ကလက်ရှ် အော့ဖ် ကလန်

ဝီကီပီးဒီးယား မှ
(Clash of Clans မှ ပြန်ညွှန်းထားသည်)
ကလက်ရှ် အော့ဖ် ကလန်
(Clash of Clans (CoC))

ဖန်တီးသူ စူပါဆဲလ်
ထုတ်ဝေသူ စူပါဆဲလ်
ပလက်ဖောင်း အိုင်အိုအက်စ်
အန်းဒရွိုက်
ဖြန့်ချီသည့်နေ့စွဲ အိုင်အိုအက်စ်
  • WW ဩဂုတ် ၂၊ ၂၀၁၂ (၂၀၁၂-၀၈-၀၂)[၁]

အန်းဒရွိုက်
  • WW အောက်တိုဘာ ၇၊ ၂၀၁၃ (၂၀၁၃-၁၀-၀၇)[၂]
ဂိမ်းအမျိုးအစား နည်းဗျူဟာ ဂိမ်း
Mode(s) ဂိမ်းကစားသူ အမြောက်အမြားကစားနိုင်သော အွန်လိုင်း ဂိမ်း
ဖြန့်ချီခြင်း ဒစ်ဂျစ်တယ် ဖြန့်ချိမှုစနစ်

ကလက်ရှ် အော့ဖ် ကလန် ( အင်္ဂလိပ်: Clash of Clans (CoC) ) သည် ၂၀၁၂ ခုနှစ်တွင် စူပါဆဲလ် မှ ထုတ်လုပ်ဖြန့်ချိခဲ့သော မိုဘိုင်းလ် ဗွီဒီယိုဂိမ်းတစ်ခု ဖြစ်သည်။[၃] အိုင်အိုအက်စ် အတွက် ၂၀၁၂ ခုနှစ် ဩဂုတ် ၂ ရက်တွင် ဖြန့်ချိခဲ့သည်။[၁] အန်းဒရွိုက်အတွက် ကနေဒါနှင့် ဖင်လန်နိုင်ငံများတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ကာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဂူဂယ်ပလေး မှတဆင့် တကမ္ဘာလုံးသို့ ဖြန့်ချိခဲ့သည်။[၄]

ဂိမ်းကစားမှုပုံစံ[ပြင်ဆင်ရန်]

Clash of Clans သည် အွန်လိုင်းပေါ်တွင် လူအမြောက်အမြားဖြင့် ကစားရသော ဂိမ်းဖြစ်သည်။ အုပ်စုဖွဲ့ခြင်း၊ စစ်သည်များ ထုတ်လုပ်ခြင်း၊ အခြားကစားသူများကို တိုက်ခိုက်ကာ ရွှေနှင့် elixir များအား ရယူခြင်း၊ အခြားကစားသူများမှ လာရောက်တိုက်ခိုက်မှုကို ခုခံရန် ခံစစ်များ တည်ဆောက်ခြင်း စသည်တို့ ပါဝင်သည်။[၅] ဂိမ်းထဲတွင် တစ်ဦးတည်း တိုက်ခိုက်ဆော့ကစားနိုင်သည့် နတ်ဆိုးကလေးများ၏ရွာများကို လိုက်လံတိုက်ခိုက်ရသော တိုက်ပွဲစဉ်လည်း ပါဝင်သည်။[၅]

စစ်သည်များ[ပြင်ဆင်ရန်]

စစ်သည်များအား အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃၊ Dark Elixir စစ်သည်များနှင့် သူရဲကောင်းများ (Heroes) ဟူ၍ ခွဲခြားနိုင်သည်။

  • အဆင့် #၂ - ဧရာမ လူသန်ကြီးများ (Giants)၊ တံတိုင်းဖြိုသူများ (Wall Breakers) (ဗုံးများသယ်ဆောင်ထားသည့် အရိုးစုများ)၊ မီးပုံးပျံများ (Balloons) (မီးပုံးပျံပေါ်တွင် Wall Breakers များမှ ဗုံးများ ပစ်ချတိုက်ခိုက်သည်)၊ နှင့် မှော်ဆရာများ (Wizards) ပါဝင်သည်။
  • အဆင့် #၃ - နဂါးများ (Dragons)၊ ကုသပေးသူများ (Healers) နှင့် P.E.K.K.A (မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရသည့် ထူထပ်သော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ဓားကိုင် စစ်သည်) များ ပါဝင်သည်။
  • Dark Elixir စစ်သည် - လက်ပါးစေများ (Minions) (ပျံသန်းနေသည့် မှင်စာများ)၊ ဝက်ထီးစီးသူများ (Hog Riders)၊ Valkyries၊ အသက်ဝင်နေသော ရွံရုပ်ကြီးများ (Golems)၊ စုန်းမများ (Witches) နှင့် မီးလောင်နေသည့် အမဲလိုက်ခွေးများ (Lava Hounds) စသည်တို့ ပါဝင်သည်။ ဤစစ်သည်များ ထုတ်လုပ်ရန် "dark elixir" လိုအပ်ကာ လယ်ဗယ်အဆင့်မြင့်သို့ ရောက်ရှိမှ ရရှိနိုင်သည်။ ယင်းစစ်သည်တို့ကို "dark barracks" မှတဆင့် ထုတ်လုပ်ရသည်။
  • သူရဲကောင်းများ - လူရိုင်းဘုရင် (Barbarian King) နှင့် မြားပစ်ဘုရင်မ (Archer Queen) တို့ ပါဝင်သည်။ သူရဲကောင်းဟီးရိုးများမှာ မသေဆုံးနိုင်သူများဖြစ်ပြီး တစ်ခါသာ လေ့ကျင့်ထုတ်လုပ်ရန် လိုသည်။ ယင်းတို့အား အဆင့်မြှင့်တင်ရန်အတွက် dark elixir လိုအပ်သည်။

အဆောက်အအုံများ[ပြင်ဆင်ရန်]

Clash of Clans၏ ဂိမ်းကစားမှုပုံစံ။

ရွှေနှင့် elixir များရရှိနိုင်ရန်အတွက် ကစားသူသည် ရွှေသတ္တုတွင်းများ၊ ရွှေသိုလှောင်ရုံများ၊ elixir ထုတ်လုပ်သည့် အဆောက်အအုံ (elixir collectors) နှင့် elixir သိုလှောင်ရုံများကို ဆောက်လုပ်ရသည်။ Elixir ကို စစ်သည် ထုတ်လုပ်ရန်၊ ဓာတ်ခွဲခန်းတွင် စစ်သည်များ အဆင့်မြှင့်တင်ရန်အတွက် သုတေသနများ ပြုလုပ်ရန်၊ အချို့အဆောက်အအုံများအား အဆင့်မြှင့်တင်ရန် စသည်တို့တွင် အသုံးပြုသည်။ ရွှေကို ခံစစ်အဆောက်အအုံများ ဆောက်လုပ်ရန်၊ မြို့တော်ခန်းမအား အဆင့်မြှင့်ရန် စသည်တို့တွင် အသုံးပြုသည်။ လယ်ဗယ်အဆင့်မြင့်လာပါက dark elixir ကို ရရှိလာသည်။ dark elixir ကို စုဆောင်းရန်အတွက် dark elixir drill နှင့် dark elixir သိုလှောင်ရုံတို့ကို ဆောက်လုပ်ရသည်။[၆]

ကစားသူ၏ ရွာကို ခုခံကာကွယ်ရန်အတွက် အမြောက်များ၊ စိန်ပြောင်းမော်တာများ၊ ဗုံးများ၊ ထောင်ခြောက်များ၊ မြားပစ်မျှော်စင်များ၊ မှော်ဆရာမျှော်စင်များ ကို ဆောက်လုပ်နိုင်သည်။ မြို့တော်ခန်းမ အဆင့်မြင့်လာသည်နှင့်အမျှ အဆင့်မြှင့်တင်နိုင်သည့် တံတိုင်းများကိုလည်း ဆောက်လုပ်နိုင်သည်။[၆][၇]

ဂိုဏ်းအဖွဲ့ စစ်ပွဲများ (Clan Wars)[ပြင်ဆင်ရန်]

Clan ဟူသည် ကစားသူများ ပူးပေါင်းထူထောင်နိုင်သည့် ဂိုဏ်းများ ဖြစ်သည်။ Clan Castle အဆောက်အအုံအား ဆောက်လုပ်ပြီးစီးသည့် ကစားသူသည် ကလန်များသို့ ဝင်ရောက်နိုင်သည်။ ကလန်များအတွင်း စစ်သည်များ လှူဒါန်းနိုင်ခြင်း၊ ကလန်တွင်းရှိ ကစားသူများ အချင်းချင်း စာဖြင့် စကားပြောဆိုနိုင်ခြင်းများ ပြုလုပ်နိုင်သည်။ Clash of Clans ၏ အဓိကဂိမ်းကစားမှုပုံစံဖြစ်သည့် Clan War သည် ကလန်တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်တိုက်ခိုက်ရခြင်း ဖြစ်သည်။ ကလန်ခေါင်းဆောင် (Clan leader) နှင့် တွဲဖက်ခေါင်းဆောင် (co-leader) တို့မှ စစ်ပွဲကို စတင်နိုင်သည်။ စစ်ပွဲကြေညာပြီးပါက "preparation day" ဟုခေါ်သည့် ပြင်ဆင်ချိန် တစ်ရက်နှင့် "war day" ဟုခေါ်သည့် တိုက်ပွဲရက် တစ်ရက် ရရှိသည်။ ကစားသူတစ်ယောက်သည် အခြားတစ်ဖက်ကလန်မှ ကစားသူတစ်ယောက်အား တိုက်ခိုက်ရာတွင် တစ်ဖက်ရွာအား ဖျက်ဆီးနိုင်မှု အခြေအနေပေါ်မူတည်၍ ကြယ်ပွင့်များ ရရှိသည်။ ကစားသူတစ်ယောက်သည် နှစ်ကြိမ် တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိသည်။ ကြယ်ပွင့်အများဆုံးရရှိသည့် ကလန်အား အောင်နိုင်သူအဖြစ် သတ်မှတ်သည်။ စစ်ပွဲအနိုင်ရရှိပါက တိုက်ခိုက်ကစားသူအတွက် အပိုဆု ရွှေ၊ elixir နှင့် dark elixir များရရှိသည်။[၈][၉]

ကျောက်မျက်များ (Gems)[ပြင်ဆင်ရန်]

ရွှေနှင့် elixir တို့အပြင် ဂိမ်းထဲတွင် gems များကို ငွေကြေးအဖြစ် အသုံးပြုနိုင်သည်။ သမိုင်းမှတ်တိုင်များ ရောက်ရှိခြင်း၊ သတ်မှတ်ထားသော အောင်မြင်မှုများရရှိခြင်း၊ မိမိရွာနယ်နမိတ်အတွင်းရှိ အတားအဆီးများကို ရှင်းလင်းခြင်း စသည်တို့ဖြင့် Gems များကို ရရှိနိုင်သည်။ သို့သော် gems များကို ရရှိနိုင်မည့် အဓိကနည်းလမ်းမှာ ပြင်ပငွေကြေးဖြင့် ဝယ်ယူအသုံးပြုနိုင်ခြင်း ဖြစ်သည်။ Gems များကို စစ်သည်များ အလျင်အမြန်ထုတ်လုပ်ရန်၊ အဆင့်မြှင့်ဆောက်လုပ်မှုများ အမြန်ပြီးစီးရန် စသည်တို့တွင်လည်း အသုံးပြုနိုင်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Clash of Clans။ Slide to Play။ June 8, 2014 တွင် ပြန်စစ်ပြီး။
  2. Koueider၊ Adam (October 8, 2013)။ Clash of Clans finally hits the Google Play Store။ Androidauthority။ November 20, 2013 တွင် ပြန်စစ်ပြီး။
  3. Finland's Newest Hit Maker: SupercellThe Wall Street Journal (March 8, 2013)။ October 20, 2013 တွင် ပြန်စစ်ပြီး။
  4. Squires၊ Jim (October 1, 2013)။ Clash of Clans: Now on Android (in Canada and Finland)။ Gamezebo။ June 9, 2014 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. ၅.၀ ၅.၁ ၅.၂ Johnson၊ Leif (August 7, 2012)။ Clash of Clans Review။ Gamezebo။ 28 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 9, 2014 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Willington၊ Peter (December 18, 2012)။ Clash of Clans Review။ Pocket Gamer။ June 9, 2014 တွင် ပြန်စစ်ပြီး။
  7. Rich၊ Rob (August 3, 2012)။ Clash of Clans Review။ 148Apps။ June 9, 2014 တွင် ပြန်စစ်ပြီး။
  8. Clan Wars FAQ။ Supercell (April 4, 2014)။ 18 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 9, 2014 တွင် ပြန်စစ်ပြီး။
  9. Guide to Play Clash of Clans on Computer။ 26 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]