အဲလိဇဘက် ဘလက်ဝဲ
Elizabeth Blackwell, M.D. | |
---|---|
မွေးဖွား | Bristol, Gloucestershire, England | ၃ ဖေဖော်ဝါရီ၊ ၁၈၂၁
ကွယ်လွန် | ၃၁ မေ၊ ၁၉၁၀ Hastings, Sussex, England | (အသက် ၈၉)
နိုင်ငံလူမျိုး | ဗြိတိသျှ |
နိုင်ငံသား | ဗြိတိသျှ၊ အမေရိကန် |
မိခင်ကျောင်း | Geneva Medical College |
အလုပ်အကိုင် |
|
အဲလိဇဘက် ဘလက်ဝဲကို ၁၈၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန်ပြည်ထောင်စု ပထမဆုံး အမျိုးသမီး ဆရာဝန်တစ်ဦးဖြစ်သည်။ ဆေးကျောင်းတက်ပြီး အမျိုးသမီးများလည်း ဆေးပညာဘွဲ့ရကာ ဆရာဝန်ဖြစ်နိုင် ကြောင်းကို လက်တွေ့သက်သေ ပြနိုင်ခဲ့သူလည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ ဆေးပညာသင်ကြားသည့် အမျိုးသမီး များထဲတွင် ပထမဦးဆုံး မှတ်တမ်းဝင်နိုင်ခဲ့ပြီး၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုကို ဦးစီးဦးဆောင်ပြုခဲ့သူဟုလည်း ဆိုနိုင်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]သူ့ပညာရေးဘဝတွင် နာမည်ကျော် ဆေးကျောင်းကြီးများက လက်ခံရန် ငြင်းပယ်ခြင်း ခံခဲ့ရသည်။ အခြားကျောင်းများကို ဝင်ခွင့်ရရေး ကြိုးပမ်းသော်လည်း လက်ခံခြင်း မပြုခဲ့ကြပေ။ သို့ဖြစ်ရာ နောက်ဆုံး ဂျနီဗာမြို့ရှိ ဂျာနီဗာ ဆေးကောလိပ်ကို ဝင်ခွင့်လှမ်းတင်လိုက်သည်။ ထိုအခါ ဂျနီဗာကလည်း နယူးယော့ခ်ကို သူ့အား လက်ခံရမည်လား၊ လက်မခံရဘူးလားဟု လှမ်းမေးသည်။ ယောက်ျားလေးများကိုသာ ဆေးပညာသင်ခွင့် လက်ခံသည့် ခေတ်ဖြစ်သောကြောင့် သူ့အနေဖြင့် ဆေးပညာ လေ့လာခွင့် အလှမ်းဝေးလုနီးပါး ဖြစ်နေချိန်တွင်၊ တစ်မျိုး ပျော်စရာကောင်းလိမ့်မည်ဆိုသော အထင်အမြင်သေးမှုမျိုးဖြင့် သူ့ဝင်ခွင့်လျှောက်လွှာကို လက်ခံလိုက်ကြသည်။
ပထမတွင် ဆေးပညာ သရုပ်ပြတန်းများ၌ သူ့ကို ဝင်ရောက် သင်ကြားခွင့် မပြုခဲ့ပေ။ အမျိုးသမီးနှင့် သရုပ်ပြအတန်းသည် မသင့်လျော်ဟု ယူဆကြသောကြောင့်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဆေးပညာကို အတူလေ့လာနေကြသော ယောက်ျားလေးများက သူ၏ စိတ်ခိုင်မာမှု၊ ဇွဲရှိမှုများကို လေးစားသဖြင့် အတန်းတိုင်းကို တက်ရောက်သင်ကြားခွင့်ရခဲ့သည်။ နောက်ဆုံး ၁၈၄၉ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး ခေတ်သစ် ပထမဆုံး အမျိုးသမီး ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့သည်။
အဲလိဇဘက်သည် လန်ဒန်နှင့် ပဲရစ်မြို့များတွင် အလုပ်သင်ဆရာဝန်အဖြစ် နှနှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ La Maternite ဆေးရုံတွင် ဝမ်းဆွဲအတတ်ပညာကို လေ့လာသင်ကြားစဉ် လူငယ် လူနာတစ်ဦးထံမှ အနာကူးစက်ပြီး မျက်လုံး တွင် ပြည်တည်ကာ မျက်စိတစ်ဖက် မမြင်ရတော့ပေ။ ၁၈၅၁ ခုနှစ်တွင် နယူးယော့ခ်စီတီးသို့ ပြန်လာခဲ့သည်။ မျက်စိတစ်ဖက် ကွယ်သွားသောကြောင့် သူဖြစ်ချင်သည့် ခွဲစိတ်ဆရာဝန်ဘဝကိုလက်လျှော့လိုက်ရသည်။
နယူးယော့ခ်စီတီးသို့ ပြန်ရောက်လာသည့် အခါတွင် ဆေးကုသရန်အတွက် လိုက်လံလျှောက်ထားခဲ့သော်လည်း သူ့ကို ဆရာဝန်ကြီးများနှင့် ဆေးရုံများက လက်မခံဘဲရှိနေကြသည်။ အမျိုးသမီးဖြစ်နေသောကြောင့် ဆေးရုံ၊ ဆေးခန်းများက လက်မခံကြခြင်းဖြစ်သည်။ အဲလိဇဘက်သည် နောက်ဆုံး အခန်းလေးတစ်ခန်းငှားပြီး ကိုယ်ပိုင် ဆေးခန်းတစ်ခုကို ထူထောင်ခဲ့သည်။ သူ၏ ညီမဖြစ်သူ အဲမလီက သူ့ကိုဆေးခန်းတွင် ဝင်ရောက်ကူညီခဲ့သည်။
သူတို့ညီအစ်မဖွင့်ထားသည့် ဆေးခန်းလေးသည် နောက်ပိုင်းတွင် အမျိုးသမီးများအတွက် ဆေးရုံနှင့် ဆေးကောလိပ် ကျောင်းဖြစ်လာခဲ့သည်။ ထိုကျောင်းနှင့် ဆေးရုံသည် အမျိုးသမီးများအတွက် သီးသန့်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ဘလက်ဝဲသည် အမျိုးသမီးများ ဆေးကျောင်းတက်ရောက်ခွင့်ရရေးအတွက် တစ်ကိုယ်တော် ဆက်လက် တိုက်ပွဲ ဝင်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်တွင် ဖြစ်ပွားသည့် အမေရိကန်တောင်ပိုင်းနှင့် မြောက်ပိုင်း ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲ၌ သူသည် အမျိုးသမီး ရှေ့တန်း ဆရာဝန်အဖွဲ့ကို ထူထောင်ဖွဲ့စည်းနိုင်ခဲ့သည်။ သူ့ ဆေးတပ်တွင် ကျေးကျွန်များ၊ ခွဲထွက်ရေးသမားများ အားလုံးပါဝင်ခဲ့ကြသည်။
လုပ်ဆောင်ချက်များ
[ပြင်ဆင်ရန်]ဒေါက်တာ ဘလက်ဝဲသည် အမျိုးသမီးများ ဆေးကုသခွင့်ရရေးအတွက် ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်နေခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ဘလက်ဝဲသည် ညီမဖြစ်သူနှင့် ပူးပေါင်းပြီး သူတို့ကိုယ်ပိုင်ဆေးရုံကို ထူထောင်ခဲ့သည်။ ထိုဆေးရုံကိုလည်း နယူးယော့ခ် ဆင်းရဲသည့် အမျိုးသမီးများနှင့် ကလေးများဆေးရုံဟု အမည်ပေးခဲ့သည်။
အမေရိကန်ပြည်တွင်းစစ်ပွဲကာလတွင် ဘလက်ဝဲသည် အမျိုးသမီးများကို သူနာပြုအတတ်သင်ပေးပြီး ပြည်ထောင်စုတပ်ထဲသို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးများသည် ဆေးပညာနှင့် သူနာပြုအတတ်များကို စိတ်ဝင်စားကြသဖြင့် သူ့ထံသို့လာရောက်ပြီး လေ့လာသင်ယူခဲ့ကြသည်။ ထိုအချိန်မှစပြီး ဒေါက်တာ ဘလက်ဝဲအကြောင်းသည် တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး လူတိုင်းကလည်း စိတ်ဝင်စားခဲ့ ကြသည်။
အစပထမတွင် ဘလက်ဝဲသည် အမျိုးသမီးများနှင့် ကလေးများကို မိမိအိမ်တွင် ကြည့်ရှု ကုသပေးခဲ့သည်။ လက်တွေ့ကုသမှု အောင်မြင်လာသည့် အခါတွင် ကျန်းမာရေးနှင့် ပတ်သက်ပြီး လေ့လာရန် ဆောင်းပါးများ၊ သင်ခန်းစာများကို ရေးသားပြုစုခဲ့ သည်။ ၁၈၅၂ ခုနှစ်တွင် သူရေးသားခဲ့သည့် ဆေးပညာရပ်ဆိုင်ရာ လေ့လာဖွယ်ရာများကို စုပေါင်းပြီး The Laws of Life ဆိုသည့် စာအုပ်ထုတ်လိုက်သည်။ ထိုစာအုပ်ထဲတွင် အမျိုးသမီးများအတွက် ကာယလေ့ကျင့်ခန်းဆိုင်ရာအညွှန်းဆိုသည့် ပညာပေးအစီအစဉ်များကိုပါ ထည့်သွင်းရေးသားခဲ့သည်။
ဘလက်ဝဲသည် အမျိုးသမီးများ မသဘာဝဖြတ်တောက်ခြင်းကို အစောဆုံး ခုခံကာကွယ် ပြောဆိုသူတစ်ဦးလည်း ဖြစ်သည်။ သူက “ကလေးတွေကို အဲဒီလို သဘာဝအတိုင်း ရှိနေတာကို ဖြတ်တောက်ကြတာဟာ အလွန် အန္တရာယ်များကြောင်း မိဘတွေ နားလည်အောင် သတိပေးပြောကြားဖို့လိုမယ်။ အဲဒီလို လုပ်ဆောင်တာဟာ ရုပ်ပိုင်းကိုသာမက စိတ်ဓာတ်ပိုင်းကိုပါ ထိခိုက်စေ တယ်” ဟုပြောကြားခဲ့သည်။
သူသည် အမျိုးသမီးများဘဝကို နားလည်ထောက်ခံပေးသူတစ်ဦးဖြစ်ပြီး အမျိုးသမီးများ အခွင့်အရေးအတွက် လှုပ်ရှား အားပေးသူလည်းဖြစ်သည်။ သူ၏ အမျိုးသမီးများအတွက် ပညာရေးလမ်းညွှန်စာအုပ်ကို စပိန်နိုင်ငံတွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလည်းပါဝင်သည်။ အမျိုးသမီးအခွင့်အရေးအတွက် အစောဆုံး လှုပ်ရှားသူ တစ်ဦးဖြစ်သည့်အပြင် အမျိုးသမီးများ ဆေးပညာသင်ကြားခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးလည်းဖြစ်သောကြောင့် သူ့လုပ်ဆောင်ချက်များမှာ သမိုင်းတွင်ခဲ့ရခြင်းဖြစ်သည်။ ပထမဆုံး အမျိုးသမီးညီလာခံကို Seneca Fall တွင် ကျင်းပ နိုင်ခဲ့ခြင်းမှာ သူ၏စွမ်းဆောင်ချက်ကြောင့်ဖြစ်သည်။
၁၈၅၆ ခုနှစ်တွင် သူသည် ကက်သရင်း ဘာရီ (ကစ်တီ) ကို မွေးစားခဲ့သည်။ ကစ်တီသည် အိုင်ယာလန်တွင် မွေးဖွားသည့် မိဘမဲ့တစ်ဦးဖြစ်သည်။ ကစ်တီသည် သူမနောက်ဆုံးအချိန်အထိ မွေးစားမိခင်နားတွင် နေထိုင်ပေးသွားခဲ့သည်။
နောက်ဆုံးအချိန်
[ပြင်ဆင်ရန်]၁၉၀၇ ခုနှစ်တွင် ဘလက်ဝဲသည် လဲကျရာမှ ဒဏ်ရာရသွားခဲ့သည်။ ထိုဒဏ်ရာသည် ဘယ်တော့မှ ပျောက်ကင်း ခြင်းမရှိတော့ပေ။ ၁၉၁၀ ပြည့်နှစ် မေလ ၃၁ ရက်နေ့တွင် ဘလက်ဝဲသည် ဆက္ကဆက်နယ်၊ ဟာ့စ်တင်းမြို့ရှိ နေအိမ်တွင် လေဖြတ်ပြီး ကွယ်လွန်သွားခဲ့သည်။ သူ့ရုပ်အလောင်းကို စကော့တလန်နိုင်ငံ၊ ကီလ်မန်အရပ်ရှိ စိန့်မန်းသုသာန်တွင် မြှုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။