အန်တိုနီယို ဒါ အိုလီဗယ်ယာ ဆယ်လဇာ

ဝီကီပီးဒီးယား မှ
(ဆယ်လဇာ မှ ပြန်ညွှန်းထားသည်)
အန်တိုနီယို ဆယ်လဇာ

အန်တိုနီယို ဒါ အိုလီဗယ်ယာ ဆယ်လဇာသည် ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် အဖြစ် ၁၉၃၂ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၉၆၈ ခုနှစ် စက်တင်ဘာ ၂၅ ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပေါ်တူဂီနိုင်ငံကို အင်ဗရာနယ်၊ ဆန်တာ ကွန်ဗာ ဒါအို မြို့တွင် ၁၈၈၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့၌ တောင်သူလယ်သမား မိဘများမှ မွေးဖွားခဲ့လေသည်။ သူ၏နာမည်အပြည့် အစုံမှာ အန်ထော်နျူသီ အိုလီဗေအီရာ ဆယ်လဇာဖြစ်သည်။ ငယ်ရွယ်စဉ်က ဘုန်းကြီးလုပ်ရန်အကြံဖြင့် ကျမ်းစာသင်ကျောင်း တစ်ကျောင်းတွင် လေ့လာသင်ကြားခဲ့ဘူး၏။ ၁၉၁၆ ခုနှစ်တွင်ကိုအင်ဗရာတက္ကသိုလ်၌ ဘောဂဗေဒပါမောက္ခ ဖြစ်လာ၏။ ကိုအင်ဗရာ တက္ကသိုလ်တွင် အမှုထမ်းနေစဉ်၊ ဘဏ္ဍာရေးတွင် ပါရဂူမြောက် ကျွမ်းကျင်သူဟု နာမည်ကျော်ကြားလာခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် စစ်တပ်က အစိုးရအာဏာကို သိမ်းယူပြီး နောက်များမကြာမီ သူ့အား ဘဏ္ဍာရေးဝန်ကြီးရာထူးကို သမ္မတ ဗိုလ်ချုပ်မှူးကာမိုနာက ပေးအပ်ခဲ့လေသည်၊ သို့သော် သူအလိုရှိသော အာဏာများ အပြည့်အစုံမရရှိသဖြင့် ငြင်းပယ်ခဲ့၏။

၁၉၂၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ ဘဏ္ဍာရေးအခြေအနေမှာ အတော်ဆိုးနေခဲ့သောကြောင့် အစိုးရက ဆယ်လဇာ၏ တောင်း ဆိုချက်များကို လိုက်လျောခဲ့ရလေသည်၊ ဘဏ္ဍာရေးဝန်ကြီး အဖြစ်ရရှိခဲ့သော အာဏာများဖြင့် သူသည်တစ်ဖြည်းဖြည်း အစိုး ရအဖွဲ့တစ်ဖွဲ့လုံးကို ကြိုးကိုင်ခဲ့၏။ ထိုမှတစ်ဖန် ၁၉၃၂ ခုနှစ် တွင် ဝန်ကြီးချုပ်ဖြစ်လာ၍၊ ၁၉၃၃ ခုနှစ်တွင်ကား၊ အခြေခံ ဥပဒေသစ်တစ်ရပ် ကို ထုတ်ပြန်ကြေညာလျက် ပေါ်တူဂီနိုင်ငံ ၏ အချုပ်အချာအာဏာကို သိမ်းယူကာ၊ အာဏာရှင်အနေဖြင့် ဖက်ဆစ်နည်းအတိုင်း အုပ်ချုပ်ခဲ့လေသည်။ ၁၉၃ဝ ပြည့်နှစ်မှ စ၍ ၁၉၄၅ခုနှစ်တိုင်အောင် သူတည်ထောင်ခဲ့သော 'အမျိုးသား အစည်းအရုံး'ခေါ် အဖွဲ့အစည်း တစ်ခုတည်းကိုသာ တရားဝင် သော အသင်းအဖွဲ့တစ်ခုအနေဖြင့် အသိအမှတ်ပြုထားခဲ့၏။ ၁၉၃၆ ခုနှစ်မှစ၍ သူသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင် ရွက်လျက်၊ ထိုနှစ်မှ ၁၉၄၄ ခုနှစ်တိုင်အောင် စစ်ဝန်ကြီးရာထူး ကိုလည်း ယူထားသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ သူသည် ကြားနေရေးဝါဒကို လက်ကိုထားလျက် မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများပါ နှစ်ဖက်စလုံးကို ဝင်ထွက်ခွင့်ပြုထား၏။ သို့သော် ဗြိတိန် နိုင်ငံနှင့် အစဉ်အဆက်ပြုလုပ်ခဲ့သော ဆက်သွယ်မှုများကိုလည်း မပျက်ကွက် စေဘဲ၊ ၁၉၄၃ ခုနှစ်၌ ပေါ်တူဂီပိုင် အဇိုးကျွန်းများ တွင်ရှိသော ရေတပ်နှင့်လေတပ် အခြေခံစခန်းများကို အသုံးပြု ခွင့်ပေးခဲ့၏။ စစ်ပြီးကာလတွင် ဆယ်လဇာသည် သူ၏အာဏာ ရှင်ဆန်သော အချုပ်အချာများကို လျှော့ပေးရန် ကြံစည်ခဲ့သော် လည်း၊ အတိုက်အခံဖက်မှ လွန်စွာအားကောင်းနေသဖြင့်၊ ယခင် အတိုင်းပင် ကျင့်သုံးချက် နေခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)