အီလစ်သီအိုရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ခေတ်သစ်လူ့ဘောင်တွင် ‘ငွေ’၊ ‘ပညာ’ နှင့် ‘အာဏာ’ သည်လွန်ဆွဲနေကြပြီး ဆက်စပ်မှုလည်းရှိနေသည်။ ပညာတတ် လူတန်းစား၊ ချမ်းသာကြွယ်ဝသည့်လူတန်းစား၊ ပညာတတ်လူချမ်းသာများကို လူ့မလိုင်များဟူ၍ခေါ်ကြသည်။ သူတို့သည် တိုင်းပြည်၏လူနည်းစုလေးသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း စီးပွားရေးတွင်ချုပ်ကိုင်ထားနိုင်စွမ်းရှိကြသလို၊ နိုင်ငံရေးတွင်လည်း ပေါ်လစီကို ကြိုးကိုင်ချမှတ်နိုင်သူများ ဖြစ်နေတတ်ကြသည်။ တိုင်းပြည်တစ်ပြည်တွင် ရွေးကောက်ပွဲရလဒ်မည်သို့ပင်ဖြစ်နေစေကာမူ လူ့မလိုင်တို့အတွက်အဆန်းမဟုတ်။ ငွေကြေးကို ထိန်းထားနိုင်စွမ်းရှိသကဲ့သို့ အာဏာကိုလည်းကြိုးကိုင်ထားနိုင်စွမ်းရှိသည့် လူ့မလိုင်လူတန်းစားအလွှာတစ်ခုကို "Elite" များဟုခေါ်ကြသည်။

‘‘အီလစ်’’ များသည်လူမှုရေးအဖွဲ့အစည်း သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းအသွင်ဖြင့်ရှိနေတတ်ပြီး ပေါ်လစီချမှတ်သူများ အပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ သူတို့တွင် think tanks ဟုခေါ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအကြံပေးနိုင်သည့် ပညာရှင်များရှိသလို၊ မူဝါဒရေးရာများနှင့်ပတ်သက်ပြီး ဆွေးနွေးဝေဖန်သုံးသပ်နိုင်သူများဖြင့် စုစည်းထားတတ်ကြသည်။ အီလစ်များ သည် အစိုးရနှင့်ပူးပေါင်းနိုင်သလို၊ အစိုးရအပေါ်လွှမ်းမိုးနိုင်စွမ်းရှိသူများဟူ၍လည်းဆိုနိုင်သည်။ အစိုးရအနေဖြင့်လည်း အီလစ်များကို ကန့်လန့်ကာ နောက်ကွယ်မှထားကာ အကြံယူခြင်း၊ အသုံးချခြင်းများရှိတတ်သည်။

ဂရိခေတ်တွင် ‘‘လူနည်းစုအုပ်ချုပ်ရေးစနစ်’’ (Oligarchy) မျိုး ထွန်းကားခဲ့ဖူးသည်။ အီလစ်ဟုခေါ်သည့် လူနည်းစုဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ထိုအီလစ်များထဲတွင် ဘုရင့်သူကောင်းမျိုးနွယ်များ၊ ချမ်းသာကြွယ်ဝသူများ၊ ပညာတတ်များ၊ အုပ်စု တောင့်တင်းသည့် မိသားစုများ၊ စစ်တပ်နှင့် ဘာသာရေးခေါင်းဆောင်များပါဝင်သည်။ Oligarchy ဆိုသည်မှာ ဂရိဘာသာစကား ဖြစ်ပြီး ‘‘လူနည်းစု’’ နှင့် ‘‘အုပ်ချုပ်ခြင်း’’ ဆိုသည့်အဓိပ္ဋာယ်ရသည်။ ဂရိတို့သည် လူနည်းစုအုပ်ချုပ်ခံပြည်နယ်များစွာရှိပြီး ထိုပြည်နယ်များကို အင်အားတောင့်တင်း သည့်မိသားစုများကအီလစ်များနှင့်ပေါင်းကာစိုးမိုးအုပ်ချုပ်ခဲ့ကြသည်။

အတွေးအခေါ်နှစ်ရပ်[ပြင်​ဆင်​ရန်​]

လူ့မလိုင်သီအိုရီသည် အတွေးအခေါ်နှစ်ရပ်တွင်အခြေခံသည်

၁။ အုပ်ချုပ်သူ၏အာဏာသည် စီးပွားရေးနှင့်နိုင်ငံရေးတွင်အဓိကကျသည်

၂။ အီလစ်များတွင် အသိပညာနှင့် ကျွမ်းကျင်မှုကလွဲပြီးကျန်အချက်များတွင် ညံ့ဖျင်းကြသည်။ သို့ဖြစ်ရာ အုပ်ချုပ်မှုကို အကြံကောင်းပေး နိုင်သော်လည်း အုပ်ချုပ်နိုင်စွမ်းရှိသူများမဟုတ်ကြဟူ၍ဖြစ်သည်။

အီလစ်နှစ်မျိုးနှစ်စား[ပြင်​ဆင်​ရန်​]

အီလစ်ပညာရှင်များတွင် ထင်ရှားသူတစ်ဦးမှာ Vilfredo Pareto ဖြစ်သည်။ ပါရီတိုက အီလစ်များတွင် အသိဉာဏ်ပညာ နှင့် ပတ်သက်ပြီး သူမတူအောင်ထူးခြားထက်မြက်သူများဖြစ်ကြသည်။ သူ့အဆိုအရ အီလစ်နှစ်မျိုးနှစ်စားရှိသည်။

၁။ အာဏာပိုင်အီလစ်များ

၂။ အာဏာပိုင်မဟုတ်သည့်အီလစ်များဖြစ်သည်။

အီလစ်တို့သည် အဟောင်း အသစ်အစားထိုးတတ်ကြသည်။ အီလစ်တစ်ယောက်သည် အီလစ်ဘဝမှ အီလစ်မဟုတ် သကဲ့သို့ ပြောင်းလဲနေထိုင်သွားတတ်သည်လည်းရှိတတ်သည်။

ထင်ရှားသည့်အီလစ်များထဲတွင် Gaetano Mosca လည်းပါဝင်သည်။ မော့စ်ကာသည် အီလစ်တို့၏ လူမှုဗေဒနှင့် ပုဂ္ဂလိကပိုင်းကို အလေးထားလေ့လာခဲ့သည်။ အီလစ်များသည် လူနည်းစုအုပ်စုလေးတစ်စုအသွင်သာဖြစ်ပြီး လူများစုကို ရှောင်လေ့ရှိကြသည်။ အုပ်ချုပ်သူလူ တန်းစားသည် အုပ်ချူပ်နိုင်စွမ်းအကြံပေးနိုင်သူများအပြင် တစ်ဆင့်ခံများကိုပါ စုစည်း မွေးထားလေ့ရှိကြသည်။ သူလည်းအီလစ်များကို နှစ်မျိုးခွဲခြားထားသည်။

၁။ အုပ်ချုပ်သူလူတန်းစားအီလစ်များ

၂။ အုပ်ချုပ်ခံလူတန်းစားအီလစ်များဟူ၍ဖြစ်သည်။

အခြေခံစည်းမျဉ်းသုံးရပ်[ပြင်​ဆင်​ရန်​]

အီလစ်ပညာရှင်နောက်တစ်ဦးမှာ Robert Michels ဖြစ်သည်။ ရောဘတ်သည် လူနည်းစုအုပ်ချုပ်ရေးသံမဏိစည်းမျဉ်းကို အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။ သူက လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများတွင် သီးခြားလူနည်းစုတို့ဖြင့်သာ အုပ်ချုပ်မှုကိုအကောင် အထည်ဖော်သင့်ကြောင်းဖွင့်ဆိုထားသည်။ လူ့ဘောင်အဖွဲ့အစည်းသည်အရေးပါသလို အလုပ်တာဝန် ခွဲဝေလုပ်ကိုင်ခြင်းသည်လည်း အရေး ကြီးပြီး အီလစ်များသည် ထိုလူ့ဘောင်ကိုအုပ်ချုပ်ရမည့်သူများသာဖြစ်သည်ဟုဆိုသည်။ လူ့ဘောင်အဖွဲ့အစည်းတိုင်းတွင် အီလစ်များရှိပြီး ထိုအီလစ်များသည် နိုင်ငံရေးတွင်ဗျူရိုကရေစီယန္တရားကိုလည်ပတ်နိုင်စေရန် အထောက်အကူပြုရမည့်သူများဖြစ်သည်ဟုဆိုသည်။ သူက အီလစ်တို့အတွက် အခြေခံစည်းမျဉ်းသုံးရပ်ကိုချမှတ်ခဲ့သည်။

၁။ ခေါင်းဆောင်များ၊ အထူးကျွမ်းကျင်ဝန်ထမ်းများကို ပံ့ပိုးနိုင်သူများဖြစ်ရမည်

၂။ ပံ့ပိုးမှုများကို အကျိုးရှိစွာအသုံးချတတ်သည့် ခေါင်းဆောင်ကောင်းများဖြစ်ရမည်

၃။ ခေါင်းဆောင်များ၏စိတ်ပိုင်းဆိုင်ရာအရည်အသွေးကောင်းစေရမည်

ပါဝါသုံးစု[ပြင်​ဆင်​ရန်​]

အီလစ်ပညာရှင်တစ်ဦးဖြစ်သည့် C.Wright Mills သည် ၁၉၅၆ ခုနှစ်တွင် The Power Elite ဆိုသည့် စာအုပ် တစ်အုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ အမေရိကန်နိုင်ငံ၏ပါဝါနှင့်ပတ်သက်ပြီး အမြင်သစ်ဟုဆိုထားသည်။ သူက သုံးဦးပါဝါ အုပ်စုတစ်စုကို ဖွဲ့စည်းထားရမည်ဟုဆိုသည်။ ထိုပါဝါသုံးစုမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့ဖြစ်သည်။ ထိုပါဝါသုံးရပ်သည် ခြားနားသည်၊ ပေါင်းစည်း၍မရနိုင်ဟု ထင်ရသော်လည်း အမေရိကန်နိုင်ငံတွင် ပါဝါကိုဆုပ်ကိုင်ထားနိုင်သည့် စွမ်းအားစုကြီး တစ်ရပ်အဖြစ် သူကရှုမြင်သုံးသပ်ခဲ့သည်။

သုံးသပ်ချက်[ပြင်​ဆင်​ရန်​]

ပြည်သူတို့ကိုယ်စားမပြုသည့် အီလစ်တို့ဖြင့်ဖွဲ့စည်းထားသည့် အုပ်ချုပ်မှုအောက်တွင် နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာ သို့မဟုတ် နိုင်ငံတော်၏ဓနအင်အားတို့သည် အာမခံချက်မရှိပေ။ ဖောက်ပြန်တတ်သည့်လူတန်းစားညာဉ်နှင့် အတ္တအကျိုးကို ရှေ့တန်း တင်သူများကြီးစိုးမှု လွန်ကဲလာလျှင် နိုင်ငံတော်အတွင်း ခြစားမှုများ၊ အလွဲသုံးစားလုပ်မှုများ၊ ကိုယ်ကျိုးရှာမှုများကြောင့် ပျက်စီးတတ်သည်။ အီလစ်တို့၏နိုင်ငံရေး ကျဆုံးမှုသည်ထိုအချက်များတွင်အခြေခံနေကြောင်းတွေ့ရသည်။ ဒီမိုကရေစီစနစ်သည် အုပ်ချုပ်သူလူတန်းစားကို ပြင်ပပြည်သူကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်များကို ထည့်သွင်းခွင့်ပေးထားခြင်းကြောင့် အီလစ်တို့ ထင်တိုင်းလုပ်ခွင့်နည်းစေသည့်နည်းလမ်းဖြစ်သည်ဟုဆိုကြသည်။ ဂျာမနီတွင် နာဇီတို့စိုးမိုးစဉ်က ပါတီအသွင်ဖြင့် ရှေ့တန်း တက်လာသော်လည်း နောက်ပိုင်းတွင် မိမိတို့သာလျှင် အမျိုးမြင့်မြတ်သော အီလစ်အသွင်ခံစားလာကာ အစွန်းရောက်သွားသဖြင့် ကျဆုံးခဲ့ရသည်။ လက်ရှိဒီမိုကရေစီထွန်းကားသောနိုင်ငံများတွင် ပါတီတို့၏ပြိုင်ဆိုင်မှုနှင့် ပါတီအပေါ်အလေးထားမှုလွန်ကဲလာလျှင် သို့မဟုတ် ပါတီတို့၏အခန်းကဏ္ဍကိုရှေ့တန်းတင်လွန်းပြီး ပြည်သူတို့နှင့်ကင်းကွာလျှင် ပါတီနှင့် ဒီမိုကရေစီကျဆုံးခန်း ရောက်လိမ့် မည်ဟု ခန့်မှန်းကြသည်။

Floyd Hunter က အာဏာကိုဆန်းစစ်ကြည့်ရာတွင် အမှန်တကယ်ချုပ်ကိုင်ထားသူများထက် နောက်ကွယ်မှ ဆက်စပ်မှုများကို သုံးသပ်ဆင်ခြင်နိုင်မှသာ မှန်ကန်လိမ့်မည်ဟု သုံးသပ်ပြထားသည်။ ဟန်းတားဆိုလိုသည်မှာ အာဏာနှင့် ဆက်စပ်နေသည့် စီးပွားရေးသမားများ၊ နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်းဆောင်များကိုလည်း မြင်အောင်ကြည့်နိုင်မှသာ မှန်ကန်လိမ့်မည်။ လက်ရှိဒီမိုကရေစီနစ်တွင် ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်များ၏ အမှန်တကယ်နောက်ကွယ်မှ ကိုယ်စားပြုနေ သည့်သူများကို မြင်အောင်ကြည့်နိုင်မှသာလျှင် စစ်မှန်သည့်ဒီမိုကရေစီဖြစ်နိုင်မည်ဟုဆိုထားသည်။ James Burnham ကလည်း အာဏာကိုလက်ကိုင်ထားသူတွေထက် စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေကို သတိထားဟုပြောကြားခဲ့ဖူးသည်။

Elitism ကို ‘‘လူတော်လူကောင်းထွန်းကားရေး၊ အထက်လွှာ လူ့မလိုင်လူတန်းစားရှိသင့်ကြောင်းယုံကြည်ချက်’’ ဟူ၍ အဓိပ္ဋာယ်ဖွင့်ဆိုပါသည်။ လူ့မလိုင်သီအိုရီသည် အနောက်တိုင်းနိုင်ငံရေးလောကတွင် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂ဝ ရာစု အစောပိုင်းတွင်စတင် ထွန်းကားလာသည်။ ထိုသဘောတရားကို ထွန်းကားစေရန်လုပ်ဆောင်သူများထဲတွင် Gaetano Mosca ၊ Vilfredo Pareto နှင့် Robert Michel တို့သည်ထင်ရှားသည်။ ထိုပညာရှင်များသည် အရစ္စတိုတယ်နှင့် ကားလ်မာ့က်စ်တို့၏ ဂန္ထဝင်ဒီမိုကရေစီအတွေးအခေါ်များကိုတိုက်ခိုက် ပြီးဝေဖန်ရေးသားခဲ့ကြသည်။ သူတို့က လူများစုအုပ်ချုပ်ရေးစနစ်သည် မဖြစ်နိုင်ဟုဝေဖန်ထောက်ပြကြသည်။ လူ့ဘောင်အဖွဲ့အစည်းတိုင်းတွင် အုပ်ချုပ်သူလူတန်းစားနှင့် အုပ်ချုပ်ခံလူတန်းစားဟူ၍ ရှိကြမည်သာဖြစ်သည်။ အုပ်စိုးသူလူတန်းစားသည် မည်သည့်လူ့ဘောင်အဖွဲ့အစည်းတွင်မဆို လူနည်းစုသာဖြစ်သင့်ကြောင်း အယူအဆသည် အီလစ်သီအိုရီ၏အခြေခံသဘောတရားဖြစ်သည်။

အရစ္စတိုတယ်က နိုင်ငံရေးစနစ်ကို သုံးမျိုးသုံးစားခွဲခြားခဲ့သည်။ တစ်ဦးတစ်ယောက်အုပ်ချုပ်ရေး၊ လူနည်းစုအုပ်ချုပ်ရေး၊ လူများစုအုပ်ချုပ်ရေးဟူ၍ဖြစ်သည်။ လူဆိုသည်မှာ မိမိကိုယ်တိုင်ကိုပင်အစိုးမရသောကြောင့် လူအများကိုအုပ်ချုပ်ရန်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လော၊ သို့ဖြစ်ရာ အစိုးရအနေဖြင့် အုပ်စိုးရန်လည်းဖြစ်နိုင်ပါမည်လော။ လူနည်းစုအုပ်ချုပ်သည့်စနစ်သည် သမိုင်းတွင် အောင်မြင်သည့် အထောက်အထားများရှိခဲ့သည်။ မာ့က်စ်ဝါဒ၏နိဂုံးသည် လူတန်းစားတိုက်ပွဲဖြစ်သည်။ အလုပ်သမား လူတန်းစားတို့အောင်ပွဲခံနိုင်လျှင် တိုက်ပွဲအောင်မြင်ပြီဖြစ်သည်။ တိုက်ပွဲအောင်မြင်လျှင် လူတန်းစားမဲ့ လူ့ဘောင်ကို ထူထောင် နိုင်လိမ့်မည်။ ထိုအယူအဆသည် အီလစ်တို့ လက်မခံနိုင်လောက်သည့် မှားယွင်းသောအယူအဆများဖြစ်သည်။

အဆုံးမဲ့တိုက်ပွဲ[ပြင်​ဆင်​ရန်​]

သမိုင်းစဉ်တွင် အီလစ်တို့ကြား၌လည်း တိုက်ပွဲတွေစဉ်ဆက်မပြတ်ဆင်နွှဲနေကြရသည်။ ထိုတိုက်ပွဲသည် အဆုံးမဲ့တိုက်ပွဲ ဖြစ်သည်။ လူတန်းစားမဲ့လူ့ဘောင်အဖွဲ့အစည်းဆိုသည်မှာ မည်သည့်အခါမျှ ထူထောင်၍မဖြစ်နိုင်ပေ။ အီလစ်သီအိုရီကို စတင်ထူထောင်ခဲ့ကြသူများက မာ့က်စ်သည် နိုင်ငံရေးထက် စီးပွားရေးအပေါ်တွင်အလေးထားသောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုသည့် သဘောတရားများ ပေါ်ပေါက်လာခဲ့ရသည်ဟုဆိုသည်။

အီလစ်သီအိုရီနှင့် အီလစ်တို့၏အသွင်သဏ္ဍန်သည် လူ့ဘောင်လောကအတွင်း ထင်ပေါ်ခြင်းမရှိပေ။ အီလစ်တို့သည် အစိုးရအဖွဲ့ အတွင်းတွင်လည်းရှိနိုင်သည်။ သို့သော် သူတို့သည် ကန့်လန့်ကာနောက်ကွယ်မှာသာ ရှိနေပြီး လူမြင်ကွင်းအတွင်း ထင်ထင်ပေါ်ပေါ် ထွက်လာခြင်းပြုမည်မဟုတ်ပေ။ သူတို့သည် ပြည်တွင်းမှလည်းဖြစ်ချင်ဖြစ်မည်၊ ပြည်ပမှလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့သည် လူကြားထဲထွက်ပြီး မည်သည့်အခါမျှ လူလုံးပြလိမ့်မည်မဟုတ်။ သို့သော် သူတို့အတွေးအခေါ်၊ အကြံအစည်များက လူထုအားလွှမ်းမိုး ထိန်းချုပ်နိုင်စေသည့် အင်အားများဖြစ်ကောင်းဖြစ်နိုင်သည်။ အီလစ်များသည် အာဏာကို ခွဲဝေပိုင်းခြားသူနေရာထက်၊ အုပ်ချုပ်သူလူတန်းစားအား ချုပ်ကိုင်ရခြင်းကိုသာ အလေးထားမြတ်နိုးကြသည်။ သို့ဖြစ်ရာ အီလစ်များသည် နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို မြတ်နိုးကြပြီး နိုင်ငံတော်ကောင်းကျိုးအတွက်သာ ကြံဆောင် ကြိုးပမ်းပေးကြပေလိမ့်မည်။ သူတို့သည် သူတို့ယုံကြည်သည့် အုပ်ချုပ်သူ လူတန်းစားနောက်ကွယ်မှအီလစ်များအဖြစ်ကိုသာ ခံယူလိုကြပြီး၊ သူတို့မယုံကြည်သည့်အုပ်ချုပ်သူများဖြစ်နေပါကလည်း အီလစ်ဘဝများမှ ဖျောက်ထားကြမည်သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အီလစ်များသည် အုပ်ချုပ်သူလူတန်းစား၏အနေအထား၊ တိုင်းပြည်၏အနေအထားအကြောကို နောကျေ အောင်သိနေသူများဟူ၍လည်းဆိုနိုင်သည်။

လူနည်းစုအုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

အီလစ်သီအိုရီသည် လူများစုထက် လူနည်းစုအုပ်ချုပ်ရေးကိုသာအလေးပေးသည်။ လူသာမန်ဆိုသည်မှာ ဟန်သာရှိပြီး အဆံရှိချင်မှရှိမည်။ ထိုသူမျိုးများသည် တိုင်းပြည်အုပ်ချုပ်ရေးတွင်မဖြစ်နိုင်ဟု သူတို့လက်ခံထားခဲ့သည်။ ပြည်သူတွေက ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်လိုက်ကြသည်ကို အဟုတ်ကြီးမှတ်နေသော်လည်း အများလက်ခံသည့်စံသည် အများအတွက် မှန်ချင်မှမှန်မည်ဟု သူတို့ကဝေဖန်ကြသည်။ အီလစ်များက ဒီမိုကရေစီလူ့မလိုင်သီအိုရီတစ်ခုကို ချပြခဲ့ကြသေးသည်။ သို့သော် သူတို့မယုံကြည်သည့် လူများစု အုပ်ချုပ်ရေးနှင့် ပဋိပက္ခဖြစ်ခဲ့ကြရသည်။ အီလစ်ပါရာဒိုင်းသစ်ဟူ၍ ပေါ်ပေါက်ခဲ့သေးသည်။ မော့စ်ကာကစတင်ထူထောင်ခြင်းဖြစ်ပြီး ၁၉၈ဝ နှင့် ၁၉၉ဝ ပြည့်နှစ်များတွင် ထွန်းကားခဲ့သေးသည်။ ခေတ်သစ်ဒီမိုကရေစီ အသွင်ဖြင့် ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံအတွင်း၌ သာလက်ခံခဲ့ကြသည်။

အီလစ်သီအိုရီကို လူတိုင်းသဘောမတွေ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူကိုအဓမ္မရှေ့တန်းတင်နေကြရသည့် ဒီမိုကရေစီ လူ့ဘောင်တွင် အီလစ်ဆိုသည်မှာ ပညာတတ်လူတန်းစားအဖြစ် သီးခြားအသွင်ဆောင်နေသောကြောင့်ဖြစ်သည်။ အီလစ်သီအိုရီသည် ဒီမိုကရေစီအသွင်ဆောင်သည့်လူ့ဘောင် သို့မဟုတ် လူမှုတော်လှန်ရေးကိုဦးဆောင်နေသူများကြားတွင် ရေပန်းမစားနိုင်ပေ။ သူတို့က ကိုယ်ကျိုးမဖက် အများအတွက်လုပ်ဆောင်ပြနေရခြင်းကပင် အီလစ်များနှင့်ဆန့်ကျင်နေသည်။ အီလစ်တို့သည် လူမှုရေးပြဿနာ၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေးကမောက်ကမဖြစ်မှုများကို ထိန်းကောင်း ထိန်းနိုင် မည်ဖြစ်သော်လည်း ဘဝပေးကုသိုလ်ကြောင့် နောက်ကွယ်မှ king maker များအဖြစ်သာ ရပ်တည်ခွင့်ရရှိပြီး၊ ထိုသို့ ရပ်တည် ရခြင်းကိုပင် ကျေနပ်ဂုဏ်ယူချင်သူများဖြစ်သည်။ မည်သို့ဆိုစေ အီလစ်တို့အား နိုင်ငံရေးဇာတ်ခုံတွင် အဓိကကျသူများနေရာမှ စီစဉ်ဆောင်ရွက်ပေးနေရသူများဖြစ်သည်ကိုကား မငြင်းနိုင်ပေ။ သူတို့သည်နိုုင်ငံရေးတွင် ရောယောင်လက်ထောင်နေသူများထက်၊ လက်ထောင် လက်ချ သူတို့အချက်ပြသည့်အတိုင်းလုပ်နိုင်အောင် စွမ်းဆောင်နိုင်သူများအဖြစ်ကား အသိအမှတ်ပြုရမည်ဖြစ်သည်။