အေအိုင်ဒီအက်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Acquired immunodeficiency syndrome (AIDS)

အနီရောင်ဖဲကြိုးသည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိသော လူနာများနှင့် အေအိုင်ဒီအက်စ် ဖြစ်နေသူတို့နှင့် စည်းလုံးခြင်း အထိမ်းအမှတ် သင်္ကေတ ဖြစ်သည်။
ICD-10 B24.
ICD-9 042
DiseasesDB 5938
MedlinePlus 000594
eMedicine emerg/253
MeSH D000163
AIDSရောဂါသည်တစ်ဦး

မာတိကာ

AIDS [ပြင်​ဆင်​ရန်​]

AIDS (အေအိုင်ဒီအက်စ်)ရောဂါသည် “အိတ်ချ်အိုင်ဗွီပိုး” (HIV virus) ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လူ့ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါပိုးဟု အဓိပ္ပါယ်ရပါသည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွန်သေးငယ် နုနယ်ပြီး သာမန်မျက်စိဖြင့် မမြင်ရချေ။ အလွန်အားကောင်းသော ခေတ်မီအဏုကြည့် မှန်ဘီလူးများဖြင့် ကြည့်မှသာ မြင်နိုင်ပါသည်။ AIDS ဆိုသည့် စကားလုံးသည် A=Acquired (မွေးရာပါမဟုတ်၊ ကူးစက်ခြင်းဖြင့် ရရှိလာသော)၊ I=Immune (ခုခံအား/ကိုယ်ခံအား)၊ D=Deficiency (လျော့နည်းကျဆင်းမှု)၊ S=Syndrome (ရောဂါလက္ခဏာစု) ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် AIDS ကို မြန်မာလို “ခုခံအားကျဆင်းမှု ကူးစက်ရောဂါ” ဟု ခေါ်ဆိုပါသည်။ အချို့ဒေသများတွင် ဤရောဂါကို “လေးလုံးရောဂါ” (သို့မဟုတ်) အေဝမ်းဒီဖိုက်လို့ အရပ်ခေါ် ခေါ်ကြပါသည်။ အေအိုင်ဒီအက်စ်ရောဂါဟု ပြောနေရေးနေကြသော်ငြား နိုင်ငံတကာတွင်တော့ စာလုံးလေးလုံးကို ပေါင်းစပ်ပြီး “အေ့ဒ်စ်”ရောဂါဟု အသံထွက် ခေါ်ဝေါ်ကြပါသည်။

HIV ရောဂါပိုးအစ [ပြင်​ဆင်​ရန်​]

အိတ်ချ်အိုင်ဗွီရောဂါပိုးသည် အာဖရိကတိုက် တောတောင်တွေထဲက လူဝံ၊ မျောက် အစရှိသည့် သတ္တဝါများဆီမှာ ရှိခဲ့သည်ဟု ယူဆကြပါသည်။ ထိုသတ္တဝါတွေဆီက ရောဂါပိုးသည် အသွင်ကူးပြောင်းပြီး လူတွေဆီကို ရောက်ရှိလာပုံရကြာင်း အချို့သိပ္ပံပညာရှင်များက ရေးသားဖော်ပြကြပါသည်။ လူသူနည်းတဲ့ တောတောင်တွေထဲမှာ အိတ်ချ်အိုင်ဗွီပိုးဟာ လူတစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက်ဖို့ အခွင့်အရေး မရခဲ့ပေ။ တဖြည်းဖြည်းနှင့် နည်းပညာတွေ တိုးတက်လာပြီး ဆက်သွယ်သွားလာမှု အင်မတန်လျင်မြန် လွယ်ကူလာတဲ့အခါမှာတော့ လူတွေဟာ တစ်နေရာကနေ တစ်နေရာ၊ တစ်နိုင်ငံကနေ တစ်နိုင်ငံကို နေ့ချင်းညချင်း အရောက် ကူးလူးသွားနိုင်ကြသည်။ တစ်ချိန်တည်းမှာပင် လူများ၏ နေပုံထိုင်ပုံလည်း ပြောင်းလဲလာသည်။ လိင်မှုဆိုင်ရာ အမူအကျင့်များလည်း ပြောင်းလဲလာသည်။ ဘိန်းဖြူပေါ်လာသည့်အခါ ဘိန်းဖြူကို သွေးကြောထဲ ထိုးသွင်း သုံးစွဲကြသည်။ ထိုသို့ ဘိန်းဖြူထိုးသည့်အခါ ဆေးထိုးအပ်များကို အတူတူ မျှသုံးကြသည့်အတွက် ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေမှာ ကပ်ကျန်သည့် သွေးကနေတစ်ဆင့် အိတ်ချ်အိုင်ဗွီပိုး အလွယ်တကူ ကူးစက်ပျံ့နှံ့တော့သည်။ ဆေးစွဲသူများမှတဆင့် ၎င်းတို့၏ ဇနီးမယားများ၊ လိင်ဆက်ဆံဘက်များ၊ ပြည့်တန်ဆာများဆီကို ကူးစက်ကြပါသည်။ ဆေးစွဲသူတွေထဲမှာ ပြည့်တန်ဆာအလုပ်လုပ်နေကြသူတွေ ရှိနေပြန်တော့ သူတို့ကနေတစ်ဆင့် လူအများကြီးကို ရောဂါကူးနိုင်ပြန်သည်။ အေ့ဒ်စ်ရောဂါ၏ ကူးစက်နည်းသည် တစ်နည်းမကဘဲ တစ်နည်းနှင့်တစ်နည်း ဆက်နွယ်ပြီးလည်း ကူးစက်နိုင်သည့်အတွက် ကူးစက်မှု ပိုမိုတွင်ကျယ်လာပါသည်။ ထိုသို့ဖြင့် တစ်နေရာမှာရှိသည့် ရောဂါပိုးသည် နေရာအနှံ့အပြားကို ရောက်ရှိသွားပြီး ယခုအခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးကို အိတ်ချ်အိုင်ဗွီပိုး ကူးစက်ပျံ့နှံ့လျက် ရှိပါသည်။

အေအိုင်ဒီအက်စ်ရောဂါကို စတင်တွေ့ရှိပုံ== အေအိုင်ဒီအက်စရောဂါကို ၁၉၈၁ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင်တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သည်။ အေအိုင်ဒီအက်စ်ရောဂါသည် ထိုမတိုင်မီကတည်းကပင် ကမ္ဘာပေါ်ရှိနေရာဒေသ အနှံ့အပြားတွင် ရှိနေခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ကပ်ရောဂါအသွင်ဖြင့် အာဖရိက၊ အမေရိက နိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့သည်။

ရောဂါပေါ်ကာစအချိန်က အနောက်နိုင်ငံသား ယောက်ျားချင်း လိင်တူဆက်ဆံသူတွေမှာ အများဆုံး တွေ့ခဲ့ရပြီး နောက်ပိုင်းတွင်တော့ ဖိုမဆက်ဆံရာမှ၊ မူးယစ်ဆေးသုံးစွဲရမှ ကူးစက်ကုန်ကြသည်။ အာရှနိုင်ငံများတွင် မူးယစ်ဆေးအကြောထဲထိုးသုံးတဲ့ လူတွေဆီမှာ ရောဂါပိုး စတွေ့ခဲ့ပါသည်။ ရောဂါပိုးသည် စတွေ့ခဲ့တဲ့လူတွေဆီမှာသာ ရှိနေခြင်းမဟုတ်ဘဲ ထိုမှတစ်ဆင့် ပြည့်တန်ဆာအမျိုးသမီးများဆီသို့၊ ပြည့်တန်ဆာအမျိုးသမီးများမှ လိင်အပျော်အပါးလိုက်စားတဲ့ အမျိုးသားများဆီသို့၊ လိင်အပျော်အပါး လိုက်စာသည့် အမျိုးသားများမှတဆင့် ယင်းတို့၏ ဇနီးများဆီသို့ အဆင့်ဆင့် ကူးစက်ခဲ့သည်။ အမျိုးသမီးများကို ရောဂါပိုးကူးသွားသည့်အခါ ၎င်းတို့ ကိုယ်ဝန်ဆောင်သည့်အချိန်တွင် သန္ဓေသားကိုပါ တဆင့် ကူးစက်ပြန်လေသည်။

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုး [ပြင်​ဆင်​ရန်​]

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုးရှိသည်။ ကမ္ဘာပေါ်တွင် အဓိက ကူးစက်ပျံ့နှံ့နေတာက အိတ်ချ်အိုင်ဗွီ-၁ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီ-၂ ကို ၁၉၈၆ ခုနှစ်မှာ စတင်စမ်းသပ် တွေ့ရှိခဲ့သည်။ ၎င်းပိုးနှစ်မျိုးသည် ပုံစံဆင်တူသော်လည်း အသေးစိတ်မှာ ကွဲပြားခြားနားကြသည်။ အိတ်ချ်အိုင်ဗွီ-၂ သည် အိတ်ချ်အိုင်ဗွီ-၁ လောက် ကူးစက်မှုနှုန်း မမြန်ပေ။ ရောဂါလက္ခဏာများမှာလည်း အိတ်ချ်အိုင်ဗွီ-၁ လောက် မပြင်းထန်ပေ။ အိတ်ချ်အိုင်ဗွီ-၂ ကို အနောက်အာဖရိက တိုင်းပြည်အချို့မှာသာ တွေ့ရှိရပါသည်။

အေ့ဒ်စ်ရောဂါကြောင့် ကိုယ်ခံအားကျဆင်းခြင်း [ပြင်​ဆင်​ရန်​]

လူတို့၏ ပတ်ဝန်းကျင်တွင် ဒုက္ခပေးနိုင်သည့် ရောဂါပိုးအမျိုးမျိုး ရှိလေသည်။ နေ့စဉ်သွားလာလှုပ်ရှားရင်း၊ စားရင်းသောက်ရင်းဖြင့် ထိုရောဂါပိုးများ ခန္ဓာကိုယ်ထဲ ရောက်လာတတ်သည်။ သို့သော် ကိုယ်ခံအားကောင်းနေလျှင် ဘာရောဂါမှ ဖြစ်မလာနိုင်ပေ။ ဖျားခြင်း၊ နာခြင်း၊ အအေးမိ ချောင်းဆိုးခြင်းများသည် ခဏသာဖြစ်တတ်ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးထဲမှာ ရှိသည့် သွေးဖြူဥများက အပြင်မှ ဝင်လာသည့် ရောဂါပိုးများကို ဖျက်ဆီးတိုက်ဖျက်ပေးနေ၍ ဖြစ်သည်။ သွေးဖြူဥများနှင့် ဖွဲ့စည်းထားသည့် ခုခံမှု စွမ်းအားစနစ်ကြောင့် ကိုယ်ခံအား ရှိနေပြီး လူတွေမှာ တော်ရုံတန်ရုံ ရောဂါမဖြစ်နိုင်ချေ။ အိတ်ချ်အိုင်ဗွီပိုးသည် သွေးဖြူဥထဲကိုဝင်၍ မျိုးတူ အိတ်ချ်အိုင်ဗွီပိုးတွေ များများထုတ်လုပ်ပြီး သွေးဖြူဥများကို ပျက်စီးစေသည်။ သွေးဖြူဥ ပျက်စီးတာများလာသည့်အခါတွင် ဝင်လာသော တခြားရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်း မရှိတော့ချေ။ ခုခံမှုစွမ်းအားစနစ် ပျက်စီးသွားပြီး ကိုယ်ခံအားများလည်း လျော့ကျသွားတော့သည်။ ကိုယ်ခံအား လျော့ကျသွားသူမျာသည် အဆုတ်တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အပြင်းစားရေယုန်၊ ဦးနှောက်ယောင်ရောဂါ အစရှိသည့် စိုးရိမ်စရာကောင်းသည့် ရောဂါများ အလွယ်တကူ ဖြစ်လာပါသည်။

အိတ်ချ်အိုင်ဗွီပိုးသည် သွေးထဲမှာပင်ရှိသလား [ပြင်​ဆင်​ရန်​]

သွေးဖြူဥများသည် ကိုယ်တွင်းရှိ အရည်အားလုံးတွင် ရှိသည်။ ထို့ကြောင့် ကိုယ်တွင်းရှိ အရည်အားလုံးဆီကို အိတ်ချ်အိုင်ဗွီပိုး အနည်းနှင့်အများ ရောက်သွားနိုင်သည်။ သို့သော် မျက်ရည်၊ ချွေး၊ ဆီးတို့ကိုတော့ ရောက်ရှိနိုင်မှု အင်မတန်နည်းသည့်အတွက် ယင်းတို့မှတစ်ဆင့် ကူးစက်မှုမရှိနိုင်ပါ။ သုတေသနပြုချက်များအရ အိတ်ချ်အိုင်ဗွီပိုးသည် သွေး၊ သုတ်ရည်နှင့် မိန်းမလိင်အင်္ဂါမှ ထွက်သည့် အရည်များတွင် အဓိက အများဆုံး ရှိပါသည်။

အိတ်ချ်အိုင်ဗွီပိုးသည် လူခန္ဓာကိုယ်ပြင်ပတွင် ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲ [ပြင်​ဆင်​ရန်​]

အိတ်ချ်အိုင်ဗွီပိုးသည် လူ့ခန္ဓာကိုယ်၏ ပြင်ပတွင် ကြာကြာအသက်မရှင်နိုင်ချေ။ ပြင်ပမှ နေရောင်၊ လေထုတို့နှင့် တွေ့ထိလျှင် သေသွားသည်။ ခန္ဓာကိုယ်အပြင်ဘက် ရောက်လာသည့် သွေးများ၊ အရည်များ ခြောက်ခမ်းသွားချိန်တွင် ပိုးလည်း သေသွားပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ပါဝင်သည့် သွေး(သို့)အရည် ကျသွားသည့် နေရာ၏ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနှင့် အရည်ပမာဏ အနည်းအများ (ဥပမာ-သွေးပုလင်း၊ သွေးကွက်၊ သွေးစက်) ပေါ်မှာ မူတည်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း စသည်ဖြင့် ကွာခြားသွားနိုင်ပါသည်။ ထို့ကြောင့် အပြင်ရောက်ပြီး ဘယ်လောက်ကြာတဲ့ သွေး(သို့)အရည်ပဲဖြစ်စေ အလွယ်တကူ မကိုင်တွယ်သင့်ချေ။ ကိုင်တွယ်သည့်အခါ ကာကွယ်မှု ယူရပါမည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွယ်တကူ မကူးစက်နိုင်၊ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ပိုးမသတ်ထားသည့် ဆေးထိုးအပ်များဖြင့် ဆေးထိုးခြင်းများဆီကသာ အဓိက ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ [ပြင်​ဆင်​ရန်​]

လူတစ်ယောက်၏ ရုပ်ရည်ကိုကြည့်ပြီး ထိုလူမှာ အိတ်ချ်အိုင်ဗွီပိုးရှိမရှိ သေချာမပြောနိုင်ချေ။ ရောဂါပိုးရှိသူ အများအပြားသည် အပေါ်ယံကြည့်လျှင် ပုံမှန် ကျန်းမာနေသည်ဟု ထင်ရသည်။ သို့သော် လူ၏ ခန္ဓာကိုယ်ထဲတွင် အိတ်ချ်အိုင်ဗွီပိုးသည် လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်ပေသည်။ နှစ်ပေါင်းအတော်ကြာပြီး သွေးဖြူဥတွေ အတော်များများ ပျက်စီးပြီးသည့်အခါမှ စ၍ ဖျားတတ်သည်။ ထိုအချိန်ကျမှ ရောဂါလက္ခဏာများ ပေါ်လာပါမည်။

ရောဂါပိုးကူးစက်ခြင်း [ပြင်​ဆင်​ရန်​]

ရောဂါပိုးပါဝင်သည့် သွေး၊ သုတ်ရည်၊ မိန်းမအင်္ဂါမှထွက်သည့် အရည်များ မိမိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျှင် ရောဂါကူးစက်နိုင်ပါသည်။ ထို့ကြောင့်

  • ရောဂါပိုးရှိသူနှင့် ဖိုမဆက်ဆံခြင်းမှ ရောဂါကူးစက်နိုင်ပါသည်။ ယောကျ်ားခြင်း လိင်တူဆက်ဆံလျှင်လည်း ကူးစက်နိုင်ပါသည်။ လိင်ဆက်ဆံသည့် အဖော်များလေ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အခြေအနေများလေပဲ ဖြစ်သည်။
  • ရောဂါပိုးပါသည့် သွေးသွင်းမိပါက ရောဂါကူးစက်နိုင်ပါသည်။
  • ရောဂါပိုးရှိသည့် လူနာကို ထိုးပြီးသည့် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်ကို သေသေချာချာ ရေနွေးဆူဆူဖြင့် မပြုတ်ဘဲ နောက်တစ်ယောက်ကို ထိုးလျှင်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။ မူးယစ်ဆေး သွေးကြောထဲထိုးသွင်းသူများ ရောဂါကူးစက်သည်မှာ ဤနည်းဖြင့် ဖြစ်သည်။
  • ရောဂါပိုးရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်မှ သူ၏ သန္ဓေသားကို ကူးစက်နိုင်သည့်အတွက် မွေးကင်းစကလေးတွင် ရောဂါပိုးပါဝင်လာတတ်ပါသည်။

(Che bella lingua =)

အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး [ပြင်​ဆင်​ရန်​]

နှစ်စဉ် ဒီဇင်ဘာ တစ်ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။