောကြားခဲ့သည်။ အမေရိကန်များ ကြီးပွားချမ်းသာရေးဖောင်ဒေးရှင်းနှင့် ဖရီးဒမ်းဝေါ့ခ်စ်အဖွဲ့အစည်းနှစ်ခုလုံးသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ပေါ်လစီများနှင့် ဥပဒေပြုရေးအစီအစဉ်များကို ဆန့်ကျင်သော အမေရိကန်လဖက်ရည်ဝိုင်းပါတီများ လှုပ်ရှားမှုကို ငွေကြေးထောက်ပံ့ခဲ့သည်။ ထို့ပြင် လစ်ဘာတေးယီးယန်းကော်တို အဖွဲ့နှင့် ရီဇင်ဖောင်ဒေးရှင်းတို့ကို လည်းလှူဒါန်းခဲ့သည်။

၂၀၁၀ခုနှစ် နွေနှောင်းပိုင်းနှင့်ဆောင်းဦးကာလများတွင် ကော့ချ်သည် လွတ်လပ်သော ဈေးကွက်ကို ထောက်ခံသော သင့်ခ်တန့်ခ်အဖွဲ့များ၊ နိုင်ငံရေးစည်းရုံးရေးများနှင့် အခြားဥပဒေပြုရေး ကိစ္စများတွင် ငွေကြေးအမြောက်အမြား အသုံးပြုခဲ့သည်အတွက် သက်ဆိုင်ရာ၏ စစ်ဆေးခြင်းကို ခံခဲ့ရသည်။

ဆောင်းပါးများမှလည်း ကော့ချ်၏ လုပ်ဆောင်ချက်များမှာ လျှို့ဝှက်လုပ်ဆောင်ချက်များ ဖြစ်ကြောင်းစွပ်စွဲခဲ့သည်။ စွပ်စွဲချက်များတွင်ကော့ချ်သည် လဖက်ရည်ဝိုင်းပါတီလှုပ်ရှားမှုများနှင့် ကယ်လီဖိုးနီးယား အဆိုပြုချက် ၂၃/၂၀၁၀ နှင့် ရီပက်ဘလစ်ကန် အမတ်လောင်းများကို ထောက်ပံ့ခဲ့ကြောင်း မီးမောင်းထိုး ဖော်ပြကြသည်။

၂၀၁၀ ဇူလိုင်လတွင် နယူးယောက်မဂ္ဂဇင်းမှ သူ့အကြောင်းကို ဖော်ပြခဲ့သည်။ ၂၀၁၀ ဩဂုတ်လတွင် နယူးယောက်ကာမှ ဂျိန်းမေယာက ဒေးဗစ်နှင့် ချားလ်စ် ကော့ချ်ညီအစ်ကိုနှစ်ဦး၏ နိုင်ငံရေးအတွက် ငွေကြေးသုံးစွဲမှုများကို ထုတ်ဖော်ရေးသားခဲ့သည်။

အိမ်ဖြူတော်မှ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ ဒေးဗစ် အိပ်စ်ရော့ဒ်က သူတို့အား “ကန့်လန့်ကာ နောက်ကွယ်မှ စည်းရုံးရေးသမားများ” ဟု ဝါရှင်တန်ပို့စ် တွင်ရေးသားခဲ့သည်။ ကော့ချ်ကမူ လဖက်ရည်ဝိုင်းပါတီများသို့မည်သည့်အခါကမျှသွားရောက်ခဲ့ခြင်းမရှိကြောင်း၊ လဖက်ရည်ဝိုင်းပါတီများမှ ကိုယ်စားလှယ်များသည်လည်း သူ့အားချဉ်းကပ်ခဲ့ခြင်းမရှိ်ကြောင်း ပြောကြားခဲ့သည်။

ပရဟိတလုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀၀၀ခုနှစ်မှစ၍ ဒေးဗစ်ကော့ချ်သည် အနုပညာလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများနှင့် ဆေးပညာသုတေသနလုပ်ငန်းများအတွက် ဒေါ်လာသန်းပေါင်း ၆၀၀ ကျော်ကို လှူဒါန်းရန်ကတိပြုခဲ့ပြီး ထိုပမာဏမှာ ယခင်က နိုင်ငံရေးလုပ်ငန်းများအတွက် သုံးစွဲခဲ့မှုများထက်ပိုခဲ့သည်။

အနုပညာများ[ပြင်ဆင်ရန်]

၂၀၀၈ခုနှစ် ဇူလိုင်လတွင် လင်ကွန်းသဘင်အနုပညာအဆောက်အအုံတွင်ရှိသော နယူးယောက်စတိတ် ပြဇာတ်ရုံ(ယခုဒေးဗစ်အိတ်ချ်ကော့ချ်ပြဇာတ်ရုံ)ကို ပြန်လည်မွမ်းမံရာတွင် ဒေါ်လာသန်း၁၀၀ လှူဒါန်းရန် ကတိပြုခဲ့သည်။ ထို့ပြင် မက်ထရိုပိုလစ်တန်အနုပညာပြတိုက်၏ အပြင်ဘက်ရှိ ရေပန်းများကိုပြုပြင်ရန်အတွက်လည်း ဒေါ်လာ၁၀သန်းတိတိ လှူဒါန်းရန် ကတိပြုခဲ့သည်။

အမေရိကန် ဘဲလေးပြဇာတ်ရုံ၏ ဘဏ္ဍာရေးမှူးအဖြစ် ၂၅နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုပြဇာတ်ရုံသို့ ဒေါ်လာ ၆သန်းကျော် လှူဒါန်းခဲ့သည်။

ဆေးသုတေသန[ပြင်ဆင်ရန်]

ကော့ချ်သည် ဆီးကျိတ်ကင်ဆာကိုခံစားခဲ့ရပြီး ရောဂါပျောက်ကင်းပြီးနောက် ဆီးကျိတ်ကင်ဆာ ဖောင်ဒေးရှင်းတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဒေါ်လာ ၄၁ သန်း (တွဲဖက် နာနိုနည်းပညာပရောဂျက် အတွက် ၅သန်း အပါအဝင်) ကို ယင်းဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။ ယခု ဒေါက်တာ ဂျွန်နသန် ဆိုင်မွန်စ်တာဝန် ထမ်းဆောင်နေသော သဘာပတိနေရာတွင် တာဝန်ယူခဲ့သေးသည်။

၂၀၀၇ခုနှစ်တွင် ဒေးဗစ်ကော့ချ်ပေါင်းစည်းကင်ဆာ သုတေသနဌာနအဖြစ် တည်ထောင်ရန် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်သို့ ဒေါ်လာ သန်း၁၀၀ လှူဒါန်းခဲ့သည်။ ၎င်းလှူဒါန်းငွေများကို စတုရန်းပေ၃၅၀,၀၀၀(၃၃,၀၀၀စတုရန်းမီတာ) ရှိသော သုတေသနနှင့် နည်းပညာအဆောက်အဦးသစ်ဆောက်လုပ်ရာတွင် အသုံးပြုမည်ဖြစ်သည်။

အခြားလှူဒါန်းမှုများအနေဖြင့် ဘလက်တီမောရှီ ဂျွန်ဟော့ပ်ကင်းဆေးတက္ကသိုလ်သို့ ဒေါ်လာသန်း၂၀၊ နယူးယောက်ရှိ မန်မိုးရီးယားလ်စလုံးန်-ကက်တားရင်း ကင်ဆာစင်တာသို့ ဒေါ်လာသန်း၃၀၊ ဒေးဗစ်ကော့ချ်ဆီးလမ်းကြောင်းနှင့်မျိုးပွားလမ်းကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် ဟူစတန်ရှိ အမ်ဒီအန်ဒါဆန် ကင်ဆာစင်တာသို့ ဒေါ်လာ၂၅သန်း၊ နယူးယောက်-ပရက်စ်ဘက်တားရီးယန်း ဆေးရုံနှင့် ဝီးလ်ကော်နယ်လ် ဆေးရုံများသို့ ဒေါ်လာ ၁၅သန်းလှူဒါန်းခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

သူသည် ဒေါ်လာ၇သန်းကို ပြည်သူပိုင် ရုပ်သံလွှင့် ဝန်ဆောင်မှုလုပ်ငန်း Public Broadcasting Service (PBS)မှ ထုတ်လွှင့်သော နိုဗာပြဇာတ်အတွက်လည်းကောင်း၊ဝါရှင်တန် ဒီစီရှိ စစမ်ဆိုနီယံ အင်စတီကျူးရှင်း Smithsonian Institution သို့ လည်းကောင်း၊ ဒေးဗစ်ကော့ချ် ဒိုင်နိုဆောအဆောင်ဆောက်လုပ်ရန် အမေရိကန်သဘာဝ သမိုင်းပြတိုက်သို့ ဒေါ်လာသန်း၂၀ကို လည်းကောင်း၊ ၂၀၀၃ခုနှစ်၊မတ်လ ၁၇ရက် တွင် နေရှင်နယ်မောလ်၌ အမေရိကန်သဘာဝသမိုင်းပြတိုက် နှစ်၁၀၀ပြည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သော ဒေးဗစ်ကော့ချ် ၏ လူသားကနဦးအစ ပြတိုက်အတွက် ဒေါ်လာ၁၅ သန်းလှူဒါန်းခဲ့သည်။

ထို့ပြင် ဒီးယားဖီးလ်ဒ်အကယ်ဒမီအတွက် ဒေါ်လာ၆၈သန်းကို ရာသက်ပန်ရန်ပုံငွေအဖြစ် ပထမဆုံးအကြိမ်လှူဒါန်းခဲ့သည်။ သင်္ချာ၊သိပ္ပံနှင့် နည်းပညာ စင်တာများကို ထိုငွေများဖြင့် ဆောက်လုပ်ခဲ့ပြီး ကော့ချ်စင်တာဟု ခေါ်ဆိုခဲ့သည်။

ကိုးလ်ဒ်စပရင်းဟာဘာစမ်းသပ်ခန်းသို့ ဒေါ်လာ၁၀သန်း ပေးအပ်ခဲ့ပြီး သုတေသနတစ်ခုဖြစ်သည့် " နေရာအနှံ့ပြည်သူ့ကျန်းမာရေးတိုးမြှင့်နိုင်ရေး" စာတမ်းအတွက် ထောက်ပံ့ခဲ့မှုကြောင့် Double Helix Medal for Corporate Leadership ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံရသည်။

အိမ် ခြံ မြေ ရောင်းဝယ်မှုများ[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ် မေလတွင် ဂျက်ကီကနေဒီ၏ နယူးယောက်မြို့ရှိတိုက်ခန်းအား ဒေါ်လာ ၃၃သန်းကျော်ဖြင့် ရောင်းချခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဒေါ်လာ ၉.၅ သန်းတန်ဖိုးရှိ တိုက်ခန်းကို ဝယ်ယူခဲ့သည်။ ဒေါ်နယ်လ် ထရန့်၏ ထရမ့်ဝေါလ်ဒ်တာဝါဆောက်လုပ်မှုကို ဟန့်တားရန် နယူးယောက်မြို့၏ အထက်တန်းလွှာများ ဖြစ်သည့် ဗစ်တိုးရီးယား နယူးဟောက်စ်၊ မီဒီယာမော်ဂ့် အက်စ်အိုင် နယူးဟောက်စ် ဂျူနီယာ၏ ဇနီး စသူတို့နှင့် ပူးပေါင်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Goldman၊ Andrew။ "The Billionaire's Party: David Koch is New York’s second-richest man, a celebrated patron of the arts, and the tea party’s wallet"၊ New York magazine၊ July 25, 2010။ August 26, 2010 တွင် ပြန်စစ်ပြီး 
  2. Elizabeth Bumiller။ "Woman Ascending A Marble Staircase"၊ The New York Times၊ January 11, 1998။ August 31, 2010 တွင် ပြန်စစ်ပြီး 
  3. NYT staff။ "Weddings: Julia M. Flesher, David H. Koch"၊ Style၊ The New York Times၊ May 26, 1996။ September 2, 2010 တွင် ပြန်စစ်ပြီး