ဥပဂုတ္တထေရ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရာဇဝံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီး (ဓမ္မာသောကမင်း၊ အသောကမင်းဟူ၍လည်း တွင်သည်။)သည် စေတီရှစ်သောင်း လေးထောင်တို့ကို အနုမောဒနာပြုသောကာလ ဥပဂုတ္တထေရ် (ရှင်ဥပဂုတ်) သည် မာရ်နတ်ကို ဆုံးမကြောင်း ဖော်ပြပါ ရှိသည်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က ရာဇ ဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသောအခါ မြေမှုန့် များကို ကစားနေကြသော သူငယ်တို့အနက် ခုနစ်နှစ်အရွယ်ရှိ ပီယ ဒဿီ အမည်ရှိသော သူဌေးသားသည် ဘုရားကို ကြည်ညို လှသဖြင့် လက်၌ရှိသော မြေမှုန့်ကို လှူအံ့ဟုကြံ၍ အခြွေအရံ သူငယ်တို့ကို ခေါ်ပြီးလျှင် လက်၌ရှိသော မြေမှုန့်ကို လှူ၏။ မြတ်စွာဘုရားသည် ထိုလှူသောမြေမှုန့်ကို သပိတ်ဖြင့် ခံတော် မူပြီးလျှင် ပြုံးတော်မူသဖြင့် အာနန္ဒာထေရ်က အကြောင်းကို လျှောက်ရာ ထိုသူငယ်သည် သာသနာတော် ၂၁၈ နှစ်သို့ ရောက်သောအခါ ပါဋလိပုတ်ပြည်၌ အသောကမည်သော မင်းဖြစ်ပြီးလျှင် သာသနာတော်ကို ကြည်ညိုလှသဖြင့် ခုနစ်လ ခုနစ်ရက်တိုင်တိုင် အလှူကြီး ပေးလိမ့်မည်။ ထိုအခါ မာရ်နတ် ဖျက်ဆီးအံ့သည်ကို ဥပဂုတ္တ တိဿနာဂ မည်သော မထေရ် သည် တန်ခိုးအားဖြင့် တားပေလတ္တံ့ဟု ဗျာဒိတ်စကား ကြား တော်မူကြောင်းနှင့် လောကပညတ္တိပါဌ်၌ လာသည်။ လောပညတ္တိပါဌ်၌ပင် ဥပဂုတ္တထေရ်(အရှင်ဥပဂုတ်)၏ အကြောင်းကို ဤသို့ ဖော်ပြပါရှိ၏။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူနေရာ ထီးဆက်နန်းရံ အမွေခံသားသမီးတစ်ယောက်မျှ မရ၍ ပညာရှိ များနှင့် တိုင်ပင်ဆွေးနွေးသော် မဟာဒါနပြုလုပ်လျှင် အမွေခံ သားသမီး ပေါ်လာမည့်အကြောင်း ဟောပြော တင်လျှောက်သဖြင့် မင်းကြီး သည် မဟာဒါနကို ပြုတော်မူသည်။ မကြာမီအတွင်း၌ တံငါ တို့က ငါး၏ ဝမ်းထဲမှရသော လူမိန်းမကလေးတစ်ယောက်ကို မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ထိုသတို့ သမီးငယ်ကို နတ်တို့က ဆက်လာသည်ဟု ထင်မှတ်၍ အထိန်းသယ်များနှင့် ကောင်းစွာထားသည်။ အမည်ကိုလည်း မစ္ဆဒေဝီဟုပေးကာ ရင်သွေးအရင်းကဲ့သို့ ကောင်းစွာ စောင့် ရှောက်ထားသည်။ အရွယ်ကြီးမြင့်လာ သောအခါ ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်သဖြင့် ထိုအပုပ်နံ့မထွက်အောင် ကြံစည်သော်လည်း မရသောကြောင့် ထိုမစ္ဆဒေဝီကို စားနပ် ရိက္ခာအစုံနှင့် ဖောင်ပေါ်သို့ တင်ပြီးလျှင် မြစ်လယ်ကြောသို့ မျှောလိုက်ရလေ သည်။ မြို့နှင့်ဝေးကွာသော တောင်ကြီးကမ်း ကြီးရှိရာသို့ ရောက်ရာ တစ်ခုသော မြစ်ကွေ့ကမ်းငူက ရှင်ဥပ ရသေ့သည် မြစ်၏တစ်ဖက်ကမ်းသို့ ကူးလို၍ အလံကို ထူပြ သည်ကို မစ္ဆဒေဝီမြင်သဖြင့် ဖောင်ကို ကမ်းသို့ကပ်ပြီးလျှင် အကြောင်းကို မေးရာ ရှင်ရသေ့က တဘက်ကမ်းသို့ ကူးလို သဖြင့် ပို့ပေးရန် တောင်းပန်လေသည်။ ထိုအခါ မင်းသမီးက အကျွနု်ပ်၏ မျက်နှာကို မကြည့်လျှင် ပို့ပေးပါမည်ဟု ပြောရာ ရသေ့က ရဲရဲဝန်ခံသဖြင့် တဘက်ကမ်းသို့ ပို့ပေးလေသည်။ ကမ်းသို့ရောက်သောအခါ ရှင်ဥပ ရသေ့သည် အမျိုးသမီးအား မည်သည့် အမျိုးအနွယ် ဖြစ်သည်ကို သိချင်သောကြောင့် အမှတ်မဲ့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မိကြ၍ မစ္ဆဒေဝီ၌ ပဋိသန္ဓေတည်ရကြောင်းကို ပြောပြီးလျှင် ကိုယ်ဝန်ကို အစောင့် အရှောက်ခိုင်းရာ ရသေ့က ကျေနပ်စွာ သဘောတူပြီးလျှင် စောင့်ရှောက်ထားလေသည်။ နေ့လစေ့သောအခါ သားကို ဖွားမြင်ရာ ရှင်ဥပရသေ့က နေ့ညဉ့်မပြတ် ကြည့်ရှုစောင့်ရှောက် ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တဟု အမည်ပေးလေသည်။ အရွယ်ရောက်သောအခါ ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေး ပြဿဒ်နှင့် နေတော်မူသည်။ ထိုအရှင်သည် ဈာန် သမာမတ်တို့ဖြင့်သာ နေ့ရက်များစွာကို ကုန်လွန်စေ၍ အစာ မစားပဲလည်း နေတော်မူလေ့ရှိသည်။

သီရိဓမ္မာသောကမင်းသည် ရာဇဂြိုဟ်ပြည်၌ အဇာတသတ် မင်း ခဲယဉ်းစွာ မြှုပ်ထား၍ ကိုးကွယ်တော်မူသော သရီရဓာတ် တော် ခုနစ်စရွတ်ကို ယူဆောင်၍ သရီရဓာတ်တော်ကို ဇမ္ဗူဒိပ် ကျွန်းအလုံး၌ အနှံ့ ကိုးကွယ်စေခြင်းငှာ ရှစ်သောင်းလေးထောင် သော မြို့နိုင်ငံတို့၌ တစ်မြို့လျှင် စေတီတစ်ဆူ တစ်ဆူ တည် စေ၏။ တစ်ဖို့သော ဓာတ်တော်ကို ပါဋလိပုတ်ပြည် မြစ်နား ဝယ် တစ်ကောသခွဲအရပ်ကို လက်ဝါး ပြင်ကဲ့သို့ ညီညွတ်စေ၍ အထူးထူးသော ရတနာတို့ဖြင့် တန်ဆာဆင်လျက် မဟာစေတီ တည်လေ၏။ တည်ပြီးသော် ခုနစ်ရက်တိုင်တိုင် ကြီးစွာသော ပူဇော်ပွဲကို ပြုလေသည်။

စေတီပူဇော်ပွဲတွင်ကို မာရ်နတ်သည် အန္တရာယ်ပြုလာသည် ကို ရှင်ဥပဂုတ်သည် တန်ခိုးတော်ဖြင့် တားမြစ်၏။ ဦးစွာ၌ မဟာစေတီ၏ ထက်ဝန်းကျင် ယူဇနာခွဲအရပ်ကို ဆီမီးထွန်းညိ| စေရာ မီးသေစိမ့်သောငှာ မာရ်နတ်သားလည်း ပြင်းစွာသော လေကို လာစေ၏။ ရှင်ဥပဂုတ်လည်း တန်ခိုးတော်ဖြင့် ယူ၍ အဝေးသို့ လွှင့်လေ၏။ တစ်ဖန် မာရ်နတ်သားလည်း သဲမိုး၊ ကျောက်စရစ်မိုး၊ ကျောက်ဖျာမိုး၊ မီးကျီးမိုး၊ ချေးမိုးတို့ကို အစဉ်အတိုင်း ရွာစေရာ ရှင်ဥပဂုတ်လည် အဓိဋ္ဌာန်တန်ခိုးဖြင့် ခံ၍ စကြဝဠာတံတိုင်းအပ၌ စွန့်၏။ ထိုနောက်တစ်ဖန် ကြီး စွာသော နွားဥသဘအဟန် ဖန်ဆင်း၍လည်းကောင်း၊ ဦးခေါင်း ခုနစ်လုံးရှိသော နဂါးအဟန် ဖန်ဆင်း၍လည်းကောင်း၊ ထန်းပင်ရှိလောက် ပြောင်ပြောင်တောက်သော သံလှန်ကန်ကို ကိုင်စွဲထေားသာ ဘီလူးကြီးအဟန် ဖန်ဆင်း၍လည်းကောင်း အန္တရာယ်ပြုရန် အဆင့်ဆင့်အားထုတ်ပြန်လျှင် ရှင်ဥပဂုတ်လည်း ကျားအဟန် ဖန်ဆင်း၍လည်းကောင်း၊ ဂဠုန်အဟန် ဖန်ဆင်း၍ လည်းကောင်း၊ မာရ်နတ် ဖန်ဆင်းသော ဘီလူးထက် နှစ်ဆကြီး ၍ ဝင်းဝင်းငြိသော သံလှန်ကန်ချောင်း ကိုင်စွဲသည့် ဘီလူး ကြီးအဟန် ဖန်ဆင်း၍လည်းကောင်း မာရ်နတ်ကို နှိမ်နင်း လေသည်။ နောက်ဆုံးတွင် မာရ်နတ်သည် ရှင်ဥပဂုတ်၏ တန်ခိုးတော်ကို ပြိုင်နိုင်စွမ်း မရှိသည်ကိုသိသဖြင့် လူ့အသွင်ကို ဖန်ဆင်းပြီးလျှင် ရှင်ဥပဂုတ်၏ ရှေ့တွင် ရပ်လေ၏။ ရှင်ဥပဂုတ်သည် ပိုးလောက်အတိပြည့်သော စက်ဆုပ်ရွံ့ရှာ ဖွယ်ရှိသော ခွေးသေကောင်ပုပ်ကို မာရ်နတ်၏လည်၌ ဆွဲပြီး လျှင် မိမိမှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ထိုခွေးသေကောင်ပုပ်ကို မချွတ်စေနိုင်သတည်းဟု အဓိဋ္ဌာန် ပြီးလျှင် လွှတ်လိုက်လေသည်။ မာရ်နတ်သည် တန်ခိုးကြီးသော နတ်များနှင့် ဗြဟ္မာများထံသို့ ချဉ်းကပ်ပြီးလျှင် ခွေးသေကောင် ပုပ်ကို ချွတ်ပေးရန် တောင်းပန်သည်။ သို့သော် မည်သူကမျှ ချွတ်၍မပေးနိုင်သဖြင့် ဗြဟ္မာမင်းတို့၏ ဩဝါဒအရ ရှင်ဥပဂုတ် ထံသို့ပင် ပြန်သွားပြီးလျှင် ခွေးသေကောင် ပုပ်ကို ချွတ်ပေးရန် တောင်းပန်လေသည်။

ရှင်ဥပဂုတ်သည် မာရ်နတ်အား တောင်ကြီးတစ်လုံး၏ အနီးသို့ ခေါ်ဆောင်သွားပြီးလျှင် မာရ်နတ်၏ လည်မှ ခွေးသေ ကောင်ပုပ်ကို ချွတ်ပေးသည်။ ထိုနောက် ခါးပန်းတော်ကို ရှည် အောင်ဖန်ဆင်း၍ မာရ်နတ်၏ ခါးကို ချည်ပြီးသော် အခြား တစ်ဖက်ကို တောင်တွင်ချည်ထားကာ မာရ်နတ်၊ သင်သည် အခြားတစ်ပါးသို့ မသွားလင့်၊ ဓမ္မသောကမင်းကြီး၏ ပူဇော်ပွဲ မပြီးမခြင်း ဤအရပ်၌နေရစ်ဟု မိန့်တော်မူရာ မာရ်နတ်လည်း မည်သို့မျှ မပြောကြားနိုင်ပဲ ဆိတ်ဆိတ်သာ နေရလေသည်။ ရှင်ဥပဂုတ်လည်း အလိုရှိရာ၌ ချမ်းသာစွာ နေလေသည်။ ခုနစ်လ ခုနစ်ရက်လွန်၍ စေတီပူဇော်ပွဲပြီးသောအခါ ရှင်ဥပဂုတ် သည် မာရ်နတ်ရှိရာသို့သွား၍ အသံကို နားထောင်သောအခါ ငါသည် မြတ်စွာဘုရားအား အမျိုးမျိုး အနှောက်အရှက် ပေးခဲ့သော်လည်း သာဝကကဲ့သို့ ငါ့အား မည|င်းဆဲချေ။ ထိုကြောင့် ရှေးရှေးသော ဘဝများက ဘုရားရဟန္တာဖြစ်စေ နိုင်လောက် သော ကောင်းမှုများကို ပြုလုပ်ခဲ့ဘူးပြီ။ ထို ကုသိုလ်တို့၏ အာနိသင်ကြောင့် နောင်သောအခါ ဘုရားဆု ကိုသာ ရလိုပါ၏။ သနားခြင်းကင်းမဲ့သော သာဝက၏ အဖြစ် ကို မရလိုပါဟု မာရ်နတ်၏ ညည်းညူ မြည်တမ်း သံကို ကြားရသည်။ ရှင်ဥပဂုတ်လည်း မာရ်နတ်ထံသို့ အဆောတလျင် သွားပြီးလျှင် ခါးပန်းတော်ကို ဖြေပြီးနောက် မာရ်နတ်၊ ငါ့အား သည်းခံလော။ ငါသည် သင်၏အကျိုးကိုလည်း ပြီးစေ ပြီ၊ မင်းကြီး၏ ကောင်းမှုကိုလည်း အန္တရာယ်ကင်းစေပြီ၊ သင်သည် ဘုရားဆုကို ယူပေသောကြောင့် သင့်ကို ပူဇော်ထိုက် ပေသည် ဟုဆိုလေသည်။ ထိုနောက် သင်သည် ဘုရားကို မြင်ဖူးသည်။ ငါကား ဘုရားကို မမြင်ဘူးပေ။ ထိုကြောင့် သာဝက များနှင့်တကွ ဘုရား၏အဖြစ်ကို ဖန်ဆင်း၍ပြပါဟု ရှင်ဥပဂုတ်ကပြောရာ မာရ်နတ်က ငါ့အား အရှင် ရှိမခိုးလျှင် ဖန်ဆင်း၍ပြအံ့ဟုဆိုသည်။ ထိုအခါ ရှင်ဥပဂုတ်က ကောင်းပြီဟု ဝန်ခံပြီးလျှင် သံဃာများအား ဘုရားဖူးကြွကြရန် ဖိတ်ကြား၍ လူများကိုလည်း ပန်းနံ့သာများ စွဲကိုင်စေကာ သံဃာများနှင့် လာစေသည်။ မာရ်နတ်သည် တောအုပ်တစ်ခုသို့ ဝင်ပြီးမှ လက္ခဏာတော် ကြီးငယ်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်သော တစ်လံမျှလောက်သော ရောင်ခြည်တော်အဝန်းဖြင့် တောက်ထွန်းသော ဘုရားအသွင်တော် ဖန်ဆင်းလျက် လက်ဝဲရံ၊ လက်ယာရံ၊ အဂ္ဂသာဝကအစုံ ရှစ်ကျိပ်သော မဟာသာဝကတို့ ခယမ်းပုံနှင့်တကွ အလုံးစုံ တောက်ပသော ဘုရားအသရေအဆင်းကို ဖန်ဆင်း၍ ပြပေ၏။ ရှင်ဥပဂုတ်သည် မြတ်စွာဘုရား၏ အသရေတော်ကို ကြည်ညိုလှသဖြင့် မာရ်နတ်အား ကတိပေးထားရသည်ကို မအောက်မေ့နိုင်ပဲ မြတ်စွာဘုရားအစစ်အား ဖူးမြင်နေရ ဘိသကဲ့သို့ အောက်မေ့ပြီးလျှင် အနူးအညွတ် ရှိခိုးလေသည်။ ပါလာသမျှသော ရဟန်း၊ မင်း၊ မှူးမတ်ပရိသတ်တို့သည်လည်း အလွန်ဝမ်းမြောက်ဝမ်းသာ ကြည်ညိုစွာဖြင့် ပူဇော်ကန်တော့ ကြလေသည်။

ထိုအခါ မာရ်နတ်သည် ဘုရား၏အသွင်ကို ကွယ်စေပြီးလျှင် ရှင်ဥပဂုတ်အား အဘယ်ကြောင့် ရှိခိုးရသနည်းဟု မေးရာ ရှင်ဥပဂုတ်ကလည်း ငါသည် သင့်အား ရှိမခိုး၊ သာဝက များနှင့်တကွသော မြတ်စွာဘုရားကိုသာ ငါရှိခိုးခြင်းဖြစ်သည် ဟုဆို၏။ ထိုအခါမှစ၍ မာရ်နတ်သည်လည်း သာသနာ၌ သဒ္ဓါနူးညံ့သော စိတ်ရှိသည်ဖြစ်၍ မိမိနေရာသို့ ပြန်သွားလေ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)