အီဂျစ်မှပိရိမစ်များ
From Wikipedia
အီဂျစ်မှ ပိရိမစ်များ သည် အီဂျစ်နိုင်ငံတွင် တည်ရှိသော ပိရိမစ်ပုံသဏ္ဌန် အဆောက်အဦးများဖြစ်သည်။ ပိရိမစ် စုစုပေါင်း ၁၀၀ ကျော်မျှရှိပြီး အများစုမှာ ဘုရင်စံနစ်ခေတ်ဦး နှင့် ဘုရင်စံနစ်၏ အလယ်ခေတ်တို့တွင် တည်ဆောက်ခဲ့ကြသည်။ ပထမဦးဆုံးပိရိမစ်မှာ ဂျိုဇာပိရိမစ်ဖြစ်ြပီး တတိယမြောက်ဘုရင်မင်းဆက် ဂျိုဇာဘုရင်၏လက်ထက်တွင် တည်ဆောက်ခဲ့သည်။ ဘုရင်၏ ဂူသင်္ချိုင်းအတွက် အင်မ်ဟိုတက်ပ်မှ ပုံစံထုတ်တည်ဆောက်ခဲ့သည်။ အထင်ရှားဆုံးသော အီဂျစ်ပိရိမစ်မှာ ဂိုင်ဇာပိရိမစ်ဖြစ်ြပီး ထိုပိရိမစ်မှာ လူ့သမိုင်းတွင် အကြီးဆုံးတည်ဆောက်ခဲ့သော အဆောက်အဦးအဖြစ် သိရှိကြပြီး ရှေးခေတ်ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါး တွင် တစ်ခုတည်းကျန်ရှိခဲ့သော အဆောက်အဦးလည်းဖြစ်သည်။
[ပြင်ဆင်ရန်] ပေါ်ပေါက်လာပုံ သမိုင်းကြောင်း
အီဂျစ်သမိုင်းကြောင်း၏ အစကနဦးကာလတွင် ပြည့်စုံကြွယ်ဝသောသူတို့သည် မတ်စ်တာဘတ် ဟုခေါ်သော ကျောက်ခုံနှင့် သဏ္ဌန်တူသည့် ဂူသင်္ချိုင်းများဖြင့် သင်္ဂြိုလ်လေ့ရှိကြသည်။
အီဂျစ်ဆိုင်ရာပညာရှင်တို့၏ လေ့လာတွေ့ရှိချက်အရ ပထမဦးဆုံးသမိုင်းဝင် ပိရိမစ်ကို တည်ဆောက်ခဲ့သူမှာ ဗိသုကာပညာရှင် အင်မ်ဟိုတက်ပ်(Imhotep) ဖြစ်ပြီး ဖာရိုဘုရင် ဂျိုဇာ(Djozer) ၏ ပိရိမစ်အတွက်ဖြစ်သည်။ အင်မ်ဟိုတက်ပ်သည် မတ်စ်တာဘတ် ကျောက်တုံးများကို တစ်ခုပေါ်တစ်ခုဆင့်၍ အဆောက်အဦးတည်ဆောက်ရန် ပထမဆုံးအကြံရသူဖြစ်နိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် လှေကားထစ်များပမာ အဆင့်များပါရှိပြီး အထက်သို့မြင့်တက်လာသည်နှင့်အမျှ အရွယ်အစားသေးငယ်သွားသော အဆောက်အဦးပုံစံတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအကြံအစည်၏ ရလာဒ်မှာ ဂျိုဇာဘုရင်၏ အထပ်ဆင့်ပိရိမစ်(step pyramid) ပင်ဖြစ်သည်။ ထိုပိရိမစ်မှာ သေဆုံးသွားသော ဖာရိုဘုရင်၏ဝိဉာဥ် ကောင်းကင်ဘုံသို့ လှမ်းတက်နိုင်ရန်အတွက် ကြီးမားသော လှေကားထစ်များသဖွယ် ပုံစံထုတ်ထားခြင်းပင်ြဖစ်သည်။ အင်မ်ဟိုတက်ပ်၏ အောင်မြင်မှုမှာ အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ြပီး နောက်လာမည့် အီဂျစ်ြပည်သားတို့အတွက် စံပြတစ်ခုဖြစ်ခဲ့သည်။
ပိရိမစ်များကို အမြောက်အများတည်ဆောက်သောကာလမှာ ဖာရိုဘုရင်တို့၏ သက်ဦးဆံပိုင်စံနစ်နှင့် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် ဂိုင်ဇာအနီးတဝိုက်ရှိ အထင်ရှားဆုံးသော ပိရိမစ်များကို တည်ဆောက်ခဲ့သော အချိန်လည်းဖြစ်သည်။ အချိန်ကာလကြာမြင့်လာသောအခါ
အုပ်ချုပ်မှုအာဏာမှာ ပြန့်ကျဲလျော့ရဲ လာပြီး ထုထည်လွန်စွာကြီးမားသော ပိရိမစ်များကို တည်ဆောက်နိုင်ရန်လိုအပ်သည့် အရင်းအမြစ်များကို ထိန်းချုပ်နိုင်သည့် စွမ်းဆောင်နိုင်မှုနှင့် စိတ်အားထက်သန်မှု လျော့နည်းလာသည်။ ထို့ကြောင့် နောက်ပိုင်းတည်ဆောက်သော ပိရိမစ်များမှာ ယခင်ကတည်ဆောက်ခဲ့သော ပိရိမစ်များနှင့် နှိုင်းယှဥ်လျှင် အရွယ်အစားသေးငယ်ခြင်း၊ ကောင်းမွန်စွာတည်ဆောက်မှုမရှိခြင်းနှင့် အလောသုံးဆယ်တည်ဆောက်ထားခြင်းတို့ကို တွေ့နိုင်သည်။
အီဂျစ်တို့၏ ပိရိမစ်တည်ဆောက်သည့်အချိန်ကာလ ကျော်လွန်ကုန်ဆုံးပြီး နှစ်ကာလအတော်ကြာသောအခါ၌ ယခု ဆူဒန်နိုင်ငံနေရာတွင် အီဂျစ်မှ နာပါတာဘုရင်များ၏ လက်ထက်၌ ပိရိမစ်တည်ဆောက်မှု ပြန်လည်ထွန်းကားလာခဲ့ပြန်သည်။ နာပါတန်တို့၏ အုပ်ချုပ်မှုမှာ ကာလတိုတောင်းပြီး ဘီစီ ၆၆၁ တွင်ကုန်ဆုံးခဲ့သော်လည်း အီဂျစ်တို့၏ လွှမ်းမိုးမှုမှာ ဖျောက်ဖျက်မရနိုင်သော အတုယူအားကျစရာတစ်ခု ဖြစ်စေခဲ့သည်။ နှောင်းပိုင်းကာလ ဆူဒန်ရှိ မီရိုးဘုရင်ခေတ်(ခန့်မှန်းခြေအားဖြင့် ဘီစီ ၃၀၀ မှ အေဒီ ၃၀၀အတွင်း) တွင် ထိုလွှမ်းမိုးမှုမှတဆင့် ပိရိမစ်တည်ဆောက်ခြင်း အကြီးအကျယ်ြပန်လည်ထွန်းကားလာခဲ့သည်။ ထို့ကြောင့် ပင်ကိုယ်ဖြစ်သော်လည်း အီဂျစ်တို့၏လွှမ်းမိုးမှုကြောင့်ဖြစ်သည့် တော်ဝင် ပိရိမစ်ဂူသင်္ချိုင်း ၂၀၀ကျော်ကို မြို့တော်၏ ပတ်၀န်းကျင်ဒေသ၌ တည်ဆောက်ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။
[ပြင်ဆင်ရန်] ပိရိမစ်သင်္ကေတနိမိတ်ပုံ
ပိရိမစ်သင်္ကေတနိမိတ်ပုံမှာ အီဂျစ်တို့ယုံကြည်ထားသော ကမ္ဘာစတင်ဖြစ်ပေါ်ချိန်တွင် ရှိသည့် အစကနဦး မြေကြီးအစုအဝေး၏ ပုံသဏ္ဌန်ကို ထင်ဟပ်ဖော်ြပထားခြင်း ဟု ထင်မြင်ယူဆကြသည်။ ထို့အတူ နေရောင်ခြည် ဖြာထွက်ကျဆင်းလာသော ပုံသဏ္ဌန်ကို ထင်ဟပ်ဖော်ြပထားခြင်းဟုလည်း ထင်မြင်ယူဆကြသည်။ ပိရိမစ်အများစုမှာ အဝေးမှကြည့်လျှင် ပြောင်လက်တောက်ပသော သဏ္ဌန်ရှိစေရန်အတွက် မျက်နှာစာကို ပြောင်လက်နေအောင်တိုက်ချွတ်ထားပြီး အလွန်အမင်း အလင်းပြန်လေ့ရှိသော ထုံးကျောက်များဖြင့်တည်ဆောက်ထားလေ့ရှိသည်။ ပိရိမစ်များကို မကြာခဏဆိုသလိုပင် နေရောင်ခြည်ဖြာထွက် ကျရောက်ပုံပေါ်မူတည်၍ အမည်ပေးလေ့ရှိသည်။ ဥပမာအားဖြင့် ဒါရှာရှိ ဘင့်န်ပိရိမစ်၏ တရားဝင်အမည်မှာ တောင်ဘက်ရှိတောက်ပသော ပိရိမစ်ဖြစ်ြပီး မူရင်းအမည် Senwosret at el-Lahun မှာ Senwosret သည် တောက်ပနေသည်ဟု အဓိပ္ပါယ်ရသည်။
ယေဘူယျအားဖြင့် ပိရိမစ်များကို မြှုပ်နှံရာအဆောက်အဦးများအဖြစ် အားလုံးက လက်ခံကြသော်လည်း ပိရိမစ်တို့ ပေါ်ပေါက်လာပုံနှင့် ပတ်သက်သည့် ဘာသာရေးယုံကြည်မှုနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိကြသည်။ တစ်ခုသော သီအိုရီမှာ ပိရိမစ်တို့ကို ပြန်လည်ရှင်သန်မွေးဖွားရာယန္တရား တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်း ဟူ၍ ဖြစ်သည်။
အီဂျစ်တို့၏ ယုံကြည်မှုမှာ ညဘက်ကောင်းကင်ြပင်ရှိ ကြယ်တာရာတို့ထွက်ပေါ်ရာ မှောင်မိုက်သော ဒေသမှာ ကောင်းကင်ဘုံသို့သွားရာ လမ်းကြောင်း ဖြစ်သည်ဟူ၍ဖြစ်သည်။ အဓိကမြှုပ်နှံရာဂူအတွင်းမှ တစ်ခုသော ကျဥ်းမြောင်းသော လမ်းကြောင်းသည် ပိရိမစ်ကြီးတစ်ခုလုံးကို ဖြတ်၍ ကောင်းကင်ယံရှိ ထိုနေရာသို့ ညွှန်ြပတည်ဆောက်ထားသည်ကို တွေ့နိုင်သည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ပိရိမစ်သည် သေဆုံးသွားသော ဖာရိုဘုရင်၏ ဝိဉာဥ်ကို ကောင်းကင်ဘုံရှိ နတ်ဘုရားများ၏ နေအိမ်သို့ ထူးခြားဆန်းကြယ်သောနည်းအားဖြင့် လွှတ်တင်ရန် ပုံစံထုတ်တည်ဆောက်ထားသည်ဟု ယူဆနိုင်သည်။
အီဂျစ်ရှိပိရိမစ်များ အားလုံးသည် နိုင်းမြစ်၏ အနောက်ဖက် ကမ်းပါးတွင် တည်ဆောက်ထားကြသည်။ ထိုနေရာမှာ အီဂျစ်ဒဏ္ဍာရီရှိ နေဝင်ရာဒေသဖြစ်ပြီး သေဆုံးရာကမ္ဘာနှင့် ဆက်စပ်ယူဆကြ
[ပြင်ဆင်ရန်] ပိရိမစ်များ၏ အရေအတွက်နှင့် တည်နေရာ
ယနေ့ခေတ် အီဂျစ်ရှိ ပိရိမစ်များမှာ ၈၁ခု နှင့် ၁၁၂ ခုကြားရှိမည်ဟု အများစုက ရေးသားမှတ်တမ်းတင်ကြပြီး အများစုက ကြီးမားသောကိန်းဂဏန်းကို ပို၍လက်ခံကြသည်။