ဥဒေါင်း

ဝီကီပီးဒီးယား မှ
ဥဒေါင်း
ဒေါင်းဖိုတစ်ကောင် ကနေစဉ် Pavo muticus imperator
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Galliformes
မျိုးရင်း: Phasianidae
မျိုးဇာတ်: Pavonini
မျိုးစု: Pavo
မျိုးစိတ်:
P. muticus
ဒွိနာမ
Pavo muticus
Linnaeus, 1766
မျိုးစိတ်ခွဲများ
  • P. m. muticus Linnaeus, 1766
  • P. m. spicifer Shaw, 1804
  • P. m. imperator Delacour, 1949
Range of the green peafowl

ဥဒေါင်း (အင်္ဂလိပ်: Green Peafowl) ကို မြန်မာဒေါင်း ဟုလည်း ခေါ်ကြသည်။ ဒေါင်းသည် ဥမှပေါက်စတွင် သာမန်ငှက်ကဲ့သို့ ရုပ်ဆင်းသဏ္ဌာန်ရှိသော်လည်း ၂ နှစ်ခန့်ကြာသောအခါ အမြီးအတောင်များ စုံလင်လာကာ ကြည့်၍တစ်မျိုး ကျက်သရေရှိလာသည်။ ထိုအခါမှစ၍ ဒေါင်းဖိုများကလည်း ဒေါင်းမထက် ပို၍ လှလာကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကြွားကြွားဝါဝါ ခန့်ခန့်ညားညားရှိလှသည်။ ထိုကြောင့်ပင် အနောက်နိုင်ငံ အသုံးအနှုန်းများ၌ လှပစွာဝတ်ဆင်၍ ကြွားကြွားဝါဝါရှိသူတို့ကို ဒေါင်းနှင့်နှိုင်း၍ ပြောလေ့ရှိကြသည်။

မြန်မာမင်းတို့၏ ဥဒေါင်းတံဆိပ်ပုံ

ဒေါင်းသည် ရစ်မျိုးရင်းတွင် အပါအဝင် ဖြစ်၍ အာရှတိုက် အပူပိုင်းတွင် အထူးပေါများသည်။ ဒေါင်းသည် လှပ၍ ကျက်သရေရှိမှုကြောင့် ကမ္ဘာအရပ်ရပ်တွင် အလှမွေးမြူကြသည်။ ခန့်ညားခြင်းနှင့်ကျက်သရေရှိခြင်းအတွက် အထိမ်းအမှတ်အဖြစ် ဒေါင်းရုပ်ကို အသုံးပြုကြသည်။

ရှေးမြန်မာမင်းအဆက်ဆက်ကလည်း နိုင်ငံတော်အလံအဖြစ် ဥဒေါင်းတံဆိပ်ခတ်နှိပ်သောအလံကို အသုံးပြုခဲ့ကြသည်။[၂] မြန်မာမင်းများသည် မိမိတို့ကိုယ်မိမိ နေမျိုးနွယ်များဟုယူဆပြီး နေကိုကိုယ်စားပြုသည့် ဥဒေါင်းပုံကို သုံးစွဲခဲ့ကြသည်။ မြန်မာမင်းများလက်ထက် အလံကိုသာ မဟုတ်၊ သုံးစွဲရန်ထုတ်သော ငွေဒင်္ဂါးများ၌ပင် မြန်မာမင်း၏အမှတ်အသားအဖြစ် ဒေါင်းရုပ်ကို ခတ်နှိပ်ကြလေသည်။

မြန်မာမင်းများသာ မဟုတ်၊ ရှေးက အာရှတိုက်တွင် တန်ခိုးကြီးထွားခဲ့သော မွန်ဂိုဘုရင်များပင် ပလ္လင်၏ အမှီတွင် ရွှေငွေအဖိုးတန် ကျောက်သံပတ္တမြားတို့ဖြင့် ပြုလုပ်စီခြယ်ထားသော ကဒေါင်းပုံသဏ္ဌာန် ပြုလုပ် ထားလေသည်။ တရုတ်ဘုရင်များ လက်ထက်ကမူ တိုင်းကျိုးပြည်ကျိုး ဆောင်သော မှူးမတ်သေနာပတိများကို ဂုဏ်ထူးဆောင်အဖြစ် ဒေါင်းတပ်ခွင့် ပြုခဲ့၏။

ပွဲကြီးလမ်းကြီးများ၌ ဥဒေါင်းသားကိုပင် ဂုဏ်ထူးတစ်ခု အနေဖြင့် စားကြလေသည်။ ဥဒေါင်း၏အလှဆုံးအပိုင်းသည် မြီးတံဖြစ်သည်။ ထိုမြီးတံသည် ယပ်တောင်သဖွယ် ဖြန့်လိုက်သောအခါ ဝိုင်းသွား၍ အလွန်လှပလေသည်။ မြီးတံတိုင်း၏ အဖျားတွင် ခရမ်းရောင်၊ အဝါရောင်၊ အပြာရင့် စသည့် ရောင်စုံတို့ဖြင့် ရောပြွန်းခြယ်လှယ်ထားသကဲ့သို့ အလွန်လှပသော ‘’ စာလုံးပုံသဏ္ဌာန် အကွက်တစ်ခုစီ ပါလေသည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

ဒေါင်းပျိုမတစ်ကောင်၏ ဦးခေါင်းနှင့် လည်တိုင်ပုံ

မြီးတံ၏အမွေးများမှာ အစိမ်းပုတ်ရောင်ဖြစ်၏။ ထိုသို့ အစိမ်းပုတ်ခံတွင် အရောင်မျိုးစုံပြွန်းသော မြီးတံသည် သူတို့နေထိုင်ရာ အပူပိုင်းသစ်တောများနှင့် ယိုးမှားဖွယ် ဖြစ်သဖြင့် ရန်သူတို့ ဘေးမှလည်း ကင်းဝေးအောင် သဘာဝက ဖန်တီးပေးသကဲ့သို့ ဖြစ်နေ၏။ ယင်းသည် ဒေါင်းမြီးအစစ်မဟုတ်၊ ဤမြီးတံရှည်များ ၏အောက်တွင် မြီးတံ၏အောက်ခံသဖွယ် ဖြစ်နေသော ကြက်မအမြီးကဲ့သို့ အမွေးများရှိ၏။

ဥဒေါင်းမြီးတံမှာ နေရောင်ကိုလိုက်၍ အရောင်အမျိုးမျိုး ပြောင်းတတ်သဖြင့် အံ့ဘွယ်ပင် ဖြစ်သည်။ ခေါင်းပေါ်တွင် အမွေးတို ကလေးများဖြင့် လှပသော အမောက်ကလေး ဖြစ်နေလေသည်။ ရက်ပိုင်းနှင့် ရင်အထက်ပိုင်း အမွေးရောင် သည် စိမ်းပြာပြာဖြစ်ပြီးလျှင် ရင်အောက်ပိုင်းမှာ စိမ်းပြာတွင် ခရမ်းရောင် နှောနေသောကြောင့် တစ်မျိုးတစ်ဖုံ လှလေသည်။

နေထိုင်ရာနှင့် ပျံနှံ့တည်ရှိမှု[ပြင်ဆင်ရန်]

ဒေါင်းသည် အရှေ့တောင်အာရှတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေထိုင်ကြပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း၊ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် လာအိုနိုင်ငံထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံကမ္ဘောဒီးယားနိုင်ငံမလေးကျွန်းဆွယ်ဂျာဗားကျွန်းအထိ တွေ့ရှိရသည်။ ယင်းတို့၏ နေထိုင်ရာနယ်မြေများသည် အဖျက်ဆီးခံရခြင်း၊ အမဲလိုက်ခြင်းတို့ကြောင့် လျော့နည်းလာခဲ့သည်။[၃] ဒေါင်းများကို အပူပိုင်းဒေသ သစ်တောများ၊ အမြဲစိမ်းသစ်တောများတွင် တွေ့ရှိရသည်။ ဝါးရုံတောများ၊ မြက်ခင်းပြင်များ၊ ဆာဗားနားမြက်ခင်းပြင်များနှင့် လယ်မြေများတွင်လည်း တွေ့ရှိနိုင်သည်။ ဗီယက်နမ်နိုင်ငံတွင် ဒေါင်းများကို လူသူနှင့်ဝေးသော ရေနှင့်နီးသည့် တောအုပ်များတွင် တွေ့ရှိရသည်။[၄] ရေနှင့်နီးသည့်နေရာသည် အရေးကြီးသောအချက်ဟု ထင်မှတ်ရသည်။[၅]

အလေ့အထ[ပြင်ဆင်ရန်]

ဒေါင်းအမနှင့် သားပေါက်ကလေး

ဒေါင်းများသည် တောတွင်းနေ ငှက်အမျိုးအစားဖြစ်ပြီး မြေပေါ်တွင် အသိုက်ဆောက်လေ့ရှိကား အပင်ပေါ်တွင် နားလေ့ရှိကာ မြေပြင်ပေါ်တွင် ဥ ၃ လုံးမှ ၆ လုံးအထိ ဥတတ်သည်။[၆] ဥဒေါင်းတို့သည် အစုလိုက် အပြုံလိုက် မနေကြချေ။ အများဆုံး ဥဒေါင်းဖိုတစ်ကောင်နှင့် ဥဒေါင်းမ သုံးလေးကောင်လောက်သာ စု၍ နေတတ်သည်။ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်စသော အရှေ့ပိုင်းရှိ အပူပိုင်းဒေသများတွင် အများအပြား နေထိုင်ကြ၏။ ဒေါင်းငယ်ကလေးများသည် သမပိုင်းဒေသ ရာသီဥတုတွင် မနေနိုင်ကြချေ။ ဒေါင်း၏ ကိုယ်ဟန်ပုံသဏ္ဌာန်သည် ခန့်ညားဝင့်ဝါသလောက် အသံကား ခန့်ညားခြင်း မရှိချေ။ သာမန်ငှက်များ အော်သံနှင့်သာ တူလေသည်။

ဥဒေါင်း၏ထူးခြားချက်မှာ ညနေဘက်စောစောတွင် အရွက်အနည်းငယ်သာရှိသော သစ်ပင်မြင့်ကြီးများ ပေါ်သို့ အိပ်တန်းတက်၍ နံနက်တွင် အိပ်ရာမှ ဆင်းလေ့ရှိကြသည်။ ထိုသို့ အိပ်တန်းတက်ရာနှင့် အိပ်တန်းမှ ဆင်းရာတို့တွင် ဆူညံစွာ တွန်လေ့ရှိခြင်းဖြစ်သည်။[၃]

အစားအစာ[ပြင်ဆင်ရန်]

ဒေါင်းများသည် အစုံစားသတ္တဝါများဖြစ်ပြီး အပင်အစိတ်အပိုင်းများ၊ အခွံမာသီးများ၊ အင်းဆက်များနှင့် ကျောရိုးရှိ၊ ကျောရိုးမဲ့ အသေးစား တွားသွား သတ္တဝါများကို စားသုံးလေ့ရှိသည်။ ဥဒေါင်းသည် စပါးကောက်နှံ၊ ပက်ကျိနှင့် အရည်ရွမ်းသော အပင်မျိုးကို စားသောက်တတ်ကြသည်။ အခြားသော ဒေါင်းမျိုးစုများကဲ့သို့ အဆိပ်ရှိသောမြွေများကိုလည်း ဖမ်းယူစားသောက်နိုင်သည်။ ဥဒေါင်းသည် သစ်ပင်ပေါ်၌ဖြစ်စေ၊ မြေပြင်ချုံကွယ်ပေါ်၌ ဖြစ်စေ နေတတ်ကြသည်။ ခြများ၊ ပန်းပွင့်ချပ်များ၊ အရွက်နုများ၊ ဘယ်ရီးသီးများသည် အရွယ်ရောက်ပြီးသော ဥဒေါင်းများအတွက် အကြိုက်ဆုံးအစားအစာများဖြစ်သည်။ အသိုက်ကို မြေကြီး ပေါ်၌ လည်းကောင်း၊ နိမ့်နိမ့်တွင် ရှိသော သစ်ကိုင်းများပေါ်၌ လည်းကောင်း ခပ်ကြမ်းကြမ်း ပြုလုပ်လေ့ရှိလေသည်။

မျိုးပွားခြင်း[ပြင်ဆင်ရန်]

ဥဒေါင်းမသည် တစ်ကြိမ်လျှင် အညိုရောင်အဆင်းရှိသော ဥပေါင်း သုံးဥမှ ငါးဥအထိ အုလေ့ရှိပြီးလျှင် တစ်ခါတစ်ရံတွင် ရှစ်ဥအထိ အုတတ်သည်။ ဥဒေါင်းသည် ဂယ်လီဖော်မီးမျိုးစဉ်တွင် ဖာဆီယန်နိဒီး မျိုးရင်း၌ ပါဝင်လေသည်။ ယင်း၏အမည်မှာ ပါဏဗေဒ အလိုအားဖြင့် ပေဗို မူတီကပ် မူတီကပ် ဟုခေါ်သည်။[၇]

ဒေါင်းနှင့်ဆိုင်သော အထင်ကရ ရှေးရိုးယုံကြည်မှုများ[ပြင်ဆင်ရန်]

ရှေးဂရိလူမျိုးများ၏ ယုံကြည်မှုအရ ဒေါင်း၏အသားသည် သေဆုံးပြီးနောက် မပုပ်သိုးဟု သတ်မှတ်သောကြောင့် ဒေါင်းသည် ထာ၀ရရှင်သန်မှု၏ သင်္ကေတဖြစ်လာသည်။ ဟိန္ဒူယဉ်ကျေးမှုအရမှု Kartikeya ခေါ် စစ်နတ်ဘုရား၏ အကာအကွယ် စစ်လက်နက် ဖြစ်နေရပြန်သည်။

ပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2018). "Pavo muticus". IUCN Red List of Threatened Species 2018. IUCN. 
  2. Burma: historical flags
  3. ၃.၀ ၃.၁ Pavo muticus (PDF)Threatened birds of Asia: the BirdLife International Red Data Book (အစီရင်ခံစာ)။ Cambridge, UK: BirdLife International။ 2006။ pp. 1052–1087။ 22 July 2011 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး27 October 2021 တွင် ပြန်စစ်ပြီး
  4. Brickle, Nick W. (2002). "Habitat use, predicted distribution and conservation of green peafowl (Pavo muticus) in Dak Lak Province, Vietnam". Biological Conservation 105 (2): 189–197. doi:10.1016/S0006-3207(01)00182-3. 
  5. Brickle၊ N.W.; Cu၊ Nguyen; Quynh၊ Ha Quy; Cuong၊ Nguyen Thai Tu; San၊ Hoang Van (1998)။ The Status and Distribution of Green Peafowl Pavo muticus in Dak Lak Province, Vietnam (PDF) (အစီရင်ခံစာ)။ Hanoi, Vietnam: BirdLife International - Vietnam Programme။ doi:10.1016/S0006-3207(01)00182-3
  6. Grimmett၊ R.; Inskipp၊ C.; Inskipp၊ T. (1999)။ Birds of India: Pakistan, Nepal, Bangladesh, Bhutan, Sri Lanka, and the Maldives။ Princeton University Press။ ISBN 0-691-04910-6။ 9 စက်တင်ဘာ 2006 တွင် မူရင်း အား မော်ကွန်းတင်ပြီး။
  7. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၁)။ "ဥဒေါင်း"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်