အသုံးပြုသူ:Thawngno

ဝီကီပီးဒီးယား မှ

စီယန် Sizang (စီးယင်း Siyin) လူမျိုး[ပြင်ဆင်ရန်]

(က) သမိုင်းကြောင်း၊ ဆင်းသက်လာပုံ[၁][ပြင်ဆင်ရန်]

စီးယင်း (Siyin) ခေါ် စီယန် (Sizang) လူမျိုးများသည် ချင်းပြည်နယ်၊[၂] တီးတိန်မြို့နယ်အရှေ့ပိုင်း၊ ကလေး မြို့နှင့် နယ်နမိတ်ချင်းဆက်စပ်သောဒေသတွင်နေထိုင်သော ချင်းလူမျိုးနွယ်စု တစ်စုဖြစ်သည်။[၁] သမိုင်း ကြောင်းအရ တိဘက်-မြန်မာအနွယ်ဝင်များဖြစ်သည်။ တိဘက်-မြန်မာအနွယ်ဝင်များတွင် နာဂ (Naga), ဆပ် (Sak), ဗမာ (Burma), ဇို-ကသည်း (Zo-Meitei), ကချင် (Jingphaw), လိုလို (Lolo) စသည့် အုပ်စုများပါဝင်သည်ဖြစ်ရာ ဇို-ကသည်း အုပ်စုမှ ချင်း (Chin) နှင့် ကသည်း (Meitei) ဟူ၍ လည်းကောင်း၊ နောက်တစ်ဆင့် ချင်း (Chin) အုပ်စုမှ Asho, Sho, Masho, Mizo, Laimi, Zomi ဟူ၍ လည်းကောင်း ဆင်းသက်လာပြန်သည်။ Zomi Chin အုပ်စုမှ Sizang, Thado, Zo, Teizang, Saizang, Khuano, Dim, Guite, Ngaihte, Simte, Bate, Vaphei, Gangte ဟူ၍လည်းကောင်း ဆင်းသက်လာပြီး စီယန် (Sizang) လူမျိုးနွယ်စုသည် Zomi Chin အုပ်စုတွင်ပါဝင်သည်။ မူရင်းအမည်မှာ Sizang (စီယန်) ဖြစ်သော်လည်း မြန်မာစာနှင့်ရေးသားသောစာအုပ်များ၌ “စီးယင်း” ဟူ၍လည်းကောင်း၊ အင်္ဂလိပ်စာနှင့်ရေးသားသောစာအုပ်များ၌ "Siyin" ဟူ၍ လည်းကောင်း မှတ်တမ်းများရှိသော ကြောင့် “စီးယင်း” “Siyin” ဟူ၍လူသိများလာခြင်းဖြစ်သည်။

စီယန် (Sizang) ချင်းအပါအဝင် ချင်းလူမျိုးများ၏ မြန်မာနိုင်ငံတွင်ကနဦးနေထိုင်ရာဒေသမှာ ချင်းတွင်းဒေသဖြစ်ပြီး ချင်းလူမျိုးများနေထိုင်ရာဒေသဖြစ်သောကြောင့် ချင်းတွင်း” ဟုအမည်တွင်လာခြင်းဖြစ်သည်။ တချိန်က ချင်းတွင်း ဒေသတွင် ကောင်းစားခဲ့ဘူးသော ချင်းလူမျိုးများသည် ပညာမဲ့၍ ရိုးသားလွန်းခြင်း၊ သူတို့ ဒေသသည် တရုတ် မြန်မာစစ်ပွဲကာလစစ်လမ်းကြောင်းဖြစ်ခြင်း၊ နောက်ရန်သူမျိုးငါးပါးတွင် တစ်ပါးဖြစ်သော မင်းဒဏ်မခံနိုင်ခြင်းတို့ ကြောင့် ကလေး-ကဘော်ဒေသမှတစ်ဆင့် ချင်းတောင်ဒေသသို့ ရောက်ရှိနေထိုင်လာခြင်းဖြစ်သည်။ တိုင်းရင်းသား လူမျိုး (၁၃၅)[၃] မျိုးပါ စာရင်းကို အခြေခံ၍ လူမျိုးအမည် အတွက်ဂဏန်းသင်္ကေတ (Code) သတ်မှတ်ရာ၊ ချင်းလူမျိုး (၅၃) မျိုးတွင် စီးယင်းချင်းတို့၏ဂဏန်းသင်္ကေတ (၄၁၅) ဖြစ်ပါသည်။

(ခ) ကိုးကွယ်ယုံကြည်မှု[၁][ပြင်ဆင်ရန်]

အစတွင် စီယန် (Sizang)ချင်းများသည် နတ်ဝိညာဉ်သည် ကောင်းစားစေနိုင်သလို ဆင်းရဲစေနိုင်သော နတ်ဘုရား၊ သုခဒုက္ခပေးနိုင်သော နတ်ဘုရားဖြစ်သည်ဟုယုံကြည်ကာ နတ်ကိုးကွယ်သောနတ်စားများဖြစ်သည်။ နတ်ကိုးကွယ်သော အချိန်တုန်းက ကြက်၊ ဝက်၊ ဆိတ်၊ ခွေး၊ နွား၊ နွားနောက် စသည်များကို ယဇ်ကောင်အဖြစ် အသုံးပြု၍ နတ်ပူဇော်ပသကြသည်။ သို့သော် ယခုတွင်မူ စကြာဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူသော၊ အသက်ရှင် တော်မူသော ထာဝရဘုရားသခင်ကို သက်ဝင်ယုံကြည်၍ ကိုးကွယ်ကြသည့် ခရစ်ယာန်များဖြစ်လာကြသည်။ ထာဝရဘုရားသခင်၏သားတော် ခရစ်တော်ယေရှုဘုရားသည် ကမ္ဘာသူကမ္ဘာသားများကယ်တင်ရန်အတွက် ယဇ်ကောင်အဖြစ် အသက်ကိုစတေး၍ အသေသတ်ခြင်းခံကာအသွေးတော်သွန်းလောင်းတော်မူသည်။ ခရစ်တော်ဘုရား၏တစ်ခါပြုခြင်းအမှုဖြင့် ထာဝရအတွက်ပြီးပြည့်စုံပြီဖြစ်သောကြောင့် ယဇ်ကောင်များသတ်၍ ပူဇော်စရာမလိုတော့ပေ။ ယခုတွင်မူသန့်ရှင်းသောဝိညာဉ်တော်ဘုရားကကျွန်ုပ်တို့နှင့်အတူရှိသည်။ ဤသို့ဖြင့် ခမည်းတော်၊ သားတော်၊ သန်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်သော သုံးပါးတစ်ဆူဘုရား၊ ထာဝရဘုရားဘုရားရှင်ကို ကိုးကွယ်ယုံကြည်ကြသည်။

(ဂ) ရိုးရာဓလေ့ထုံးစံများ၊ နေ့ထူးနေ့မြတ်များ[၁][ပြင်ဆင်ရန်]

(၁) ရာသီပွဲများ[ပြင်ဆင်ရန်]

စီယန် (Sizang) ချင်းများသည် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်၍ တောင်ယာလုပ်ငန်းကိုအခြေခံ၍ တစ်နှစ်သောကာလကို (၆) ပိုင်းပိုင်းကာ အပိုင်းတစ်ပိုင်းစီအတွက် ရာသီပွဲများရှိသည်။ ၎င်းတို့မှာ

  • တောင်ယာမီးရှို့ ပြင်ဆင်ချိန် (ဇန္နဝါရီ-ဖေဖေါ်ဝါရီ) တွင် Poai sam (ခေါ်) စစ်ရေးပြကခုန်ပွဲ
  • တောင်ယာမျိုးစေ့ချချိန် (မတ်-ဧပြီ) တွင် Sawng sam (ခေါ်) တောလိုက်ပွဲ
  • တောင်ယာမျိုးစေ့ပေါက်ချိန် (မေ-ဇွန်) တွင် Aksaak sam (ခေါ်) မိုးခေါ်ပွဲ
  • တောင်ယာကောက်ပင်သီးချိန် (ဇူလိုင်-သြဂုတ်) တွင် Khuanit sam (ခေါ်) တောင်ယာကာကွယ်ပွဲ
  • တောင်ယာသီးနှံပေါ်ချိန် (စက်တင်ဘာ-အောက်တိုဘာ) တွင် Khuai sam (ခေါ်) ကောက်သစ်စားပွဲ
  • တောင်ယာဆောင်းသီးနှံပေါ်ချိန် (နိုဝင်ဘာ-ဒီဇင်ဘာ) တွင် Aiciin sam (ခေါ်) ဂဏန်းပွဲ

(၂) ရိုးရာအောင်ပွဲများ[ပြင်ဆင်ရန်]

တစ်ချိန်က စီယန် (Sizang) လူမျိုးများသည် အမဲလိုက်ခြင်း၊ စစ်တိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသောသူများဖြစ်သည့်အလျောက် ယောက်ျားတစ်ယောက်ဖြစ်က ကျင်းပအပ်သော ရိုးရာအောင်ပွဲများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(က) လူငယ်ရန်အောင်ပွဲ (Ngalthiang ai)[ပြင်ဆင်ရန်]

စီယန် (Sizang) လူမျိုး ယောက်ျားအဖြစ်မွေးဖွားသူတိုင်းကို မိဘများက Ngalthiang ai ခေါ် လူငယ် ရန်အောင်ပွဲ ကိုကျင်းပပေးခဲ့သည်။ ဗမာလူမျိုးများ၏ ရှင်ပြုပွဲ ကဲ့သို့သောပွဲဖြစ်ပြီး ယောက်ျားလေးတစ်ယောက် (Ngalthiang ai) ပြုလုပ်မှသာ လူရာဝင်လာပြီး လူရာသွင်းလို့ ရသည်။

(ခ) စစ်အောင်ရန်အောင်ပွဲ (Ngal ai, Ngallu ai)[ပြင်ဆင်ရန်]

ရှေးအခါက စီယန် (Sizang) လူမျိုး ယောက်ျား အရွယ်ရောက်သူတစ်ယောက်အနေဖြင့် စစ်တိုက်၍ ရန်သူများကို သတ်ဖြတ်နိုင်ခြင်း၊ သုံ့ပန်းများဖမ်းဆီးနိုင်ခြင်းပြုနိုင်မှသာ ယောက်ျားပီသပြီး ခေါင်းဆောင်အရာသွင်းလို့ ရသည်။ ထို့ ကြောင့် ရန်သူကို သတ်ဖြတ် နိုင်သော ပုဂ္ဂိုလ်များက အထိမ်းအမှတ် အနေဖြင့် စစ်အောင်ရန်အောင်ပွဲ ကျင်းပလေ့ ရှိသည်။

(ဂ) သားကောင်ရန်အောင်ပွဲ (Sa ai)[ပြင်ဆင်ရန်]

ရှေးအခါက စီယန် (Sizang) လူမျိုး ယောက်ျားများ အမဲလိုက်ပြီးသားကောင်များ ဖမ်းဆီးနိုင်မှ ရနိုင်မှလည်း ယောက်ျားပီသပြီး ခေါင်းဆောင်အရာဝင်သည်ဟု သတ်မှတ်ကြသည်။ သို့ဖြစ်၍ အမဲလိုက်၍ ဖမ်းဆီးရရှိသော သားကောင်များဖြင့် သားကောင်ရန်အောင်ပွဲ ကျင်းပလေ့ရှိသည်။ သားကောင်များထဲတွင် ဆင်၊ ပြောင်၊ ကြံ့၊ သမင်၊ မြင်း စသည်တို့ကို မဟာသားကောင်များအဖြစ်သတ်မှတ်ကြသည်။ မဟာသားကောင်များတွင် အရောင်အလိုက် အောင်လံများရှိစေကြသည်။ အောင်လံများသည် အနံ ၂ ပေခန့်၊ အလျား ပေ ၂၀ ကျော်ရှိသော နွားနောက်အတွက် အနက်ရောင်၊ သမင်အတွက်အဝါရောင်၊ ကြံ့အတွက် အပြာရင့်ရောင်နှင့် မြင်းအတွက် နီညိုရောင် အောင်လံရှည်များ ဖြစ်သည်။ အောင်လံရှည်များ၏ အရောင်များမှာ ဆင်အတွက်အဖြူရောင်၊ ကျားအတွက်အနီရောင်၊ ဆတ်၊ ဖြူ၊ ရှူးပျံ၊ အောက်ချင်းငှက် စသည်များ ဖြစ်ပါသည်။ ရိုးရိုးသားကောင်များတွင် အောင်လံများ မရှိပါ။

(ဃ) အထင်ကရနေရာများ[၁][ပြင်ဆင်ရန်]

(၁) ကနေဒီတောင် (Thuamivum)[ပြင်ဆင်ရန်]

ပေ ပေါင်း ၈၈ဝဝ ကျော်မြင့်သော မြောက်ပိုင်းချင်းပြည်နယ်တွင်အမြင့်တောင်ထိပ်ဖြစ်သော ကနေဒီတောင်ထိပ် သည် စီယန်လူမျိုးများ၏ နေထိုင်ရာ စီယန်ဒေသ (Siyin Region) တွင်တည်ရှိသည်။

(၂) လေသာတောင်ခံတပ် (Fort White)[ပြင်ဆင်ရန်]

လေသာတောင်တန်းသည် ပေပေါင်း ၇ဝဝဝ ကျော်မြင့်သောတောင်တန်းဖြစ်သည်။ ယင်းတောင်တန်းသည် ဒုတိယ ကမ္ဘာစစ် တုန်းက စစ်မြေပြင်ဖြစ်ခဲ့ဘူးပြီး (Fort White) ဟုနာမည်ကြီးခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံး ခံတပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

(၃) ရှာလ်လုမ်းခံတပ် (Fort of Siallum)[ပြင်ဆင်ရန်]

စီယန်လူမျိုးများ အင်္ဂလပ်နယ်ချဲ့စစ်ခုခံရာ ရှာလ်လုမ်းခံတပ်သည် တီးတိန်မြို့နယ်၊ ဘွင်မံအုပ်စု၊ ဝေါလော့ (Voklaak) ရွာအနီးတွင် တည်ရှိသည်။ ၁၈၈၉ခုနှစ်၊ မေလ(၄)ရက်နေ့တွင် ဗြိတိသျှနယ်ချဲ့တို့ ခုခံတွန်းလှန်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားကြသော ချင်းတပ်မတော်သား မျိုးချစ်အာဇာနည်တို့ အတွက် ဂုဏ်ပြုမှတ်တမ်း တင်အပ်သော “ရှာလ်လုမ်း” ခံတပ်ဖြစ်ပါသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်ဘက်မှ မျက်နှာဖြူဖြစ်သည့် ဒုတိယဗိုလ်မီချဲလ် (2nd Lt. W.G.Michel) နှင့် အခြားမျက်နှာဖြူ အကြပ်တပ်သား (၃) ဦး၊ လူမဲ ဂေါ်ရခါးလက်ပါး စေတပ်မှ အကြပ်တပ်သားပေါင်း (၃၂) ဦး၊ စုစုပေါင်း (၃၆) ဦး

ကျဆုံးပြီး ဒုတိယဗိုလ်မီချဲလ် (2nd Lt.W.G Michel) ဆရာဝန်လီခွင် (Surgeon LeQuesne)နှင့် အကြပ်တပ်သား စုစုပေါင်း (၃၀) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့လေသည်။ (2nd Lt. W.G.Michel) ဒဏ်ရာပြင်းထန်စွာဖြင့် နောက်မှ သေဆုံး)။ ချင်းတော်လှန်ရေးသမားဘက်မှခေါင်းဆောင်ဖြစ်သူ ဦးလျန်ကမ်း၊ ဒုတိယ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝမ်းမန် တို့ အပါအဝင် မျိုးချစ်ရဲဘော်၊ မျိုးချစ်ရဲမေ စုစုပေါင်း (၂၈)ဦး အသက်စတေးပေးကြပါသည်။

တိုက်ပွဲ၌ ဆရာဝန်လီခွင် (Surgeon Le Quesne) သည် သူ၏ ရရှိထားသော ပြင်းထန်တဲ့ဒဏ်ရာများ ထဲက၊ အထူးသဖြင့် ဒုဗိုလ်မီရဲလ်နှင့် ဗိုလ်ကြီးမိန်းအပါအဝင် အခြားအကြပ်တပ်သားများတို့၏ ဒဏ်ရာများကို အပြင်းအထန် ကျည်ဆံထဲတွင် ပြုစုစောင့်ရှောက်သည့်အတွက် အင်္ဂလိပ်တို့၏ အမြင့်ဆုံးသူရဲကောင်းဘွဲ့ (Victoria Cross) ကိုချီးမြင့်ခြင်းခံရ ပါသည်။

(င) ကိုယ်စားဖေါ်ပြသည့်အမှတ်တံဆိပ်[၁][ပြင်ဆင်ရန်]

(၁) Vaphual (အောက်ချင်းငှက်)[ပြင်ဆင်ရန်]

အောက်ချင်းငှက်၏ သစ္စာရှိပုံကို အစွဲပြုပြီး ချင်းတစ်မျိုးသားလုံးနှင့် အတူ ချင်းတစ်မျိုးသားလုံး၏ အမှတ်တံဆိပ် အဖြစ် သတ်မှတ်သော အမြတ်တနိုးထားသော အရာမှာ အောက်ချင်းငှက်ဖြစ်သည်။

(၂) Sialkithei (ကျွဲချိုတူရိယာ)[ပြင်ဆင်ရန်]

စီယန်ချင်းတို့၏ တစ်မူထူးခြားသော ရိုးရာတူရိယာတစ်ခုမှာSialkithei (ခေါ်) ကျွဲချိုတူရိယာဖြစ်ပြီး၊ ၎င်းပုံကို စီယန်ချင်းတို့၏အမှတ်တံဆိပ်အဖြစ် အသုံးပြုကြသည်။

(စ) စီးပွားရေး၊ လူမှုရေးနှင့် အဓိကထုတ်ကုန်[၁][ပြင်ဆင်ရန်]

စီယန်ချင်းတို့ နေထိုင်ရာဒေသအများစုသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၁၀၀၀ နှင့် ၇၀၀၀ အကြား တောင်ကုန်းတောင်တန်းထူထပ်သော ဒေသဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံ၍အသက်မွေးဝမ်းကျောင်းပြုကြသည်။ စီယန်ဒေသမှထွက်ရှိသောသစ်သီးဝလံများမှာ ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး၊ ထောပတ်သီး၊ မက်မန်းသီးနှင့် စပျစ်သီးများ အများဆုံးနှင့်စီးပွားအဖြစ်ဆုံးသစ်သီးဝလံများဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်များမှာ မုန်ညင်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ခရမ်းခါးသီးစသည်များဖြစ်ပါသည်။ ကောက်ပဲသီးနှံအနေဖြင့် ပြောင်းဖူး၊ ပြောင်းဆန်၊ ဆပ်ဆန်၊ ပဲမျိုးတစ်ချို့ကို စိုက်ပျိုးကြသည်။ ထို့ပြင် ကော်ဖီ၊ လက်ဖက် စသည်များလည်း စိုက်ပျိုးကြပါသည်။

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ စီးယင်းချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း
  2. https://en.wikipedia.org/wiki/Chin_State
  3. မြန်မာတိုင်းရင်းသားမျိုးနွယ်များ