ဒန်နီယယ် အိုကော်နယ်

ဝီကီပီးဒီးယား မှ
(အိုကွန်နယ် ဒန်းနယဲ မှ ပြန်ညွှန်းထားသည်)

ဒန်နီယယ် အိုကော်နယ်သည် အိုင်းရစ်အမျိုးသား နိုင်ငံရေးခေါင်းဆောင်ဖြစ်၍ အိုင်ယာလန်နိုင်ငံရှိ ရောမကက်သလစ်ဂိုဏ်းဝင်တို့အတွက် ဗြိတိသျှအစိုးရက ပြဋ္ဌာန်းထားသော အချုပ်အချယ်ဥပဒေများကို ဦးဆောင်တိုက်ဖျက်ခဲ့သူဖြစ်သည်။ ၁၇ ရာစုနှစ်ကတည်းက ရောမကက်သလစ် ဂိုဏ်းဝင်တို့သည် ဗြိတိသျှပါလီမန်သို့ တက်ရောက်နိုင်ခွင့်မရှိခဲ့ချေ။ အိုကော်နယ်၏ ကြိုးပမ်းမှုကြောင့်၁၈၂၉ ခုနှစ်တွင် ဗြိတ်သျှပါလီမန်က ကက်သလစ် လွတ်လပ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းအားဖြင့်၊ ရောမ ကက်သလစ်ဂိုဏ်းဝင်တို့သည် ပါလီမန်သို့တက်ရောက်ခွင့် ရရှိခဲ့ကြသည်။

ဒန်နီယယ် အိုကော်နယ်သည် ၁၇၇၅ ခုနှစ်ဩဂုတ်လ ၆ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ကဲရီခရိုင်၌ ဖွားမြင်၍ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားခဲ့သည်။ ၁၇၉၄ ခုနှစ်မှ ၁၇၉၆ ခုနှစ်အထိ အင်္ဂလန်နိုင်ငံတွင် ဥပဒေပညာကို သင်ကြားပြီးနောက်၊ ၁၇၉၈ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ၌ ရှေ့နေအလုပ်ကို စတင်လုပ်ကိုင်သည်။ အိုကော်နယ်သည် ရောမကက်သလစ် ဂိုဏ်းဝင် တစ်ဦးဖြစ်သည့်အလျောက် ကက်သလစ်ဂိုဏ်းဝင် အိုင်းရစ်အမျိုးသားတို့အတွက် နိုင်ငံရေးအရ လွတ်လပ်ခွင့်ကိုရရှိအောင် ကြိုးစားဆောင်ရွက်သည်။ ၁၈၂၃ ခုနှစ်တွင်ကက်သလစ် အဖွဲ့ကိုတည်ထောင်၍ အိုင်းရစ်အမျိုးသား လူတန်းစားအသီးသီး တို့ကိုစည်းရုံးခဲ့ရာ ထိုအဖွဲ့သည် အိုင်ယာလန်နိုင်ငံ၌ အင်အားကြီးသော နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာလေသည်။ ၁၈၂၅ ခုနှစ်တွင် ဗြိတိသျှပါလီမန်က ထိုအဖွဲ့ကို ပိတ်ပင်ခဲ့သော်လည်းမအောင်မြင်ချေ။ ကက်သလစ်အဖွဲ့သည် အိုင်းရစ်အမျိုးသား ဘုန်းတော်ကြီးများနှင့် တောင်သူလယ်သမားတို့၏ ထောက်ခံ အားပေးမှုကို ရရှိခဲ့လေသည်။

၁၈၂၈ ခုနှစ်တွင် အိုကော်နယ်သည် ကလဲယားခရိုင်မှ ပါလီမန်အမတ်အဖြစ် ရွေးကောက်ခြင်း ခံရသည်။ သို့ရာတွင် ကက်သလစ်ဂိုဏ်းဝင်တစ်ဦးအနေဖြင့် ပါလီမန်နည်းဥပဒေအရ လိုအပ်သောကျမ်းသစ္စာ ကျိန်ဆိုခြင်းအမှုကို မပြုလုပ်နိုင်ချေ။ ထို့ကြောင့် ၁၈၂၉ ခုနှစ်တွင် ဗြိတိသျှပါလီမန်သည်ကက်သလစ် လွတ်လပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းအတည်ပြုခဲ့ရလေသည်။ ထို့နောက် အိုကော်နယ်သည် အမတ်အဖြစ် ပြန်လည် အရွေးခံရပြီးလျှင် ဗြိတိသျှပါလီမန်သို့ တက်ရောက်ခဲ့သည်။ ပါလီမန်တွင် ဝှစ်ပါတီနှင့်ပူးပေါင်း၍ အိုင်းရစ်အမျိုးသားတို့ လွတ်လပ်ရေးအတွက် အားထုတ်ဆောင်ရွက်သည်။ အထူးသဖြင့် အိုင်ယာလန်နှင့် အင်္ဂလန်နိုင်ငံတို့ကို ပူးပေါင်းထားသည့် ပူးပေါင်းရေးအက်ဥပဒေကို ပယ်ဖျက်ရန်ကြိုးစားသည်။ ၁၈၄၃ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံတစ်ဝှန်းလုံး၌ ထိုဥပဒေကန့်ကွက်ပွဲများကို အကြီးအကျယ် ကျင်းပစေခဲ့ရာ အစိုးရက အိုကော်နယ်ကို အာဏာဖီဆန်မှုဖြင့်ဖမ်းဆီး၍ ငွေဒဏ်နှင့်ထောင်ဒဏ်အပြစ်ပေးခဲ့လေသည်။ သို့ရာတွင် ၁၈၄၄ ခုနှစ်၌ ဗြိတိသျှ အထက်လွှတ်တော်က အိုကော်နယ်ကို ထောင်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးသည်။ထိုနောက် အိုကော်နယ်သည် ကျန်းမာရေးချို့ယွင်းလာသဖြင့် ဥရောပတိုက်တောင်ပိုင်းသို့ ခရီးထွက်ခဲ့ရာ၊ ၁၈၄၇ ခုနှစ်မေလ ၁၅ ရက်နေ့တွင် အီတလီနိုင်ငံ၊ ဂျီနိုးအာမြို့၌ အနိစ္စရောက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)