အုတ်ဝန်

ဝီကီပီးဒီးယား မှ

အုတ်ဝန်[ပြင်ဆင်ရန်]

အုတ်ဝန်သည် ဘုရင်မင်းမြတ်၏ ကုသိုလ်တော် စေတီ ၊ ပုထိုး ၊ ဂူ ၊ ကျောင်း ၊ တန်ဆောင်း ၊ ပြာသာဒ်များ မြို့တော်နန်းတော်များ တည်ဆောက်ရာ၌ လိုအပ်သည့် အုတ်များရရှိရေးအတွက် ကြပ်မတ်လုပ်ဆောင်ရသူဖြစ်သည်။ ထို့ပြင် အဆောင်အဦဆောက်လုပ်ရာ၌လည်း အုတ်ဝန်ကပင် အနီးကပ်ကြီးကြပ်ပေးရသည်။ အုတ်ဝန်ရာထူးကို ကုန်းဘောင်ခေတ်နှောင်းကာလတွင်သာ တွေ့ရှိရသည်။

အုတ်ဝန် ဦးအူ[ပြင်ဆင်ရန်]

ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက်တွင် သံတော်ဆင့် ပညာသိဒ်ဓိဘွဲ့ခံ ဦးအူအား မင်းလှသီရိကျော်ထင်ဘွဲ့ဖြင့် အုတ်ဝန်အရာ ခန့်အပ်ခဲ့၏။ အုတ်ဝန် ဦးအူသည် ၁၈၄၇ ခုနှစ် နိုဝင်ဘာလတွင် မင်းတဲရပ်၌ အိမ်တော်ရာဘုရားတည်စဉ် အုတ်အရေအတွက် ကြိုတင်တွက်ချက် လျှောက်ထားမှုများ ပြုခဲ့ရပြီး ခြင်္သေ့ရုပ်တုကြီးများ ထုလုပ်ရာ၌လည်း တာဝန်ယူကြီးကြပ်ပေးခဲ့ရသည်။ မင်းတုန်းမင်းလက်ထက် ၁၈၅၇ ခုနှစ်တွင် ဦးအူအား အုတ်ဝန်ရာထူးဖြင့် တွေ့ရှိနေဆဲ ဖြစ်သည်။ ဦးအူသည် ရတနာပုံ နေပြည်တော် တည်ရန်လိုအပ်မည့် အုတ်အရေအတွက်ကို အမိန့်တော်အရ တွက်ချက်ပြီး မင်းတုန်းမင်းထံ တင်ပြလျှောက်ထားခဲ့ရ၏။ ထိုစဉ်က အုတ်ဝန်ဦးအူ တွက်ချက်တင်ပြခဲ့သည့် အုတ်အရေအတွက်မှာ ၂၉⁠၉၁၄၃၆၄ ချပ် ဖြစ်သည်။ ထို့ပြင် ၁၂ နိုဝင်ဘာ ၁၈၇၆ ခုနှစ်တွင် မိဖုရားခေါင် စကြာဒေဝီ နတ်ရွာစံလွန်ရာ အုတ်ဂူပြာသာဒ် လုပ်ဆောင်ရာ၌ အုတ်ဝန်ဦးအူ တာဝန်ယူပေးခဲ့ရ၏။

အုတ်ဝန် ဦးဘိုးကြီး[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက်တွင် သံတော်ဆင့် ဦးဘိုးကြီးအား အုတ်ဝန်ရာထူး ခန့်အပ်ခဲ့သည်။ ဦးဘိုးကြီးသည် အုတ်ဝန်ဦးအူ၏ မြေးဖြစ်သည်ဆိုသည်။ သို့သော် ဦးဘိုးကြီးသည် ၃ စက်တင်ဘာ ၁၈⁠၈၅ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ရသည်။ မဟာဝိဇယပုညမှန်စီကျောင်း ဆောက်လုပ်ရာ၌ ငွေ ၆၀၄၀ ကျော်ကွာနေမှုကြောင့် ရာထူးကျသွားခြင်းဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉