ဧရာဖောင့်

ဝီကီပီးဒီးယား မှ

ဧရာဖောင့် သည် အဆင့်မြင့် TrueType အမျိုးအစား ဧရာစာလုံးပုံစံ အနွယ်ဝင် မြန်မာဖောင့် တစ်ခုဖြစ်သည်။ ဧရာဖောင့် သည် ၂၀ဝ၉ အောက်တိုဘာ တွင် နောက်ဆုံးထွက်ရှိထားသော ယူနီကုဒ် ၅.၂ အက္ခရာ ထားသိုနည်း စံနစ်ကို သုံးစွဲသည်ဟု ဆိုသော်လည်း ယူနီကုတ် ထားသိုနည်း စနစ်ကို အတိအကျ လိုက်နာထားခြင်း မရှိသဖြင့် တတ်ကျွမ်းနားလည်သူများက ယူနီကုတ်ဟု သတ်မှတ်ခြင်း မရှိသော ဖောင့် ဖြစ်သည်။ ဧရာဖောင့် ကို Ayar Unicode Group မှ ထုပ်လုပ်ပြီး ကိုယ်ပိုင်လိုင်စင် ဖြင့် တိုက်ရိုက် သုံးစွဲသူတို့အတွက် အခမဲ့ ဖြန့်ချိသည်။[ကိုးကားချက်လိုသည်]

ဧရာ စာလုံးသည်၊ ယူနီကုဒ် အက္ခရာ စံနစ်အရ မြန်မာအက္ခရာများကို Universal Character Set ဟုခေါ်သော ကမ္ဘာသုံး အက္ခရာ ဇယားတွင် အတိအကျ နေရာချထားပြီး ဖြစ်သည့်အတွက် ဤစနစ်ကို လိုက်နာပါက မြန်မာ အက္ခရာများသည် နိုင်ငံတကာ အက္ခရာ ရေးထုံးစံနစ်တွင် အံဝင်စေသဖြင့် စံလွဲနိုင်သည့် ပြဿနာများ မရှိနိုင်ဘဲ၊ ကွန်ပျူတာဖြင့် စာစီရာတွင်ဖြစ်စေ၊ စာလုံး ပြောင်းရာတွင် ဖြစ်စေ စာလုံးအရွယ်နှင့် အထားအသိုများ မှန်ကန်စေခြင်း၊ ကွန်ပျူတာ စံနစ်ဖြင့် သိုမှီးထားသော အချက်အလက် များကို စံနစ်တကျ ပြန်လည်ရှာဖွေရန် လွယ်ကူစေခြင်း၊ အင်တာနက် အွန်လိုင်း သုံးစွဲရာတွင် အက္ခရာစာလုံး (Font) စံနစ်များ ညီညွတ်သဖြင့် စာလုံးများကို မှန်ကန်စွာ မြင်ရခြင်းစသည့် အထောက်အကူများ ရရှိမည် ဖြစ်သည်။

ဧရာဖောင့် စာလုံး ဖြစ်ပေါ်ရေး အတွက် ပြည်ပရှိ မြန်မာယူနီကုဒ် စိတ်ဝင်စားသူများ၊ မြန်မာဂရပ်ဖစ် ဒီဇိုင်း ပညာရှင်များ ပူးပေါင်း ကြိုးပမ်းသည်။ ဧရာသည် ယူနီကုတ် ပညာရှင်များ၏ အကြံပေးမှုများကို အပြည့်အဝလိုက်နာခြင်း မရှိပေ။ ချွင်းချက်ရှိသော စံသတ်မှတ်ချက်ကို လိုက်နာသည်ဟု ကျေညာခြင်းသည် စံကိုမလိုက်နာနိုင်ခြင်းကို အတိအကျ ဝန်ခံခြင်းဖြစ်သည်။

ဧရာဖောင့် မြန်မာစာလုံးသည် မြန်မာ လက်နှိပ်စက် စံနစ်နှင့် ပုံနှိပ် ခဲစာလုံးပုံစံ ကို အခြေခံပြီး၊ မြန်မာစာ ရေးထုံးနှင့် အဆင်ပြေအောင် ကြိုးပမ်းလျက် ရှိကာ၊ လက်ရှိ အခြေအနေတွင် အွန်လိုင်းမီဒီယာများ၊ ပုံနှိပ်လုပ်ငန်းများ အတွက် အဆင်ပြေရန် ဆောင်ရွက် ထားသည်ဟု ဆိုသည်။ မကြာမီ ကာလအတွင်း ဧရာ မြန်မာစာလုံး အက္ခရာ ဒီဇိုင်းသစ်များနှင့် ထွက်ရှိလာမည့် မြန်မာတိုင်းရင်းသား ဘာသာများ ဖြစ်သော ကရင်ရှမ်းမွန် စသည့် စာလုံးများ အားလည်း အခမဲ့ ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဧရာဖောင့် မြန်မာစာလုံးများကို စီးပွားရေးအရ ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော နည်းပညာရင်းမြစ် (open source) အဖြစ်သာ ဖန်တီးပြီး၊ ဧရာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မည်သူမဆို လွတ်လပ်စွာ ထပ်ဆင့်ပြုပြင် ဖန်တီး နိုင်ကြကြောင်း၊ ဧရာဖောင့် မြန်မာစာလုံးများသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခု၏ ပိုင်ဆိုင်မှုမျိုး မဟုတ်ဘဲ၊ မြန်မာ အသိုင်းအဝိုင်း တစ်ခုလုံး၏ ပိုင်ဆိုင်မှု တခုအဖြစ် ရပ်တည်ပြီး၊ မည်သူမဆို ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်သည့် အဖွဲ့တခု ဖြစ်ကြောင်း၊ နည်းပညာ ကျွမ်းကျင် ပညာရှင်များ အားလည်း ပူးပေါင်း ပါဝင် ဖိတ်ခေါ်ကြောင်း သိရှိရသည်။


ဆက်လက်ကြည့်ရှုရန်[ပြင်ဆင်ရန်]