၁၉၉၉ UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲ

ဝီကီပီးဒီးယား မှ

၁၉၉၉ UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ၁၉၉၉ ခုနှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကစားခဲ့တဲ့ ဘောလုံးပွဲ ဖြစ်ပါတယ်။ ၁၉၉၈-၉၉ ဘောလုံးရာသီ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အနိုင်ရဗိုလ်စွဲသူကို ရွေးချယ်ဖို့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၊ ကမ့်(ပ်)နူးဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက တစ်ပွဲလုံးနီးပါး ရှုံးနိမ့်နေပြီး နောက်ကလိုက်ကစားခဲ့ရပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းဂိုး ၂ ဂိုး သွင်းယူပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့ခြင်းက ဒီပွဲကို အထူးတလည် အမှတ်တရဖြစ်စေခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဒီနိုင်ပွဲဟာ အဲဒီလအစောပိုင်းက ပရီးမီးယားလိဂ်နဲ့ FA Cup တွေကို ရယူခဲ့ပြီးဖြစ်တဲ့ သူတို့ရဲ့ ဖလားသုံးလုံးဆွတ်ခူးခဲ့တဲ့ ဘောလုံးရာသီတစ်ရာသီအတွင်း အထွတ်အထိပ်အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာလည်း ဖလားသုံးလုံးမျှော်လင့်ချက် ရှိနေခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးသားဖြစ်ကာ DFB-Pokal ဗိုလ်လုပွဲကိုလည်း ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်အသင်းဟာ Pokal ဖလား ဗိုလ်လုပွဲမှာလည်း ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အစဉ်အလာအတိုင်း အနီရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ဘိုင်ယန်အသင်းကတော့ မီးခိုးရောင်နဲ့ အနီရင့်ရောင် ချန်ပီယံလိဂ်ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ ဒိုင်လူကြီးဖြစ်တဲ့ ပီယာလွီဂွီ ကော်လီနာက ပွဲပြီးခါနီးမှာ ပရိသတ်တွေရဲ့ ရုံပွင့်ထွက်လောက်အောင် ဆူညံစွာ အားပေးမှုတွေကြောင့် ဒီပွဲဟာ သူ့ရဲ့ ဒိုင်လူကြီးသက်တမ်းတလျှောက်မှာ အမှတ်တရအရှိဆုံးတစ်ခု ဖြစ်ခဲ့တယ်လို့ ကိုးကားပြောဆိုခဲ့ပါတယ်။

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

မန်ယူနဲ့ ဘိုင်ယန်အသင်းတို့ဟာ ဒီဗိုလ်လုပွဲမတိုင်ခင်မှာ ပြိုင်ပွဲအသွင်ယှဉ်ပြိုင်မှုအနေနဲ့ နှစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး အဲဒီနှစ်ကြိမ်လုံးကလည်း ၁၉၉၈-၉၉ ဘောလုံးရာသီ အစောပိုင်းမှာဖြစ်ပြီး နှစ်ကြိမ်လုံး သရေပွဲနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အခြားဂျာမန်ကလပ်အသင်းတွေထဲမှာ ဘိုရပ်ရှားဒေါ့မန်အသင်းနဲ့သာ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး စုစုပေါင်း ခြောက်ပွဲကစားရာမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပါတယ်။ ဒီအထဲမှာ နှစ်ပွဲပေါင်း ဆယ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၁၉၆၄-၆၅ Inter-Cities Fairs Cup ဒုတိယအဆင့်ပွဲစဉ်နဲ့ နှစ်ပွဲပေါင်း နှစ်ဂိုး - ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ၁၉၉၆-၉၇ UEFA ချန်ပီယံလိ(ဂ်) အကြိုဗိုလ်လုပွဲအဆင့်ပွဲစဉ်တွေလည်း ပါဝင်ပါတယ်။ ဘိုင်ယန်အသင်းဟာလည်း အင်္ဂလန်ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရာမှာ အလားတူပဲ အနည်းငယ် အသာစီးရထားပြီး စုစုပေါင်း (၂၂)ပွဲ ကစားခဲ့ရာမှာ (၇)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၆)ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ၁၉၇၅ ဥရောပဖလား ဗိုလ်လုပွဲမှာ လိဒ်(စ်)ယူနိုက်တက် အသင်းကို အနိုင်ရခဲ့တဲ့ပွဲနဲ့ ၁၉၈၂ ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေလည်း အပါအဝင် ဖြစ်ပါတယ်။   ၁၉၇၅ မှာ လိဒ်(စ်)အသင်းကို အနိုင်ယူခဲ့တဲ့ပွဲအပါအဝင် ဘိုင်ယန်အသင်းဟာ ယခု ၁၉၉၉ ဗိုလ်လုပွဲ မတိုင်ခင်မှာ ဥရောပဖလားကို သုံးကြိမ်တိတိ ရရှိခဲ့ဖူးပါတယ်။ ၁၉၇၄ မှ ၁၉၇၆ အထိ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး ရီးရဲယ်(လ်)မက်ဒရစ် (၁၉၅၆-၁၉၆၀)၊ အေဂျက် (၁၉၇၁-၁၉၇၃) အသင်းတွေပြီးရင် ဒီလို သုံးနှစ်ဆက်တိုက် ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်တဲ့ တတိယမြောက်အသင်း ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ ၁၉၈၂၊ ၁၉၈၇ ခုနှစ်တွေမှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယဆု နှစ်ကြိမ် ရရှိခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ နောက်ထပ်တစ်ကြိမ် ဥရောပဖလားကို ဗိုလ်စွဲနိုင်ဖို့ (၂၃)နှစ်တိတိ စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပြီး ၁၉၆၈ တစ်ကြိမ်တည်းသာ ဗိုလ်စွဲခဲ့တဲ့ မန်ယူအသင်းကတော့ နောက်တစ်ကြိမ် ဆုဖလားရဖို့အတွက် ပိုမိုကြာမြင့်အောင် စောင့်ဆိုင်းနေခဲ့ရပါတယ်။   သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆု မရခဲ့တဲ့ အသင်းတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဖြစ်ပေမယ့် မန်ယူနဲ့ ဘိုင်ယန် နှစ်သင်းစလုံးဟာ ဒီလိုမျိုးယှဉ်ပြိုင်ခွင့် ရပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာနိုင်ငံ ချန်ပီယံ မဟုတ်ဘဲနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်တဲ့ ပထမဆုံးအသင်းတွေ ဖြစ်ကြပါတယ်။ သို့လင့်ကစား ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားချိန်မှာ နှစ်သင်းစလုံးဟာ ၁၉၉၈-၉၉ ဘောလုံးရာသီရဲ့ သက်ဆိုင်ရာလိဂ်တွေမှာ ဗိုလ်စွဲခဲ့ကြပြီး ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ မေလ (၉) ရက်နေ့မှာ ဟာသာဘာလင်အသင်းနဲ့ တစ်ဂိုး-တစ်ဂိုး သရေကျခဲ့အပြီးမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်ခဲ့ပြီး မန်ယူအသင်းကတော့ ပြည်တွင်းဘောလုံးရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မေလ (၁၆) ရက်နေ့မှာ တော့တင်ဟမ် ဟော့စပါးစ် အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေရာကနေ ပွဲအပြီးမှာ ၂ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး ပြိုင်ဘက် အာဆင်နယ်အသင်းထက် တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်နဲ့ မန်ယူ နှစ်သင်းစလုံးဟာ ဖလားသုံးလုံးအောင်မြင်မှုအတွက် မျှော်လင့်ချက်ရှိနေကြပြီး မန်ယူအသင်းက မေလ (၂၂) ရက်နေ့ ၁၉၉၉ FA Cup ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်အပြင် FA Cup ကိုပါ ရရှိထားပြီး ဘိုင်ယန်အသင်းကလည်း ဘွန်ဒက်စ်လီဂါချန်ပီယံအပြင် ဇွန်လ ၁၂ ရက်နေ့မှာ ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် DFB-Pokal ဖလား ဗိုလ်လုပွဲကိုလည်း ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။

 

ဘောလုံးကွင်း နှင့် လက်မှတ်[ပြင်ဆင်ရန်]

ပွဲကစားမယ့် ကမ့်(ပ်)နူးဘောလုံးကွင်းကြီးရဲ့ ပရိသတ်ဝင်ဆန့်မှုကို လူဦးရေ တစ်သိန်းကျော်ကနေ ၉၂,၀၀၀ အထိ ဗိုလ်လုပွဲကျင်းပချိန်မှာ ယာယီလျှော့ချထားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က ပေါ်တူဂီနိုင်ငံ၊ လစ်စဘွန်းမြို့မှာ ကျင်းပခဲ့တဲ့ UEFA အမှုဆောင်အရာရှိအစည်းအဝေးမှာ ဗိုလ်လုပွဲကျင်းပရန် ဘောလုံးကွင်းအဖြစ် ကမ့်(ပ်)နူးကွင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင် လေးလအလိုမှာ ဗိုလ်လုပွဲအတွက် ကွင်းရေးချယ်နိုင်ရေးကို စတင်ပြင်ဆင်ခဲ့ကြပြီး ဘာစီလိုနာအသင်းက အသင်းရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ကမ့်(ပ်)နူးမှာ ဗိုလ်လုပွဲကျင်းပခွင့်ရရှိနိုင်ရေးအတွက်ကို ၁၉၉၈၊ မေလမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်မြို့မှ ဝင်ဘလေကွင်း၊ မာဆေးလ်မြို့မှ စတိတ်ဒီ ဗီလိုဒရုမ်းကွင်းတွေကလည်း ဗိုလ်လုပွဲကျင်းပခွင့်ကို လျှောက်ထားခဲ့ကြပေမယ့် စိတ်ချလုံခြုံရမှု၊ သက်တောင့်သက်သာရှိမှုနှင့် ပရိသတ်ဝင်ဆန့်မှုတွေမှာ ကမ့်(ပ်)နူးကွင်းက သာလွန်ကောင်းမွန်တယ်လို့ UEFA ဘောလုံးကွင်းကော်မတီက သတ်မှတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။   ၁၉၈၉ ဥရောပဖလား ဗိုလ်လုပွဲစဉ်အဖြစ် အီတလီကလပ် အေစီမီလန်အသင်းက ရိုမေးနီးယားကလပ် စတူအာ ဘူခါရက်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲကို ကမ့်(ပ်)နူးကွင်းကြီးမှာ လက်ခံကျင်းပခဲ့ပါတယ်။ ဥရောပရှုံးထွက်ဖလားပွဲ ဗိုလ်လုပွဲနှစ်ကြိမ် (၁၉၇၂၊ ၁၉၈၂) ကိုလည်း လက်ခံကျင်းပခဲ့ပြီး ၁၉၈၂ ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ဗိုလ်စွဲခဲ့ပါတယ်။   ကမ့်(ပ်)နူးကွင်းကြီးကို ၁၉၅၄ မှ ၁၉၅၇ အထိ သုံးနှစ်ကျော်ကြာ အချိန်ယူဆောက်လုပ်ခဲ့ပြီး ထပ်မံတိုးချဲ့လို့မရတော့တဲ့ အိမ်ကွင်းအဟောင်းဖြစ်တဲ့ Camp de Les Corts ရဲ့ အနီးမှာ အစားထိုးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကွင်းရဲ့ မူလလူဦးရေဝင်ဆန့်မှုဟာ ၉၃,၀၀၀ ဖြစ်ပေမယ့် ပထမဦးဆုံး လက်ခံကျင်းပတဲ့ အဓိကပြိုင်ပွဲဖြစ်တဲ့ ၁၉၇၂ ဥရောပရှုံးထွက်ဖလားဗိုလ်လုပွဲမှာ လာရောက်ကြည့်ရှုသူ ၂၅,၀၀၀ မပြည့်ခဲ့ပါဘူး။ ၁၉၈၂ ခုနှစ်ကတော့ ပွဲအများဆုံး လက်ခံကျင်းပပေးခဲ့တဲ့နှစ်ဖြစ်ပြီး ၁၉၈၂ ဥရောပရှုံးထွက်ဖလားဗိုလ်လုပွဲသာမက ၁၉၈၂ ကမ္ဘာ့ဖလားပွဲ ၅ ပွဲတိတိ နူးကမ့်(ပ်)ကွင်းကြီးမှာ ကစားခဲ့ရာမှာ ဒုတိယအဆင့် အုပ်စု (က) ပွဲစဉ် သုံးပွဲလုံးသာမက ပိုလန်နဲ့ အီတလီတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အကြိုဗိုလ်လုပွဲပါ ပါဝင်ပါတယ်။ ထိုအချိန်မှာ ကွင်းဝင်ဆန့်မှုဟာ လူဦးရေ ၁၂၀,၀၀၀ ကျော် ဖြစ်နေပါပြီ။   ၁၉၈၉ မှာ ဥရောပဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပပေးခဲ့အပြီး သုံးနှစ်အကြာမှာ ဘာစီလိုနာမှာ ကျင်းပတဲ့ ၁၉၉၂ နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဘောလုံးအားကစားနည်းရဲ့ ပင်မကစားကွင်းအဖြစ် ကမ့်(ပ်)နူးကွင်းကို ရွေးချယ်ခဲ့ပါတယ်။ ကမ့်(ပ်)နူးကွင်းမှာ အုပ်စုပွဲတစ်ပွဲ၊ ကွာတားဖိုင်နယ်ပွဲနှစ်ပွဲ၊ အကြိုဗိုလ်လုပွဲတစ်ပွဲ၊ တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေ ကျင်းပခဲ့ပြီး အိမ်ရှင်စပိန်အသင်းက ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။ နောက်နှစ်မှာတော့ ကွင်းကို ပုံစံအသစ် ပြန်လည်ပြင်ဆင်ရာမှာ လူဝင်ဆန့်မှုဦးရေကို ၁၁၅,၀၀၀ အထိ လျှော့ချခဲ့ပါတယ်။   ကွင်းအတွင်းမှာ မတ်တပ်ရပ်ပြီး ကြည့်ရှုခွင့်နဲ့ပတ်သတ်တဲ့ UEFA စည်းမျဉ်းစည်းကမ်းတွေအရ နူးကမ့်(ပ်)ကွင်းရဲ့ အပေါ်ဆင့်အပိုင်းအချို့ကို ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ပိတ်ထားခဲ့ရတဲ့အတွက် လူဝင်ဆန့်မှုဟာ ၉၂,၀၀၀ ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။ ဒီအထဲမှာမှ သုံးပုံနှစ်ပုံကို ဗိုလ်လုပွဲရောက် အသင်းနှစ်သင်းအတွက် ဖယ်ထားခဲ့ပါတယ် (တစ်သင်းစီအတွက် လက်မှတ် ၃၀,၀၀၀ ခန့်)။ ကျန်ရှိတဲ့ သုံးပုံတစ်ပုံကို မြို့ခံဘာစီလိုနာပရိသတ်တွေ (လက်မှတ် ၇,၅၀၀ ခန့်)၊ UEFA နဲ့ ပြိုင်ပွဲအတွက် ကူညီထောက်ပံ့သူတွေ ကြားမှာ ခွဲဝေခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဝေစုအနေနဲ့ လက်မှတ် ၃၀,၀၀၀ ခန့်သာ ရရှိခဲ့ပေမယ် ဗိုလ်လုပွဲကြည့်ရှုအားပေးဖို့ မန်ယူပရိသတ် ၅၀,၀၀၀ ကျော် ဘာစီလိုနာမြို့ကို ရောက်ရှိလာတယ်လို့ ခန့်မှန်းကြပါတယ်။  

ဒိုင်လူကြီးများ[ပြင်ဆင်ရန်]

အီတလီနိုင်ငံမှ ပီယာလွီဂီ ကော်လီနာကို ဗိုလ်လုပွဲအတွက် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ ကော်လီနာဟာ ၁၉၉၅ ခုနှစ်မှာ ဖီဖာအသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးဖြစ်လာပြီး ဥရောပအဆင့်ပွဲအဖြစ် ၁၉၉၅-၉၆ ရာသီ UEFA ဖလားပွဲတွေမှာ စတင်ကိုင်တွယ်ခဲ့ပါတယ်။ ၁၉၉၈ နိုဝင်ဘာလ (၄) ရက်နေ့က ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ နူးကမ့်(ပ်)ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်အပါအဝင် လက်ရှိရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်သုံးပွဲပါပါမှ စုစုပေါင်း ချန်ပီယံလိဂ်ပွဲရှစ်ပွဲသာ ကိုင်တွယ်ထားခဲ့ဖူးပေမယ့် ကော်လီနာဟာ ၁၉၉၆ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် နိုက်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ရဲ့ ဗိုလ်လုပွဲအပါအဝင် ပွဲလေးပွဲနဲ့ ၁၉၉၈ ဖီဖာကမ္ဘာ့ဖလား အုပ်စုပွဲစဉ်နှစ်ပွဲတို့ကို ကိုင်တွယ်ထားခဲ့ပြီး ဖြစ်ပါတယ်။   ကော်လီနာနှင့်အတူ အီတလီလူမျိုးများဖြစ်ကြတဲ့ ဂန်နာရို မက်ဇီနှင့် ကလော်ဒီယို ပက်ဂလီစီတို့က လက်ထောက်ဒိုင်လူကြီးများအဖြစ်လည်းကောင်း၊ ဖီအိုရန်ဇို ထရီအိုစီက စတုတ္တဒိုင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြပါတယ်။

ဖွင့်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

ဗိုလ်လုပွဲ မစတင်ခင်မှာ အော်ပရာအဆိုတော် မွန့်ဆာရတ် ကာဘယ်လ်က ဂေါ့ဖ်ကားနဲ့ ကွင်းအနှံ့လှည့်ပတ်ပြီး ဘာစီလိုနာ သီချင်းကို တိုက်ရိုက်သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီလို ဖျော်ဖြေရာမှာ ကွယ်လွန်သွားခဲ့တဲ့ ရော့ခ်အဆိုကျော် ဖရက်ဒီမာကျူရီရဲ့ အသံဖမ်းယူထားမှုတွေနဲ့ အတူပူးတွဲပြီး သူ့ရဲ့ ပုံရိပ်တွေကို ကွင်းအတွင်းက လျှပ်စစ်ဖန်သားပြင်ပေါ်မှာ ပြသခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ဘာစီလိုနာမြို့ရဲ့ ထင်ရှားတဲ့ အထင်ကရ နေရာတွေကို ကြီးမားတဲ့ လေမှုတ်ရုပ်တွေအဖြစ် ဖန်တီးပြီး ခင်းကျင်းပြသခဲ့သလို ဗိုလ်လုပွဲယှဉ်ပြိုင်မယ့် အသင်းနှစ်သင်းရဲ့ အထိမ်းအမှတ်အလံတွေကို ဝှေ့ယမ်းပြသခဲ့ကြပါတယ်။ ဘိုင်ယန်မြူးနစ်ပရိသတ်များက ထိုအချိန်အတွင်းမှာ ဘိုင်ယန်အသင်းရဲ့ အမည်ကို ထောင်ပေါင်းများစွာသော ရောင်စုံကဒ်ပြားတွေနဲ့ ဖန်တီးပြီး သရုပ်ပြခဲ့ပါတယ်။  

လူရွေးချယ်မှု[ပြင်ဆင်ရန်]

မန်ယူအသင်းခေါင်းဆောင် ရွိုင်ကိန်းနဲ့ အလယ်တန်းလူ ပေါလ်စခိုးလ်စ်တို့ နှစ်ယောက်ဟာ ပွဲပယ်ခံထားရတဲ့အတွက် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပြီး မန်ယူအသင်းမန်နေဂျာ အဲလက်စ် ဖာဂူဆန်အနေနဲ့ ဒေးဗစ်ဘက်ခမ်းကို နစ်ကီဘတ်နဲ့ တွဲဖက်ပြီး အလယ်တန်းဗဟိုမှာ ပွဲထုတ်ခဲ့ရသလို ရိုင်ယန်ဂစ်ကို ညာတောင်ပံ၊ ယက်စ်ပါ ဘလွန်ကွစ်ကို ဘယ်တောင်ပံမှာ နေရာချခဲ့ရပါတယ်။ ရွိုင်ကိန်းဟာ FA Cup ဗိုလ်လုပွဲမှာ ဒဏ်ရာရပြီး နောက်ရာသီအစထိ ပြန်ကစားနိုင်တော့မှာ မဟုတ်ပေမယ့် ပွဲပယ်ခံထားရပြီးသား ဖြစ်တဲ့အတွက် ဒဏ်ရာရတာဟာ ဘာမှ မထူးတော့ပါဘူး။ နော်ဝေနောက်ခံလူ ဟန်းနင်းဘာ့ဂ်ဟာလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး နော်ဝေသားပဲဖြစ်တဲ့ ရွန်နီဂျွန်ဆင်က အလယ်တန်းမှာ နစ်ကီဘတ်နဲ့ တွဲကစားဖို့ စီစဉ်ထားရာကနေ နောက်တန်း အလယ်လူအဖြစ်နဲ့ပဲ ခြေဖနောင့် ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဟော်လန်ကစားသမား ယက်ပ်စတမ်းနဲ့ တွဲဖက်ပြီး ပွဲထွက်လာခဲ့ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]