ဆစ်ဆရို

ဝီကီပီးဒီးယား မှ
(Cicero မှ ပြန်ညွှန်းထားသည်)
ဆစ်ဆရို၏ ရုပ်တု

မာကပ် တျူးလိယပ် ဆစ်ဆရို(အင်္ဂလိပ်: Marcus Tullius Cicero) (ဘီစီ ၁ဝ၆-၄၃) သည် ရောမသမ္မတခေတ် မှိန် စပြုသည့်အချိန်တွင် ပေါ်ပေါက်ခဲ့သော ရောမနိုင်ငံခေါင်းဆောင်ကြီးတစ်ဦးဖြစ်၏။ မိန့်ခွန်းများမြွက်ကြားရာ၌ အလွန်ကျော် ကြားခဲ့၏။ သူကြွယ်မျိုးမှ ဆင်းသက်လာသူဖြစ်၍၊ မွေးရာဇိမှာ အာပီနမ်ဖြစ်သည်။ ငယ်စဉ်က ရောမမြို့တွင် ဥပဒေပညာ၊ စကားပြောအတတ်၊ ဂရိစာပေပညာနှင့် ယထာဘူတပညာရပ် များကို ဆည်းပူးခဲ့လေသည်။

ဆစ်ဆရိုသည် အသက် ၂၆ နှစ်အရွယ်တွင် ရှေ့နေအလုပ်ကို စတင်လုပ်ကိုင်ခဲ့၏။ဥပဒေတွင်ကျွမ်းကျင်သည့်အလျှောက် ဘီစီ ၇၅ ခုနှစ်တွင်စစ္စလီကျွန်း၌တရားသူကြီးအဖြစ်ဖြင့် အမှုထမ်းခဲ့ရသည်။ ဘီစီ ၇ဝ ပြည့်နှစ်တွင်စစ္စလီဘုရင်ခံဂေးယပ် ဗဲရီးအားဆန့်ကျင်၍၊ပြည်သူ့ဘက်မှ အမှုပြုလုပ်ခဲ့ရာ၊ဆစ်ဆရို၏ စကားပြောကောင်းခြင်းကြောင့်အမှုသွားထင်ရှား၍၊ ဗဲရီးသည် ပြည်နှင်ဒဏ်ခံရလေသည်။ထိုအခါမှစ၍တစ်ဆင့်ထက် တစ်ဆင့် ထင်ရှားကျော်ကြားလာပြီးလျှင်ဘီစီ ၆၃ ခုနှစ်တွင် ကွန်ဆာလူကြီးအဖြစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံရလေသည်။ ထိုရာထူးတွင် ထမ်းဆောင်နေစဉ်တွင်ကက်တီလိုင်ဆိုသူ ရောမဆီနိတ်အဖွဲ့ဝင်တစ်ဦးသည် အုပ်ချုပ်ရေးတစ်ဖွဲ့လုံး အား ဖြုတ်ချ၍ အာဏာလုရန် လျှို့ဝှက်စွာ ကြံစည်သည်ကို ဆစ်ဆရိုသိရှိသဖြင့်၊ ဆီနိတ်လူကြီးအစုံအညီရှေ့တွင် ကက်တီလိုင်အား အတိအလင်းထုတ်ဖော်ရှုတ်ချခဲ့၏။ ဆစ်ဆရို၏ ပြတ်သားသော မိန့်ခွန်းကြောင့် ကြံစည်သည့်ပြစ်မှုမှာ ထင်ရှားလာသဖြင့်၊ ကက်တီလိုင်လည်း မငြင်းသာတော့ဘဲ ရောမမြို့မှ ထွက်ပြေးရလေသည်။ သို့ရာတွင် ထပ်ကြပ်လိုက်သောစစ်တပ်ကို လွတ်အောင်မပြေးနိုင်သဖြင့် အသတ်ခံရတော့၏။ ထိုသို့ ကက်တီလိုင်၏အကြံအစည်များကို ပျက်ပြားစေ၍၊နိုင်ငံတော်ကို မသူတော်တို့၏ဘေးမှ ကယ်တင်ခဲ့သဖြင့် ဆစ်ဆရိုအား ရောမနိုင်ငံသားတို့က ပြည်သူ့ဖခင် ဟူ၍လည်းကောင်း၊ နိုင်ငံတော် ကယ်တင်သူ ဟူ၍လည်းကောင်း ချီးကျူးခေါ်ဝေါ်ခဲ့ကြ၏။

ဆစ်ဆရို၏ ဂုဏ်သတင်းကြီးမြင့်ခြင်းမှာ သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာသာဖြစ်ခဲ့၏။ အဘယ်ကြောင့်ဟူမူ၊ မကြာမြင့်မီပင် ဆီနိတ်အဖွဲ့၏ စည်းလွတ်မျဉ်းလွတ်ကွပ်ညှပ် သတ်ဖြတ်မှုများသည် ဆစ်ဆရိုအပေါ်တွင် ကျရောက်လာသဖြင့် နာမည်ပျက်လေသည်။ ဤသို့ဖြင့် ဆီဇာကရက်ဆပ်နှင့် ပွန်ပီတို့၏ ပထမသုံးပွင့်ဆိုင်အဖွဲ့ပေါ်ပေါက်ပြီးနောက်၊ မကြာမီအတွင် ဘီစီ ၅၈ ခုနှစ်တွင် ဆစ်ဆရိုသည် ပြည်နှင်ဒဏ် ခံရ၏။ နောက်တစ်နှစ်တွင် ပြည်သူ့ဆန္ဒအရ ပြည်နှင်ဒဏ်မှလွတ်၍၊ ရောမသို့ပြန်လာရသည်။ သို့သော်လည်း မူလဩဇာအာဏာ တို့ကိုကား မရရှိတော့ချေ။

ဆစ်ဆရိုသည် ရောမမြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ၊ မြို့တော်၏အခြေအနေမှာ ညံ့ဖျင်း၍ ပြည်တွင်းစစ်သို့ ရှေ့ရှူနေလေသည်။ ဆီဇာနှင့် ပွန်ပီတို့သည် အာဏာရရှိမှု အတွက် အကြိတ်အနယ်ကြိုးပမ်းနေကြ၏။

ထိုအာဏာလုပွဲတွင် ဆစ်ဆရိုသည် ပွန်ပီကို ထောက်ခံအားပေးခဲ့လေသည်။

သို့သော် ဘီစီ ၄၈ ခုနှစ်တွင် ဖားဆေးလပ်စစ်ပွဲ၌ ပွန်ပီ မရှုမလှရှုံးနိမ့်သွားပြီးနောက်၊ ဆီဇာနှင့် ဆစ်ဆရိုတို့သည် ပြန်လည်ရင်းနှီးလာကြ၏။ ဘီစီ ၄၄ ခုနှစ်တွင် ဆီဇာလုပ်ကြံခြင်းခံရသောအခါ၊ ဆစ်ဆရိုသည် ဆီနိတ်၏ အဖွဲ့တွင် ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ ဆစ်ဆရိုသည် မတ် အန်တိုနီအား ပြင်းပြင်းထန် ထန်ပုတ်ခတ်ရှုတ်ချခဲ့၏။ ထိုအတွက် ဘီစီ ၄၃ ခုနှစ်တွင် အန်တိုနီ၊ အော့တေးဗိယပ် ဆီဇာနှင့် လက်ပိဒပ်တို့၏ ဒုတိယသုံးပွင့်ဆိုင် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးသည့်အခါ၊ မတ်အန်တိုနီသည် ဆစ်ဆရိုအား သေဒဏ်ပေးလိုက်လေသည်။

ဆစ်ဆရိုသည် ကမ္ဘာတွင် ပရိသတ်ရှေ့၊ လူပုံအလယ်တွင် မိန့်ခွန်းအပြောကောင်းသည်ဟု ထင်ရှားသူများအနက် တစ်ဦး အပါအဝင်ဖြစ်၏။ လက်တင်ဘာသာအရေးအသား ပြေပြစ်ကောင်းမွန်၍၊ ခေတ်သစ်ဥရောပစာပေ အရေးအသားတို့၏ အခြေခံဖြစ်သော လက်တင်စကားပြေရေးနည်းကို စတင်တီထွင်ခဲ့သည့် ပုဂ္ဂိုလ်ထူးကြီး လည်းဖြစ်သည်။

သူ၏လက်ရာများဖြစ်သော စာအုပ်စာတမ်းများနှင့်ဟောပြောချက်အများအပြား ကျန်ခဲ့၏။ သူ၏ မိတ်ဆွေများထံသို့ ရေးသားခဲ့သည့် စာများထဲတွင် ရှေးခေတ် ရောမတို့၏ အခြေအနေနှင့် သူ၏စိတ်နေသဘောထား အယူ အဆများ စေ့စပ်စုံလင်စွာ ဖော်ပြထားသည်ကို ဖတ်ရှုတွေ့မြင်နိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)