ဥတ္တမ၊ ဦး ဆရာတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးဥတ္တမ

မြန်မာအမျိုးသား ဝံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်ထူးကား ဆရာတော်ဦးဥတ္တမပင် ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက် ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဦးဥတ္တမ ပင်ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဆရာတော် အသျှင်ဦးဥတ္တမအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ် အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၈) ရက်၊ (၁၂၄၁ ခု ပြာသိုလပြည့် ကျော် ၁ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းများမှာ (၁) ပေါ်ထွန်းအောင်၊ (၂) ကျော်ထွန်းအောင်၊ (၃) မအိမ်စိုး တို့ဖြစ်သည်။ သားအကြီးဆုံး ပေါ်ထွန်းအောင်မှာ အသျှင်ဦးဥတ္တမ လောင်းလျာပင်ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင် သည် နောင်အခါတွင် ““ရှင်အရိယ”” ဟူသော ဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။ ပေါ်ထွန်းအောင် (၉)နှစ်အရွယ်သို့ ရောက်သောအခါ ညီဖြစ်သူ ကျော်ထွန်းအောင်မှာ (၆)နှစ်အရွယ် ရှိသည်။ ညီအစ်ကိုနှစ်ယောက် အင်္ဂလိပ်စာ သင်ကြား လို၍ မိဘများကို ပူဆာကြသည်။ မရသဖြင့် အိမ်မှ ထွက်ပြေးခဲ့ကြသည်။ မိဘများလိုက်ရှာကြရာ (၁၅)ရက်ခန့်ကြာမှ သစ်ပင်တစ်ပင်အောက်၌ ညီအစ်ကိုနှစ်ယောက်ကို ပြန်တွေ့သည်။

မိဘများက ကလေးနှစ်ယောက် ဆန္ဒပြည့်ဝအောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့ဆောင် အပ်နှံကြသည်။ ကျောင်းအပ်သည့်အခါ ထုံးစံအတိုင်း သူငယ်တန်းတွင် ထားလေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုရန် ပြောဆိုသည်။ ဆရာကြီးက အရည်အချင်းကို သိလို၍ တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလေသည်။ ပေါ်ထွန်းအောင်က အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးမှာ အံ့ဩသွားသည်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်း သူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်သည်။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူ၏မိဘများပင် မသိဟု ဆိုသည်။ ကျောင်းအုပ် ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့သည်။

ကျောင်းနေ၍ (၂)နှစ်မျှ ကြာသောအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ပြီး ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်သည်။ အတန်းတင်စာမေးပွဲ ပြီးဆုံးသောအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီးကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။ ပေါ်ထွန်းအောင်မှာ ဆုကိုယူသော်လည်း ဝမ်းသာမှု မရှိခဲ့ချေ။ ညီကိုခေါ်၍ စစ်တွေမြို့ ကမ်းနားဘက်သို့ ထွက်သွားကြသည်။ ကမ်းနားသို့ရောက်သောအခါ ရရှိခဲ့သော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ဤသို့ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား “ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့”ဟု ဆိုလေသည်။ ပေါ်ထွန်းအောင်၏ စိတ်ထားကား တကယ်ပင် မြင့်မားလှ၏။

ပေါ်ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနေစဉ် အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက မွေးစားလိုသော်လည်း မိဘများက မထည့်၍ ကာလကတ္တားသို့ မလိုက်ခဲ့ရပေ။ ပေါ်ထွန်းအောင်မှာ တိုင်းတစ်ပါးတွင် ပညာသင်လိုစိတ်ရှိ၏။ ထို့ကြောင့် ဖခင်ဖြစ်သူအား “ဖေဖေ မေမေတို့ မလွှတ်ပေမယ့် တစ်နေ့ကျ ကျွန်တော် ထွက်ပြေးပြီး နိုင်ငံခြားမှာ ပညာသင်မှာပဲ”ဟု တစ်ခါက ပြောဖူးသည်။ (၁၃)နှစ်သားသို့ ရောက်လာသော အခါ ပေါ်ထွန်းအောင်သည် နိုင်ငံခြားသို့ ပညာသင်ကြားရေးကို အထူးအာရုံစိုက်လာသည်။ ငွေရှိလျှင် ပညာသွားသင် နိုင်သည်ဟု ယုံကြည်ချက်ဖြင့် မိခင်ဘက်မှ တော်စပ်သော ဦးရီး၏ ဈေးဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ငွေများကို စုဆောင်းခဲ့သည်။

ကြံရွယ်သည့်အတိုင်း မဖြစ်ခဲ့၍ ပေါ်ထွန်းအောင်သည် ဦးရီးထံတွင်လည်း မနေ၊ မိဘများထံသို့လည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပေ သင်ကြားမှုတွင် ထိုအခါက အကျော်အစောဖြစ်သော ရွှေစေတီကျောင်း ဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဖိုးသူတော်အဖြစ်ဖြင့် မင်္ဂလသုတ်မှစ၊ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးတန်း ကုန်အောင် သင်ယူခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်မှ မိဘများက ရှင်သာမဏေဝတ်ပေးသဖြင့် “ရှင်ဥတ္တမ”ဟု တွင်သည်။ ရှင်ဥတ္တမသည် နက်နဲကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက် ကြီးတွင် သွားရောက် ပညာသင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓားတောင်ဆရာတော် ဦးဂန္ဓာနှင့် လိုက်သွားသည်။

ရဟန်းခံ[ပြင်​ဆင်​ရန်​]

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ ရောက်သည်။ ဦးဥတ္တမသည် တောင်ငူတွင် ရှင်သာဏေ စာပြန်ပွဲတစ်ခုကို ဝင်ရောက်ဖြေဆိုရာ ပထမရရှိခဲ့သည်။ သို့ကလို စာတော်သည့် သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကာ ကာလာကတ္တား မြို့သို့ပို့၍ ပညာသင်ကြားစေသည်။ ကာလကတ္တားမြို့တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀)တန်းအဆင့်ကို အောင်မြင်ခဲ့၍ မြန်မာပြည်သို့ ပြန်လာ၏။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့သွား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဦးဥတ္တမအား တွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္ဇင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နှင့် (၂)လ ရှိပြီဖြစ်သည်။

အိန္ဒိယတွင် လေ့လာခြင်း[ပြင်​ဆင်​ရန်​]

အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ သွားပြန်သည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယနိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌ တကြွကြွဖြစ်ပေါ်လာလေ၏။ အမျိုးသား စိတ်ဓာတ်လည်း အတောမသတ် ရင့်သန်ခဲ့၏။ ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ် တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့် သင်္ကရိုက်ဘာသာ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းများကို သင်ကြားပြန်သည်။

အိန္ဒိယနိုင်ငံတွင်နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။

ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးမှာ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်းကြီးပြီးလှျင် ဒုတိယအင်အားအကြီးဆုံး အသင်းအဖွဲ့ကြီးဖြစ်သည်။ ကွန်ဂရက်အသင်းကြီးမှာ အိန္ဒိယလူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးအသင်းဖြစ်ပြီး ဟိန္ဒူ မဟာဆပ်ဗာအသင်းကြီးမှာမူ ဟိန္ဒူဘာသာကိုးကွယ်ကြသူများသာ ပါဝင်သည့် ဘာသာရေးအသင်းကြီး ဖြစ်သည်။

ဥရောပတွင် ပညာသင်ခြင်း[ပြင်​ဆင်​ရန်​]

ဆရာတော် ဦးဥတ္တမသည် အိန္ဒိယပြည်တွင် (၈)နှစ်ကြာမှျ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွား လေသည်။ (၁၉၀၄-၀၅)၌ ဂျပန်ကဲ့သို့ နိုင်ငံငယ်လေးများက ရုရှားကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်ကို အတော်အထင်ကြီးသွားသည့်အလျောက် စုဆောင်းထားသောငွေနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ၁၉၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။

ဂျပန်သို့ သွားခြင်း[ပြင်​ဆင်​ရန်​]

ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ဝါတော်မှာ ကိုးဝါမှျရှိခဲ့ပြီဖြစ်သည်။ တတ်ကျွမ်းသော ဘာသာရပ်များမှာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ တို့ဖြစ်သည်။

ဆွန်ယက်ဆင်ကို တရားဟောခြင်း[ပြင်​ဆင်​ရန်​]

ဆရာတော် ဦးဥတ္တမ ဂျပန်ပြည်ရောက်သွားချိန်၌ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရှိနေသည်။ တရုတ်ကျောင်းသားများလည်း ဂျပန်ပြည်တွင် အများအပြား ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမထံလာ၍ ဩဝါဒခံယူကြသည်။ ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည် လွတ်မြောက်ရေးကို မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြသည်။

တရုတ်ကျောင်းသားများသည် ဦးဥတ္တမကို လေးစားကြည်ညိုသွားကြပြီးလျှင် ထိုအချိန်က တရုတ်ပြည်လွတ်မြောက်ရေးကို ဂျပန်ပြည်၌ အခြေချလျက် ကြိုးပမ်းနေသော သူတို့ခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင်အား ဦးဥတ္တမအကြောင်းကို ပြောပြလေသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဆရာတော် ဦးဥတ္တမအကြောင်းကို ကြားသိရသည်ဖြစ်၍ ဦးဥတ္တမထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဦးဥတ္တမနှင့် စကားဆွေးနွေး ပြောကြည့်သောအခါ ဦးဥတ္တမအပေါ်တွင် အထူးလေးစားမှုရှိသွား သည်ဖြစ်၍ ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်လေသည်။

ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။

ထိုခေတ် ထိုအခါက မြန်မာလူမျိုးတစ်ဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွား လာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းများကို ပြုလုပ်နိုင်သူမှာ အံ့ချီးဖွယ်ရာပင် ဖြစ်လေသည်။ ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်မျှသာယူပြီး စေတနာ ဖြင့် ပြသခဲ့သည်။ ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။

မြင်ကွန်းမင်းသားကြီးကို တရားဟောခြင်း[ပြင်​ဆင်​ရန်​]

ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက “အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး”ဟု လျှောက်ထားရာ ဆရာတော်က “ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ”ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

ဝိုင်အမ်ဘီအေကို ကူညီခြင်း[ပြင်​ဆင်​ရန်​]

ထို့နောက် ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်တော်မူသည်။ ဆရာတော် ဦးဥတ္တမ ပြန်၍ ကြွလာသောအခါ မြန်မာပြည်သည် ဝိုင်အမ်ဘီအေအသင်း (ဗုဒ္ဓဘာသာ ကလျာဏယူဝအသင်း)က နိုင်ငံရေးလုပ်ငန်း များကို စတင်လုပ်ကိုင်နေပြီ ဖြစ်သဖြင့် ဦးဥတ္တမလည်း ကူညီဝင်ရောက်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေ သည်။ ဝိုင်အမ်ဘီအေ ၁ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို (၁၉၀၆) ခု၊ မေလ (၁၀) ရက်၊ ကြာသပတေး၊ မြန်မာသက္ကရာဇ် (၁၂၆၈) ခု၊ ကဆုန်လပြည့်ကျော် (၄) ရက်တွင် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသော လူငယ်များ ဖြစ်ကြသည့် ဦးဘဖေ၊ အမ်အေမောင်ကြီး၊ ပန်းကန်စက်ဦးသော် နှင့် ဒေါက်တာ ဦးဘရင်တို့က ရန်ကုန်မြို့ (၂၈)လမ်း၊ အိမ်အမှတ် (၆၈)၊ ကိုမောင်ကြီးအိမ်တွင် စတင်တည်ထောင်ခဲ့ကြသည်။

နောက်ပိုင်းတွင် ခေတ်ပညာတတ်လူငယ်များဖြစ်သော ဦးပု၊ ဦးသိမ်းမောင်၊ ဦးစု၊ ဦးမေအောင်၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘစီ၊ ဦးသင်းမောင်၊ ဦးဘလှိုင်၊ ဦးစိန်လှအောင် စသူတို့လည်း အသင်းကြီးတွင် ဝင်ရောက်ဆောင်ရွက်လာခဲ့ကြသည်။ ၂ ဦးဥတ္တမ ဂျပန်ပြည်မှ ပြန်ရောက်ချိန်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှာ အတော်အသင့် ကြီးပွားတိုးတက်နေလေပြီ။ ဝိုင်အမ်ဘီအေ အသင်းသူ အသင်းသား များကလည်း ဆရာတော်အား အထူးစိတ်ဝင်စားကြသည်။ မြန်မာထဲမှ ဘာသာစုံတတ်ကျွမ်းသော ပုဂ္ဂိုလ်ထူးဖြစ်၍လည်း အထူးကြည်ညိုကြသည်။ ဂျပန်ပြည်တွင် ပါမောက္ခလုပ်ခဲ့သူဖြစ်သောကြောင့် ပိုမိုလေးစားသည်။

မြန်မာ အမျိုးသားနိုင်ငံရေးတွင် စတင်ဦးဆောင်သူ[ပြင်​ဆင်​ရန်​]

ဆရာတော်ဦးဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လှျင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ်ရှိ သမိုင်းမြို့ (ယခု မရမ်းကုန်းမြို့နယ်)ရှိ အိမ်တစ်အိမ်တွင် သီးသန့် သီတင်းသုံး၍ နေရှာသည်။

ထိုအခါ သူရိယသတင်းစာသည် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများ အထူးတလည် ထောက်ခံအားပေးသည့်အပြင် ဆရာတော်၏ အပြုအမူမှာ မှန်ကန်ကြောင်းကို နေ့စဉ်လိုလိုပင် ရေးသားခဲ့ကြသည်။ ဤသို့ တစ်စတစ်စ လူသိများ၍ ဆရာတော် တရားပွဲများသို့ သွားရောက်၍ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော်သည် များသောအားဖြင့် သူရိယ သတင်းစာတိုက်တွင်သာ သီတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေးလုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ ရှေ့ပြေးဖြစ်သော ဦးဘဘေ၊ ဦးလှဘေ စသော ပုဂ္ဂိုလ်များက အားပေး၏။ ၎င်းတို့၏ လုံ့လကြောင့် သူရိယသတင်းစာ တိုက်၏ အကူအညီဖြင့် တိုင်းသူပြည်သားများ မျက်စိပွင့်လင်း၍လာလေသည်။ သို့ဖြစ်ရာ သူရိယသတင်းစာ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ထိုက်ပေသည်။

ဂျပန်တို့၏ အပြုအမူကောင်းများကို အတူယူရန် နိုးဆော်ခြင်း[ပြင်​ဆင်​ရန်​]

သို့ကလို ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက် (၁၉၁၂) ခုနှစ်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။ နှမဖြစ်သူ ဒေါ်အိမ်စိုးနှင့် မြန်မာလူငယ် သုံးယောက်တို့ကိုပါ ခေါ်သွားကာ ပညာသင်ကြားစေသည်။ (၁၉၁၂) ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပြန်ကြွသွားပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၁၇) ရက် နေ့စွဲပါ စာတွင်-

“ဂျပန်အိမ်တို့သည် စက္ကူအိမ်များ ဖြစ်သည့်အတွက် အမည်းနေရာ၊ အဖြူနေရာ၊ အဝါနေရာရှိသည်။ ထိုနေရာ တွင် မြေဖြူနှင့်ဖြစ်စေ၊ ခဲတံနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မရေးရ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ရေးခြင်းကို အလွန် တရာ အလေ့အထရှိကြသည်။ မြန်မာပြည်၌ အိမ်တံခါးပိတ်၍သော်လည်းကောင်း၊ ထရံ၌သော်လည်းကောင်း၊ စားပွဲခုံ၌သော်လည်းကောင်း၊ စာသင်ကျောင်း၌ သော်လည်းကောင်း၊ ဘုန်းကြီးကျောင်း၌သော်လည်းကောင်း၊ မီးရထားတွဲ ပေါ်၌သော်လည်းကောင်း၊ ရေအိမ်၌သော်လည်းကောင်း၊ သာလာယံဇရပ်၌သော်လည်းကောင်း မြေဖြူနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မကောင်းသော အခြင်းအရာ၊ ရိုင်းပျသော စာသားများကို ရေး၍ထားတတ်ကြသည်။ ယင်းသည် မကောင်းသော အကျင့်စာရိတ္တဖြစ်ကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်တွင် မြူနီစီပါယ်အဖွဲ့က ဦးဆောင်၍ တိုကျိုမြို့၏ သန့်ရှင်းရေးလုပ်ဆောင်ပုံကို မေလ (၂၁) ရက် နေ့စွဲပါ စာတွင်-

မေလ (၇) ရက်နေ့ကျသောအခါ တိုကျိုမြို့ (မြူနီစီပါယ်) အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို ကောင်းစွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း။ ဤဂျပန်တစ်ပြည်လုံးတွင် နှစ်နှစ်တစ်ခါ မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း ကွာတာတစ်ခု၊ အရပ် တစ်ရပ်ကို သန့်ရှင်း ရကြောင်း၊ ထိုသို့ သန့်ရှင်းသောအခါ ဝန်စည်စလည် ပစ္စည်းသေတ္တာများ၊ ဖျာများ၊ အသုံးအဆောင် အစခပ်သိမ်း တို့ကို လမ်းပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊ ပုလိပ်သားများနှင့် သန့်ရှင်းရေး ကြီးကြပ်သူများ လာပြီးလျှင် အိမ်းတွင်းကို ဝင်ပြီး အညစ်အကြေးရှိသည်၊ မရှိသည်၊ သန့်ရှင်းသည်၊ မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက ဤအိမ်သည် ဤနှစ်အတွက် သန့်ရှင်း၍ စစ်ဆေးပြီးကြောင်းကို အိမ်တံခါးဝ တွင် စက္ကူကလေးတစ်ခု ကပ်၍သွားကြောင်း။ ထိုကဲ့သို့ အိမ်ကို ကောင်းမွန်စွာ သန့်ရှင်းရခြင်း၏ အကြောင်းကား အညစ်အကြေး မရှိ၍ လူများ ကျန်းမာစွာရှိလေအောင် ရောဂါဆိုး၊ အနာဆိုး မဖြစ်လေအောင် ပုလိပ်ရောဂါ မဖြစ် ရအောင် ကြည့်ရှုစောင်မ စောင့်ရှောက်ရကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်ရှိ ကျောင်းသူကျောင်းသားတို့အကြောင်း မေလ (၂၁)ရက် နေ့စွဲပါ အခြားစာ တစ်စောင် တွင်-

“ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ခြောက်နှစ်စေ့၍ ဏမငာမေပ ှခ့သသူ (မူလတန်း စာသင်ကျောင်း)မှာ သင်လျှင် ထိုလူကလေး မိန်းကလေးတို့သည် ညကို (၁၀) နာရီမှအိပ်၍ မနက် (၅) နာရီကို အိပ်ရာက ထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္ဇင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်အနေ၊ အစားအသောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်းမူလ ဖြစ်ဟန်ရှိကြောင်း” ဟူ၍ စာသုံးစောင်တွင် ဂျပန်၏ အလေ့အထ၊ သန့်ရှင်းရေး၊ စည်းကမ်းပုံတို့ကို အတိအလင်း ကိုယ်တွေ့ ရေးသားထားလေသည်။ ၄ ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်ကြွလာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံး နေထိုင်တော်မူပြီး “ဂျပန်ပြည်အကြောင်း” စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။

ဆရာတော်၏စာအုပ်၌ ဂျပန်ပြည်အကြောင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားသည်။

ရဟန္တာကို ရှာဖွေရန် ကြိုးစားခြင်း[ပြင်​ဆင်​ရန်​]

ငါတို့ ဗုဒ္ဓဘာသာ သာသနာတော်သည် ရှေးအခါက အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် အလွန်တရာကြီးပွား၍ ယခုအခါ ဘယ့်အတွက်ကြောင့် ဗုဒ္ဓဘာသာတရားကို မကိုးကွယ်ကြလေသနည်း။ မိမိတို့ ဗုဒ္ဓဘာသာတရားတော်သည် နှစ်ပေါင်း (၂၀၀၀)ကျော် ကာလက တည်ဘိသကဲ့သို့ ယခုလည်း တည်စေလိုသော ဆန္ဒဖြင့် အိန္ဒိယနိုင်ငံသို့ သွား၍ ထိုသူတို့၏ ဘာသာ၊ အယူဝါဒ၊ ထုံးစံ၊ စည်းကမ်းနည်းလမ်းတို့ကို သင်ယူပြီးလျှင် လေ့လာတတ်မြောက်၍ ရှင်တော် ဘုရား၏ တရားတော်မြတ်ကို ဟော၍နေသည့်အတွင်း တိဗက်နိုင်ငံတွင် ရဟန္တာရှိသည်ဟု ကြားရသဖြင့် ထိုနိုင်ငံသို့ သွားလိုသောဆန္ဒဖြင့် ဟိမဝန္တာတောင်ခြေရင်း၌ တည်ရှိသော ဒါဂျီလင်မြို့သွား၍ တိဗက်သို့ သွားရ၊ မသွားရ စုံစမ်းကြည့်ရာ တိဗက်ဘာသာစကားတတ်လျှင် သွားနိုင်သည်ဟု သိရသောကြောင့် မေလတွင် စ၍သင်သည်။ နိုဝင်ဘာလကျသောအခါ အလွန်အေးချမ်းလှသဖြင့် ကာလကတ္တား (ယခု ကိုးလ်ကတ္တား)သို့ ပြန်လာခဲ့သည်။

ဧပြီကျသော် တစ်ခါသွား၍ သင်ကြား၊ အနည်းငယ် ပြောတတ်ဆိုတတ်သောအခါ တိဗက်သို့ ဒါဂျီလင်မှ သွား၏။ နယ်ခြားသို့ ရောက်သောအခါ မဝင်ရဆို၍ ပြန်လာပြီးလျှင် ကရိမာယာ (ကသီရ)နိုင်ငံသို့ သွားပြန်၏။ ထိုနိုင်ငံက ဆာရီနာဂရမြို့နှင့် (၁၅)ရက်ခရီးခန့် ကွာဝေးသော လဒတ်မြို့သို့ ဝင်ရအောင် သွားရောက်ပြန်သည်။ မဝင်ရဟု တားမြစ်သည့်အတွက် စိတ်ပျက်ပြီးလျှင် အိန္ဒိယနိုင်ငံအတွင်းနှင့် ရှေးက အလွန်တရာကြီးကျယ်သော အီဂျစ်နှင့် ပြင်သစ်နိုင်ငံ ဥရောပနိုင်ငံတို့သို့ လှည့်လည်၍ သွားလာနေစဉ်အတွင်း ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ စစ်ပြိုင်၍တိုက်ကြရာ စစ်တိုက်သောနေ့ကစ၍ စစ်ပွဲပြီးသည့်တိုင်အောင် ဂျပန်လူမျိုးတို့သည် အရေးသာလျက် ရုရှား လူမျိုးတို့ကို နိုင်နင်းကြောင်းကို သတင်းစာ အစောင်စောင်တို့တွင် တွေ့မြင်ရ၍ ရှေးအခါက ရာဇဝင်၊ မဟာဝင်တို့တွင် အပါအဝင်မဟုတ်သော နိုင်ငံ၏ အရေအတွက်တွင် မသွင်းသော အာရှတိုက်အရှေ့ဘက်က ဆီမီးခွက်လောက် ဂျပန်က ရုရှားကိုနိုင်ကြောင်း။ ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ကို ယှဉ်၍ကြည့်လိုက်သော် ဂျပန်တို့က လူပုလူငယ်၊ ရုရှားတို့က ဂျပန်ထက် ခွန်အားဗလ ပြည့်စုံကြောင်း၊ သို့ပါလျက် ဂျပန်သည် ရုရှားလူမျိုးတို့ကို စစ်ပြိုင်တိုက်လျက် အဘယ့်ကြောင့် နိုင်သနည်းဟု အံ့ဩခြင်းဖြစ်ပြီးလှျင် ယခုအခါ ငါတို့သည် သူတကာထက် အစစအရာရာတွင် အောက်ကျနေသည့် အတွက် ငါတို့ဘာသာတရားသည်လည်း ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်။

ဂျပန်တွင် လေ့လာခြင်း[ပြင်​ဆင်​ရန်​]

ငါတို့နိုင်ငံ၊ ငါတို့မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင်တော်ဘုရား၏ သာသနာတော်သည် လည်း ကြီးပွားကျော်ဇော၍ ကမ္ဘာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာနိုင်မည်ဟု အထင်ရှိ၍ ဂျပန်လူမျိုးတို့၏ လုံ့လ၊ ဝီရိယ၊ စည်းကမ်းနည်းလမ်း၊ ထုံးစံ ဘာသာ အယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉၁၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာ၍ ထိုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ရန်ကုန်က စင်ကာပူမြို့သို့ သင်္ဘောစီး၍ ထွက်ခွာ၏။ ထိုမှတစ်ဖန် (၁၀) ရက်နေ့ ဂျပန်ကျွန်းကြီးသို့ သင်္ဘောစီး၍ ထွက်ခွာရာ ယိုကိုဟားမားဆိပ်ကမ်းသို့ မတ်လ (၁၇) ရက်နေ့ရောက်ကြောင်း၊ နေရထိုင်ရတာများကို စုံစမ်းလိုက်သော် မြန်မာပြည်က ရဟန်းတော်များကဲ့သို့ ဆွမ်းခံစား၍မရ၊ တခြား ဥရောပတိုက်သား တရားဟောဆရာ တို့ကဲ့သို့ ထောက်ပံ့ကြည့်ရှုသော အသင်းများလည်း မရှိ၊ သို့သော် မိမိပညာကို အားကိုး၍ အိန္ဒိယနိုင်ငံမှာပင် တစ်စုံ တစ်ယောက် ထောက်ပံ့သောသူ မရှိဘဲလျက် ရှစ်နှစ်ကျော်မှျ နေထိုင်ခဲ့သည်။

ဤ ဂျပန်ပြည်မှာလည်း နေထိုင်အောင် ကြံသည်ဟူသော ဆန္ဒဖြင့် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော် ကြီးတွင် အကြီးဥက္ကဋ္ဌဖြစ်သော အမတ်ကြီး အိုတာမီထံ ဦးပဉ္ဇင်းသည် ရဟန်းဝါ (၉) ဝါရ၍ အင်္ဂလိပ်ဘာသာနှင့်တကွ ပါဠိဘာသာ၊ သင်္ကရိုက်ဘာသာ၊ ဘင်္ဂလီ၊ နာဂရီ အားလုံး ရှစ်ဘာသာကို စာနှင့်တကွ တတ်မြောက်၍ အမတ်ကြီး၏ သိပ္ပံကျောင်းတွင် အသုံးပြုလိုပါက ဦးပ ဉ္စင်းကို အကြောင်းကြားပါဟု စာပေးလိုက်ရာ နှစ်ရက်နေပြီးမှ စာပြန်လေသည်။ စာနှင့် ကိုယ်တော်ကြွလာခဲ့ပါ။ ကိုယ်တော် ဂျပန်စာနှင့် စကား အယူဝါဒ၊ ဓလေ့ထုံးစံများကို သင်ပါ။ သင်နေသည့် အတွင်း စရိတ်စကကို ကျွန်တော်က ခံယူပါမည်ဟု ဆို၍ ကြွသွားသောအခါ အင်္ဂလိပ်စာတတ်သော ဂျပန်တစ်ယောက် ကို အပ်လျက် သင်ပြစေပါသည်။ တစ်နှစ်သင်ပြီးလှျင် ဂျပန်စာကို ဘာသာစကားနှင့်တကွ စာမေးပွဲဝင်၍ အောင်မြင် သည်။

ထို့နောက် တက္ကသိုလ်တွင် ပါဠိနှင့် သင်္ကရိုက်ဘာသာ ပရော်ဖက်ဆာအဖြစ် ခန့်အပ်၍ အခြားဆရာများ နည်းတူ လခကို ပေးမည်ဟုပြော၏။ ခင်ဗျား ကျေးဇူးအလွန်ကြီးပါတယ်။ လစာ မယူပါရစေနှင့်။ ရှေးကကဲ့သို့ပင် ကြည့်ရှုထောက်ပံ့ပါ။ ဦးပဉ္စင်းသည် ထိုသိပ္ပံကျောင်းတော်တွင် (၂)နှစ်ကျော်လောက် ပြပြီးနောက် မိမိမွေးရပ်ဌာနေသို့ မရောက်သည်မှာ ကြာပြီဖြစ်၍ ပြန်ဦးမည်အကြံဖြင့် အမတ်ကြီးကိုပြောရာ စရိတ်ဘယ်လောက် အလိုရှိပါသနည်းဟု မေး၏။ ဦးပ ဉ္စင်းက ယခု မြန်မာပြည်သို့အပြန်တွင် ကိုရီးယား၊ မန်ချူးရီးယားပြည်၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံတို့ကို လှည့်လည်၍ ပြန်လိုကြောင်း ပြောသောအခါ ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကို တွက်၍ပေးလိုက်သည်။ ဂျပန်မှ (၁၉၁၀) ပြည့်နှစ်တွင် ထွက်လာကြောင်း၊ (၁၉၁၁) ခုနှစ်တွင် မြန်မာပြည်သို့ရောက်ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဥတ္တမ ရေးသားထားသော “ဂျပန်ပြည်အကြောင်း” စာအုပ်တွင် ဖော်ပြပါရှိသည့် စာပိုဒ်များကို ဖတ်ရှုခြင်းဖြင့် ဆရာတော် ဦးဥတ္တမသည် မြင့်မားသော ရည်ရွယ်ချက်ဖြင့် မည်သို့မည်ပုံ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည် ဆိုသည်ကို သိရှိနိုင်ပေသည်။

လူမျိုးပေါင်းစုံက လေးစား[ပြင်​ဆင်​ရန်​]

သူရိယသတင်းစာမှနေ၍လည်း အမျိုးကို စောင့်ရှောက်ရမည့် ဝံသာနုရက္ခိတ တရားများကို လှုံ့ဆော်ရေးသား ခဲ့သည်။ ယင်းနောက် ကမာရွတ်တွင် တစ်ပါးတည်း သီတင်းသုံးကာ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောမှု ပြုခဲ့သည်။ ထိုစဉ်က ဆရာတော်အား တရားဟောသောအခါ ကားမရှိလှျင် ထမ်းစင် (ဝေါ)ဖြင့် လူမျိုးပေါင်းစုံထမ်း၍ တရားဟောစင်မြင့်ပေါ်သို့ အရောက်ပို့ဆောင်ပေးကြသည်။

၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ထိုစဉ်က ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကျောင်းသားများ သပတ်မှောက်စဉ်က ဆရာတော်မှာ ကာလကတ္တားမြို့သို့ ခေတ္တကြွရောက်နေသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုက်နက် မီရာ သင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။ ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗမာ့ခေတ် သတင်းထောက် ဦးဘရင်သည် သူရေးသားသော “ဆရာတော်ဦးဥတ္တမ” စာအုပ် စာမျက်နှာ (၄၂)တွင် ဤသို့ ရေးသား ဖော်ပြခဲ့သည်။

“(၁၉၂၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလတွင် ဦးဥတ္တမ ကာလကတ္တားတွင် ရောက်ရှိနေ၏။ ထိုနှစ်က ဦးဥတ္တမ၏ ဦးရီးတော်ဖြစ်သူ စစ်တွေ့မြို့မှ ဦးချစ်ခိုင်နှင့် ဇနီး မစံလှဖြူတို့သည် မျက်စိရောဂါကုသရန် ကာလကတ္တားသို့ ခေတ္တ သွားကြသည်။ ထိုအခါတွင် ဦးဥတ္တမ၏ညီ ကျော်ထွန်းအောင်သည်လည်း ပါသွားလျက် ကာလကတ္တားမြို့ ရခိုင်ပွဲစား တစ်ဦး၏အိမ်တွင် တည်းခိုနေထိုင်ကြသည်။

တစ်နေ့သောအခါ ဆရာတော် ဦးဥတ္တမသည် ကြေးနန်းစာရွက်ကလေးတစ်ခုကို ကိုင်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ပွဲစားအိမ်သို့ ကြွလာသည်။ ဒွေးတော်သူ မစံလှဖြူက “အလို- ဦးပဉ္ဇင်း ဒီတစ်ခါ ရယ်လို့မောလို့၊ ဘာများ သဘောကျပြီး ပြန်လာသလဲ”ဟု ဆီး၍လျှောက်ထားလေသည်။

“ဒကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ဝမ်းသာအားရရှိတာနဲ့ ပြုံးလာတာပဲ”ဟု အမိန့် ရှိလေသည်။ ဒွေးတော်က “ဘာများဖြစ်လာသလဲ”ဟု မေးရာ ဦးဥတ္တမက “ငါတို့ ဗမာလူမျိုးတွေ လူနဲ့သူနဲ့ တူလာ ကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာပဲ”ဟု ဆို၏။

“အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ်ရှိနေသလား ဘုရား”

ဦးဥတ္တမက “လူစိတ်ရှိတယ်ဆိုတာ ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ-ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပ ဉ္ဇင်း ဆိုလိုတာပဲ။ ဟော- အခု ရန်ကုန်ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ္စကြီးမှာ ဦးပဉ္စင်းထံ အကြံ ဉဏ်တွေ ယူချင်လို့ ဦးပ ဉ္စင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ္စင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ္စင်း သေပျော်ပါပြီလို့ ပြောတာ”ဟု ရှင်းလင်းတော့မှပင် ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။”

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ (၁၂၉၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် သပိတ်မှောက်ခဲ့သည်။ ထိုသတင်းကြေးနန်းကို ရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မီရာသင်္ဘောဖြင့် ကြွလာပြီး ဝိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည် ဟူသတည်း။

ရန်ကုန်ကောလိပ် သပိတ်မှောက်ပြီးနောက် နယ်ချဲ့အစိုးရသည် မျိုးချစ်စိတ်နှိုးဆွရာ လက်နက်ကောင်းတစ်ခု ဖြစ်သော သတင်းစာများကို ပိတ်ပစ်ရန် အာမခံကြေးများ တောင်းခဲ့သည်။ အင်္ဂလိပ်ငွေ (၂၀၀၀)၊ (၃၀၀၀)၊ (၅၀၀၀) စသည်ဖြင့် အာမခံကြေးများ ပေးခဲ့ရရှာသည်။ ဂျာနယ်အချို့ကိုလည်း ပိတ်ပစ်လိုက်ရာ သူရိယ၊ မြန်မာ့အလင်း၊ ပညာ့အလင်းနှင့် ဗန္ဓုလဂျာနယ် (၄) စောင်သာ ကျန်ရစ်တော့သည်။

ကရက်ဒေါက် ထွက်သွား[ပြင်​ဆင်​ရန်​]

ထိုစဉ် ဝေလမင်းသား (နောက်နန်းစွန့် အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာမည်ဖြစ်ရာ ဝိုင်အမ် ဘီအေအသင်းမှ ကြီးမှူး၍ ဝေလမင်းသားကို မကြိုဆိုရန် သပိတ်မှောက်ကြသည်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျှင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘုရင်ခံ တင်းတင်းမာမာ ဆောင်ရွက်လာသောအခါ မြန်မာပြည်သူများ မကျေမနပ် ဖြစ်နေကြသော် လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဘုရင်ခံထံ စာတစ်စောင် ရေးပို့လိုက်လေသည်။ ထိုစာမှာ “ဆာရယ်ဂျီနယ်ကရက်ဒေါက်မင်း မြန်မာပြည်က ထွက်သွား” ဟူ၍ ဖြစ်လေသည်။ အဆိုပါ နှင်စာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြခဲ့ရာ တစ်တိုင်းတစ်ပြည်လုံး မျက်လုံးပြူး အံ့အားသင့်ခဲ့ ကြသည်။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရေးရဲသော အာဇာနည်ပုဂ္ဂိုလ်ထူး၏ စာကြောင့်ပင် ဖြစ်သောကြောင့်တည်း။

ဤစာကြောင့် မြန်မာလူမျိုးများအတွင်း၌ မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓာတ်ကို တပ်လှန့်နှိုးဆော်ပေးလိုက်သလို ဖြစ်သွားသည်။ မြန်မာလူမျိုးများ နိုးကြားထကြွလာကြသည်။ ဇာတိသွေး ဇာတိမာန် တက်ကြွလာသည်။ ထို့ပြင် ဤကဲ့သို့ ပြောနိုင်သော အခွင့်အရေးရှိသည်ဟူသော အချက်ကို မြန်မာလူမျိုးတို့အား နိုးကြားသိမြင်လာစေခဲ့လေသည်။ ၅ ထိုအချိန်က စတင်ခဲ့သော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသည် လွတ်လပ်ရေးရသည် အထိ တစ်စတစ်စ ရှင်သန်ကြီးထွားလာသည်။ ဆရာတော်သည် ထိုအချိန်ခန့်မှစ၍ တောရွာ၊ ကျေးလက်များသို့ ဆင်းကာ နိုင်ငံရေးတရားများ ဆက်တိုက်ဆိုသလို ဟောပြောတော်မူလေသည်။ ထိုအတွင်း ဆရာတော်သည် ရန်ကုန်နှင့် ကာလကတ္တားကို ကူးချည်သန်းချည် ပြုလုပ်လျက်ရှိသည်။ [၁]

အင်္ဂလိပ်အစိုးရက ဖမ်းဆီး[ပြင်​ဆင်​ရန်​]

ဦးဥတ္တမ

၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ဝံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “ဝံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်များဖြင့် ၎င်းအစုအဖွဲ့များကို လိုက်လံဖြိုခွင်းခဲ့လေသည်။

ဆရာတော်သည် နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်သည့်အတိုင်း သံဃာတော်များအား ကျောင်းတွင်သာ ကျိန်း၍ မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘဝသို့ သက်ဆင်းနေ၍ တိုင်းသူပြည်သားများ ကျွန်ဘဝရောက်နေကြောင်း၊ ကျွန်များကိုးကွယ်သော ဘာသာမှာလည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင်ဖြစ်ကြောင်း၊ ကျွန်ဘဝမှ လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့များ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခဲ့လေသည်။

သို့ကလို ဆရာတော်၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် ဆရာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရ ၁၉၂၁ ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသော ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦး၏ဖခင်) ဖြစ်သည်။

ဆရာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောဖြင့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးပြီး မအူပင်ထောင်၌ အကျဉ်းချခဲ့သည်။ ဆရာတော်သည် အကျဉ်းခံသည့်နေ့မှစ၍ သင်္ကန်းချွတ်၍ ထောင်အဝတ်ကို ဝတ်ဆင်ရသည်။ ထို့နောက် ဆရာတော်သည် ၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် လွတ်မြောက်ခဲ့ပြီးနောက် အစိုးရအား ဦးမညွွတ်ဘဲ ဆက်လက်၍ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။

ဤသို့ဖြင့် ဆရာတော်သည် ၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။ ဆရာတော်သည် ၁၉၂၇ ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ အမျိုးသားနိုးကြားရေးတရားများကို ဟောကြားရာ ၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဤသို့လျှင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ သူ့ကျွန်ဘဝတလျှောက် ပျံလွန်တော်မူသည့်တိုင်အောင် အကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရလေသည်။ ထို့နောက် ဆရာတော်သည် ကျန်းမာရေးချို့ယွင်းကာ ၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့လေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ဝါ ရှိပြီဖြစ်သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ဆေးရုံမှ ယူဆောင်၍ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း၌ ထား၍ ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နေ့ စက်တင်ဘာ (၁၁) ရက်နေ ့တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။ ဆရာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ပြည်သူလူထုတရပ်လုံးသည် ဆရာတော် မျှော်မှန်းခဲ့သည့် လုံးဝလွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့လေသည်။

ဂုဏ်ပြုခံရမှုများ[ပြင်​ဆင်​ရန်​]

ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားလေသည်။ ဂျပန်နို်င်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော် ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌လည်း ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစေသည်။

သို့ကလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားတို့ အမြဲတစေ သတိတရရှိစေရန်အတွက် စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄ရ ခု စက်တာဘာ (၉) ရက်နေ့တွင် အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ထို့အပြင် စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ခဲ့ကြသည်။ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ၁၉၆၃ ဇန်နဝါရီလ (၁၀) ရက် ကြာသပတေးနေ့၌ ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။

ရန်ကုန်မြို့တွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အနစ်နာခံကာ လူထုအား နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် ဆောင်ရွက်ခဲ့သော ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ကျရောက်တိုင်း ဦးဥတ္တမနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခဲ့လေသည်။

ပိတ်ပင်မှုများ[ပြင်​ဆင်​ရန်​]

ထို့နောက် ဦးနေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်၍ ဦးနေဝင်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ တပ်မတော်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်ထားသည်။[၂]

ဥတ္တမ၊ ဦး၊ ဆရာတော် (မြန်မာ ၁၂၄၁-၁၃ဝ၁)[ပြင်​ဆင်​ရန်​]

မြန်မာ နိုင်ငံတွင် ပထမဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ပုဂ္ဂိုလ်များ အနက် ဆရာတော်ဦးဥတ္တမလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဦးဥတ္တမကို မြန်မာသက္ကရာဇ် ၁၂၄၁ ခု ပြာသိုလပြည့် ကျော် ၁ ရက် တနင်္ဂနွေနေ့တွင် ရခိုင်ပြည်စစ်တွေမြို့ ရူပရပ်၌ ဦးမြ၊ ဒေါ်အောင်ကျော်တို့မှ ဖွားမြင်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင်ဖြစ်၍ ငယ်စဉ်ကပင် အပေါင်းအသင်းများကို ခေါင်းဆောင်လေ့ရှိသည်။

ပေါ်ထွန်းအောင်သည် စစ်တွေမြို့မူလတန်းကျောင်းတွင် ငါးတန်းအထိ ပညာသင်ယူသည်။ ထိုထက် ပိုမိုပညာသင်ကြား ပေးက သားဖြစ်သူနှင့်ခွဲနေရမည်ကို စိုးရိမ်သောမိခင်ဖြစ်သူက ကျောင်းဆက်မထားဘဲနေရာ ပညာသင်လိုလှသော ပေါ်ထွန်း အောင်သည် ပညာဆက်သင်ခွင့်ရရန် အမျိုးမျိုးကြိုးစားလေ သည်။

တစ်ဆယ့်သုံးနှစ်အရွယ်တွင် ပေါ်ထွန်းအောင်သည် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားမှုတွင် ထိုအခါက အကျော် အစောဖြစ်သော ရွှေစေတီကျောင်းဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဘိုးသူတော် အဝတ်ဝတ်လျက် မင်္ဂလသုတ်မှအစ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ်ကိုးပိုင်း သင်ရိုးသင်တန်းကို သင်ယူ သည်။ ၁၆ နှစ် အရွယ်ရောက်မှ မိဘများက ရှင်သာမဏေ ဝတ်ပေးသဖြင့် ရှင်ဥတ္တမဟုတွင်သည်။ ရှင်ဥတ္တမသည် နက်နဲ ကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက်ကြီးတွင် စာပေ သွားရောက်သင်ကြားလို သ ဖြင့် ဓားကောင်ဆရာတော် ဦးဂန္ဓမာနှင့် လူဝတ်လဲ၍ လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ရောက်သည်။ တောင်ငူတွင် ရှင်သာမဏေ စာပြန်ပွဲတစ်ခုကို ဝင်ရောက်ဖြေဆိုရာ ပထမရရှိသည်။ ယင်းသို့ စာတော်သည့်သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ်မွေးစားကာ ကာလ ကတ္တားမြို့သို့ပို့၍ ပညာသင်ကြားပေးသည်။ ကာလကတ္တားမြို့ တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ ၁ဝ တန်း ပညာကို အောင်မြင်ခဲ့၍ မြန်မာနိုင်ငံသို့ပြန်လာသည်။ မြန်မာနိုင်ငံသို့ ရောက်လျှင်ရောက်ခြင်း ပခုက္ကူမြို့သို့သွား၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို ရှင်ဝတ်နှင့် ဆက်လက်၍သင် ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဆွေတစ်စ မျိုးတစ်စ တော်သူ ဘုံဘေဘားမားကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် အသက် ၁၉ နှစ် နှစ်လစွန်း တွင် ရဟန်းခံသည်။

အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့ သို့ပြန်သွားသည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယ နိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌တကြွကြွ ဖြစ်ပေါ်လာလေသည်။ အမျိုးသားစိတ်ဓာတ်လည်း အတော မသတ် ရင့်သန်ခဲ့လေသည်။ ဦးဥတ္တမသည် အိန္ဒိယနိုင်ငံတွင်ရှိ ခိုက် အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေ ဆိုင်ရာ ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့်ပင် သက္ကတ၊ ဗင်္ဂလီ၊ နာဂရီ စသော ရှေးဟောင်းဟိန္ဒူကျမ်းများကို သင်ကြားပြန်သည်။ အိန္ဒိယနိုင်ငံ တွင်နေစဉ် ဦးဥတ္တမသည် အိန္ဒိယကွန်ဂရက်နှင့် ဟိန္ဒူမဟာ ဆဗ္ဗအသင်းကြီး၌ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ မဒရပ်ပြည်နယ်မှ နာမည်ကျော် ခေါင်းဆောင်ကြီး ပဏ္ဍိတ် မာလဗီယားနှင့် ဟိန္ဒူမဟာဆဗ္ဗခေါ် ဘာသာရေးအသင်းကြီးဥက္ကဋ္ဌအဖြစ် ယှဉ် ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူ တို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင် ရှားသည်။

အိန္ဒိယနိုင်ငံမှနေ၍ ဆရာတော်သည် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ ပညာသင်ယူပြန်သည်။ ထိုစဉ် ၁၉ဝ၅ ခုနှစ် တွင် ရုရှ-ဂျပန်စစ်ပွဲ၌ ဂျပန်ကဲ့သို့သော နိုင်ငံငယ်ကလေးက ရုရှကဲ့သို့သောနိုင်ငံကြီးကို အနိုင်ရလိုက်ကြောင်း ကြားရသည့် အချိန်မှစ၍ ဂျပန်ကိုအတော်အထင်ကြီးသွားသည့်အလျောက် စု ဆောင်းထားသောငွေနှင့် ဂျပန်နိုင်ငံသို့ ပညာဆည်းပူးရန် ၁၉ဝ၇ ခုနှစ်တွင် ထွက်ခွာသွားသည်။ ဂျပန်သို့ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံ ကျောင်းကြီး၏ ဥက္ကဋ္ဌအမတ်ကြီး ဒါတာနီ၏တောက်အပံ့ဖြင့် ဂျပန်ဘာသာနှင့်စကားကို တစ်နှစ် ခန့်သင်ယူအောင်မြင်သည်။

ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ ပါဠိ နှင့် သင်္သကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ပြီးနောက် ၁၉၁ဝ ခုနှစ်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ အာနမ်နိုင်ငံများမှတစ်ဆင့် ပြန်လာခဲ့ သည်။ ဂျပန်နိုင်ငံ၌ နေထိုင်ခဲ့စဉ် တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင် ရောက်ရှိလာသည်နှင့် အတော်ပင် ခင်မင်ရင်းနှီးစွာ နိုင်ငံရေးများကို ဆွေးနွေးခဲ့ဖူးကြောင်းသိရ သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ ဆရာ တော်သည် တစ်နှစ်ခန့်လှည့်လည် နေထိုင်ပြီးနောက် ၁၉၁၂ ခု နှစ်တွင် ဂျပန်နိုင်ငံသို့ တစ်ခေါက်ပြန်ခဲ့လေသည်။ ဂျပန်နိုင်ငံ သို့ရောက်သည်နှင့် ထိုခေတ်က လူတို့စိတ်ဝင်စားနေသော ဂျပန် နိုင်ငံအကြောင်း စာအုပ်တစ်အုပ်ထုတ်ဝေသည်။ ၁၉၁၉ ခုနှစ် တွင် ဂျပန်မှ ပြန်လာသောအခါ ဆရာတော်သည် သူရိယ သတင်းစာ၌ ခေါင်းကြီး၌လည်းကောင်း၊ ဝံသာနုရက္ခိတတရား ကို မြန်မာများစောင့်စည်းရေး ဆောင်းပါးများကိုလည်းကောင်း ရေးသားသည်။

ဆရာတော်မြန်မာနိုင်ငံသို့ပြန်ရောက်နေစဉ်တွင် မြန်မာ နိုင်ငံနှင့် မြန်မာလူမျိုးတို့အပေါ် တင်းမာစွာ အုပ်ချုပ်လျက်ရှိ သော ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်အပေါ်၌ မြန်မာတို့ သည် မကျေမနပ်ဖြစ်နေချိန်ဖြစ်သည်။ ဆရာတော်ဦးဥတ္တမသည် အခြားသူများကဲ့သို့ စိတ်ထဲမှမကျေမနပ်ဖြစ်နေရုံမကဘဲ ဘုရင်ခံ ထံသို့ ဒဒဆာရယ်ဂျီနယ်ကရက်ဒေါက်၊ မင်းဗမာပြည်မှထွက်သွား ပါဒဒ ဟု ပါသောစာကိုပေးခဲ့သည်။ ဤသို့ပြုမူလိုက်ခြင်းဖြင့် မြန်မာလူမျိုးတွင် ဤကဲ့သို့ ပြောနိုင်သောအခွင့်အရေးရှိသည် ဆိုသောအချက်ကို မြန်မာလူမျိုးတို့ နိုးကြားသိမြင်လာစေရန် မျက်စိဖွင့်ပေးလိုက်ခြင်း ဖြစ်လေသည်။

ဆရာတော်သည် ထိုအချိန်ခန့်မှစ၍ တောရွာကျေး လက်များသို့ဆင်းကာ နိုင်ငံရေးတရားများကို ဟောပြောတော်မူ လေသည်။ ထိုအတွင်းဆရာတော်သည် ရန်ကုန်နှင့် ကာလ ကတ္တားကို ကူးချည်သန်းချည် ပြုလုပ်လျက်ရှိသည်။ ၁၉၂၂ ခု နှစ်တွင် ဒေးဒရဲအပိုင် ဆုကလပ်ရွာ၌ ဟောပြောသော နိုင်ငံရေး တရားအတွက် ဖျာပုံအရေးပိုင်က ဆရာတော်အားရာဇသတ်ပုဒ်မ ၁၂၄ (က) အရ တရားစွဲဆိုပြီးလျှင် ကျောင်းကုန်းမြို့၌ တရား ဟောနေစဉ် ဖမ်းဆီးသွားလေသည်။

ဆရာတော်အပေါ်၌ လူထုသည် ထိုအခါက မည်မျှကြည်ညို နေကြသနည်းဟူမူ အမှုတွင် ဆရာတော်ဘက်မှ လိုက်ပါ ဆောင်ရွက်ခဲ့သော ဝိုင်အမ်ဘီအေမှ ရှေ့နေကြီးဦးစိန်လှအောင်၏ အသုဘ၌ပင် အသုဘပို့ပရိသတ်သည် ကြောက်ခမန်းလိလိများ ပြားလှလေသည်။ ထိုအမှုအတွက် ဆရာတော်သည် ထောင်ဒဏ် လေးနှစ်ခံရလေရာ မအူပင်ထောင်၌ သီတင်းသုံးရလေသည်။ သို့သော် ထောင်ဥပဒေအရ အကျင့်စာရိတ္တ ကောင်းမွန်သည်ဆို ပြီး သုံးနှစ်ကျော်ကျော်တွင် လွတ်လာခဲ့သည်။ ဆရာတော်ကား နိုင်ငံရေး ဆောင်ရွက်မှုကြောင့် ပထမဆုံးအကြိမ်ထောင်ကျခဲ့ သော ရဟန်းတော်ဖြစ်သည်။ ဆရာတော်အား ထောင်တွင်း၌ အကျဉ်းထားလိုက်သဖြင့် လူထု၏မျိုးချစ်စိတ်ဓာတ်သည် ပိုမိုနိုး ကြွလာခဲ့သည်ဟု ဆိုရပေမည်ဖြစ်သည်။ ထောင်မှလွတ်သည့် အခါလည်း ဆရာတော်သည် နိုင်ငံရေးတရားဟောမြဲဟောပြော ရာ ဆရာတော်၏ တရားပွဲများ၌ ရှေးကထက်လူစည်ကားလေ သည်။ အထူးသဖြင့် မြန်မာချင်းချင်းရိုင်းပင်းကြရန် ဝံသာနု ရက္ခိတ တရားကိုဟောလေ့ရှိသည်။

၁၉၂၃ ခုနှစ်တွင် ရန်ကုန်မြို့ လမ်းမတော်ရပ် ရုပ်ရှင် နန်းတော်၌ကျင်းပသည့် မြို့လုံးကျွတ် အစည်းအဝေး၌ အစိုးရ အပေါ် အကြည်အညိုပျက်အောင် လှုံ့ဆော်ဟောပြောမှုဖြင့် ဆရာတော်အားဖမ်းဆီး၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် အပြစ်ပေးလိုက်သည်။ သို့ရာတွင် ထောင်မှူးထောင်ပိုင်များက ဆရာတော်အား ကြည်ညိုကြသည့်အလျောက် ပေါ့ပါးသော အလုပ်ကို လုပ်ခွင့်ပြုရာ ဆရာတော်သည် ကြိမ်ထိုးသော အလုပ်ကို အပျင်းပြေမျှလုပ်ကိုင်၍ တရားဘာဝနာစီးဖြန်းလျက် အေးမြသောစိတ် သည်းခံသောစိတ်ကိုမွေးမြူလျက် နေထိုင်တော် မူသည်။

ထောင်မှထွက်လာသောအခါ ဆရာတော်သည် နိုင်ငံရေးကို လုပ်ပြန်သည်။ သို့ရာတွင် မြန်မာနိုင်ငံရေး၌ ခွဲရေးတွဲရေး ကိစ္စများပေါ်၍ ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံနှင့်ခွဲကာ ၉၁ ဋ္ဌာန အုပ်ချုပ်ရေးပေးချိန်လည်းဖြစ်သည်။ မြန်မာနိုင်ငံရေးတွင် အကွဲအပြဲနှင့် ဂိုဏ်းဂဏစိတ်ဓာတ်များပြား နေချိန်ဖြစ်သည်။ ထိုအခါ ဆရာတော်နှင့် နိုင်ငံရေးအယူအဆ မတူသူများလည်း အတော်များများရှိခဲ့သည်။ ဂိုဏ်းဂဏကွဲပြဲကြ သောအခါ တစ်ဖက်နှင့်တစ်ဖက် ပြင်းစွာစွပ်စွဲဝေဖန်တတ်ကြ လေရာ၊ တစ်ခါက အလွန်ကြည်ညိုလေးစားခဲ့သော ဆရာတော် အားပင် အမျိုးမျိုးစွပ်စွဲပြောဆိုကြတော့သည်။ ဆရာတော်ကား သည်းခံတော်မူ၍ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ချေပခြင်းမပြုဘဲ ဓမ္မဓိဋ္ဌာန် ဖြင့်သာ ဖြေရှင်းချက်ထုတ်သည်။

ယင်းသို့ နိုင်ငံရေးရှုပ်ထွေးနေချိန်တွင် ဆရာတော်သည် ကျန်းမာရေးလည်းမကောင်း ဖြစ်နေရှာသည်။ မတ်တတ်နာဖြင့် အတော်ပင်ဦးနှောက်အင်အား လူအင်အားချိုတဲ့နေရာ ရန်ကုန်မြို့ ထဲ၌ စိတ်မနှံ့သူတစ်ဦးကဲ့သို့ သွားလာနေတတ်သည်။ ထို အချိန်က ပုဇွန်တောင် ညောင်ကုန်းကျောင်း၌ သီတင်းသုံးနေ လေသည်။ အလွန့်အလွန်မကျန်းမာလှသဖြင့် ရန်ကုန်ဆေးရုံကြီး သို့ တင်ပို့ကုသရာ ၁၃ဝ၁ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ (၁၉၃၉ ခု၊ စက်တင်ဘာလ ၉ ရက်) တွင် သက်တော် ၆ဝ အရွယ်၌ ပျံလွန်တော်မူသည်။ ဆရာတော်ကား မြန်မာလူမျိုးတို့၏ ရင်တွင်း၌ လွတ်လပ်ရေး စိတ်ဓာတ် မျိုးစေ့ချပေးသွားသူဖြစ်သည်။ သာသနာ့ဝန်ထမ်းဘဝ နှင့် နိုင်ငံဝန်ကိုလည်း တစ်ဖက်ကထမ်းသည်။ ကိုယ်ကျင့်တရား တွင် မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် ပညာရှိ အင်္ဂါမြောက် ဆောက်တည်ကျင့်သုံးခဲ့သည်။ နိုင်ငံရေး၌ သူတစ်ဖက်သား၊ သို့မဟုတ် အများကိုနစ်နာစေပြီးမှ မိမိအတွက် အကျိုးရောက် မည်ဆိုသော လမ်းစဉ်မျိုးကို လုံးဝရှောင်ရှားတော်မူသည်။ သို့ရာတွင် တရားဟောတော်မူသောအခါ၌ ခပ်ကြမ်းကြမ်း စကားလုံးပြောင်ပြောင်ဖြင့် မိမိရရသုံးစွဲပြောဆိုလေ့ရှိ သဖြင့် ဆရာတော်အား စိတ်ကြမ်းကိုယ်ကြမ်း နိုင်ထက်စီးနင်း လုပ်တတ်သည်ဟု ထင်မှတ်မှားကြသည်။

ဆရာတော်၏ နိုင်ငံရေးကြိုးပမ်းမှုများကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ်ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့တိုင်း ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ကြည်ညိုသူများက ကျင်းပ လေ့ရှိကြသည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အားဂုဏ်ပြုသည့်အနေ ဖြင့် ဦးဥတ္တမပန်းခြံဟု အမည်သစ်ပေးကြလေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ
  2. http://arakanreview.net/?p=1967
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)