အာသံပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိန္ဒိယနိုင်ငံ အတွင်း အာသံပြည်နယ်ကို ပြထားပုံ

အာသံပြည်နယ်[ပြင်​ဆင်​ရန်​]

အာသံပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ထောင့် ဘင်္ဂလားပြည်နယ်၊ မြန်မာနိုင်ငံ နှင့် ဟိမန္တာတောင်တန်းများ အကြားတွင် တည်ရှိသည်။ အာသံတစ်ပြည်လုံးမှာ [[ဗြဟ္မပုတ္တရ မြစ်]]နှင့် ယင်းမြစ်၏လက်တက်များ ဖြတ်သန်းစီးဆင်းရာ ရှည်လျားသော ချိုင့်ဝှမ်းဒေသကြီးပင် ဖြစ်သည်။ ဗြဟ္မပုတ္တရ မြစ်ဝှမ်းမှာ မြေဩဇာထက်သန်ကောင်းမွန်သည်။ အာသံပြည် နယ်၏ တောင်တန်းများပေါ်တွင် ရွာသွန်းသော မိုးရေချိန်မှာ ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။ မိုးအများဆုံးနေရာတွင် တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် လက်မ ၄ဝဝခန့် ရွာသွန်းသည်။ မကြာသေးမီက တစ်နှစ်အတွင်း မိုးရေချိန် ၈ဝ၅ လက်မအထိ ရွာသွန်း လိုက်ရာ ထိုစံချိန်သစ်မှာ အမြင့်ဆုံးပင် ဖြစ်နေလေ သည်။ အထူးသဖြင့် မိုးအသည်းထန်ဆုံးအချိန်မှာ နွေရာသီ နှစ်လခန့်အတွင်းတွင် ဖြစ်သည်။


အာသံပြည်နယ်အတွင်းရှိ တောများတွင် ကျား၊ ကျားသစ်၊ ဝက်ဝံ၊ ကြံ့၊ ကျွဲ၊ ဆင်နှင့် အခြားနို့တိုက် သတ္တဝါများရှိသည်။ မြွေများကိုလည်း တွေ့နိုင်သည်။ တိုင်းရင်းသားများ ရှိသည့် အနက် ထက်ဝက်ခန့်သည် ဟိန္ဒူအယူဝါဒတွင် သက်ဝင် ယုံကြည်ကြ၍ လေးပုံတစ်ပုံခန့်သည် အစ္စလာမ်အယူဝါဒီများ ဖြစ်ကြပြီးလျှင် ခြောက်ပုံတစ်ပုံခန့်သည် နတ်ကိုးကွယ်သူများ ဖြစ်ကြလေသည်။


လက်ဖက်ခင်းများရှိသောကြောင့် ကမ္ဘာတွင် ထင်ရှားသည့် အာသံပြည်နယ်တွင်းသို့ မြန်မာနိုင်ငံမှ တစ်ဆင့် ချင်းတွင်း မြစ်ကို ဖြတ်ကျော်၍ ရွှေ့ပြောင်းနေထိုင်လာခဲ့ကြသော ရှမ်းတို့ သည် ခရစ် ၁၂၂၈ ခုနှစ်ခန့်ကပင် စတင် ရောက်ရှိလာခဲ့ပြီး နောက် အာသံနယ်၏မြေပြန့်ဒေသတို့တွင် အခြေစိုက် နေထိုင် ကာ အဟုမ်းပြည်ကို တည်ထောင်ခဲ့ကြ၏။ အာသံမြေပြန့်တွင် အဟုမ်းရှမ်းတို့သည် ချူတိယများကိုလည်းကောင်း၊ ၁၅၄ဝ ပြည့်နှစ်တွင် ကချာရီများကိုလည်းကောင်း အောင်နိုင်ခဲ့၏။ ၁၇ ရာစုတွင် ဗင်္ဂလားနယ်မှ မွတ်စလင်တို့ လာရောက် တိုက်ခိုက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက် အာသံနယ်၌ ထီးနန်း ဆက်ခံရေးအတွက် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ရာတွင် နန်း ချခံရသော စန္ဒရကန္တရှိန်အတွက် မြန်မာ တို့သည် နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်၍ ယင်းကို နန်းတင်ပေးခဲ့သည်။ ဤသို့ အားဖြင့် အာသံနယ်တွင် ခရစ် ၁၈၂၂ ခုနှစ်မှ အစပြု၍ မြန်မာ တို့၏ ဩဇာအာဏာ ပျံ့နှံ့ခဲ့လေသည်။ ထိုသို့ ဩဇာအာဏာ ပျံ့နှံ့လာ ခြင်းသည်ပင်လျှင် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ ဖြစ်ပွား ရခြင်းအကြောင်း တစ်စိတ်တစ်ဒေသ ဖြစ်လေသည်။


၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ အပြီးတွင် အာသံ နယ်သည် ဗြိတိသျှတို့ ထိန်းသိမ်းထားသော ပြည်နယ်ဖြစ်လာ လေသည်။ ၁၈၃၂ ခုနှစ်တွင် ကချာနယ်ကို ပူးပေါင်းလျက်၊ ၁၈၃၅ ခုနှစ်နှင့် ၁၈၃၉ ခုနှစ် များတွင် ဂျိန်တိယနယ်နှင့် အာသံမြောက်ပိုင်းတို့သည် အသီးအသီး အရှေ့အိန္ဒိယကုမ္ပဏီ လက်အောက်သို့ ရောက်ရှိခဲ့ကြသည်။ ၁၈၇၄ ခုနှစ်တွင် အာသံ နယ်ကို ဗင်္ဂလားပြည်နယ်မှ ခွဲခြားလိုက်ပြီးလျှင် ဝန်ရှင်တော် မင်းကြီး သီးခြားအုပ်ချုပ်ရသောနယ်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် ဗင်္ဂလားပြည်နယ်ကို အရှေ့ပိုင်း အနောက် ပိုင်း ခွဲခြားခဲ့ပြန်လေရာ၊ အာသံနယ်ကို အရှေ့ ဗင်္ဂလားပြည် နယ်နှင့် ပေါင်းစပ်၍ ဒုတိယ ဘုရင်ခံတစ်ဦးက အုပ်ချုပ်ခဲ့လေ သည်။ ၁၉၂၁ ခုနှစ်သို့ ရောက်သောအခါ သီးခြားပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ပြီးလျှင် ဘုရင်ခံတစ်ဦးအား အုပ်ချုပ်စေ ခဲ့လေသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ ဒီမိုနီယန်နိုင်ငံနှစ်ခု ခွဲလိုက်သောအခါ အာသံပြည်နယ်တွင် အပါအဝင်ဖြစ်ခဲ့သော် စီလဟက်ခရိုင်မှာ ပါကစ္စတန်ပိုင်နက် ထဲသို့ ပါသွားသည်။ အာသံနယ်သည်လည်း အိန္ဒိယနိုင်ငံတွင် အဝင်အပါ ဘုရင်ခံတစ်ဦးအုပ်ချုပ်သော ပြည်နယ်တစ်ခု ဖြစ် လာသည်။ အုပ်ချုပ်ရေးစနစ်မှာ ပါလီမန် အုပ်ချုပ်ရေးစနစ်မျိုး ဖြစ်၍ ဝန်ကြီးချုပ်တစ်ဦး ခေါင်းဆောင်သည့် ဝန်ကြီးအဖွဲ့က ဥပဒေပြု လွှတ်တော်သို့ တာဝန်ခံ၍ အုပ်ချုပ်လေသည်။


အာသံပြည်နယ်တွင် ကိုယ်စားလှယ်ပေါင်း ၁ဝ၅ ဦးပါဝင်သည့် ဥပဒေပြု လွှတ်တော်တစ်ရပ်သာ ရှိ၏။ အာသံပြည်နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၈၄၈၉၉ စတုရန်းမိုင် ခန့်ရှိသည်။ အာသံတစ်ပြည်နယ်လုံးမှာ များသောအားဖြင့် တောတောင် ထူထပ်လှသည်။ ထိုတောနက်ကြီးများမှ ရရှိသော ကုန်ပစ္စည်း များမှာ ကျွန်းသစ်၊ ဆင်စွယ်နှင့် ကြံ့ချိုဖြစ်သည်။ အာသံ ပြည်နယ်လူဦးရေသည် ၁၉၇၁ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်း အရ ၁၄၉၂၅၁ဝ၈ ဖြစ်သည်။


လူအနေများသော ဒေသတို့မှာ ဗြဟ္မပုတ္တှရမြစ်ဝှမ်းနှင့် တောင်ခြေရင်းတစ်လျှောက်တွင် ဖြစ်သည်။ လူဦးရေ၏ ရာခိုင်နှုန်း ၉ဝ ခန့်မှာ လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက် မွေးမြူနေထိုင်ကြသည်။ ဆန်စပါးကို အမြောက်အမြားပင် စိုက်ပျိုးလုပ်ကိုင်သော်လည်း မလုံလောက်သဖြင့် နိုင်ငံခြားမှ တင်သွင်း ဝယ်ယူရသည်။ အာသံတစ်ပြည်လုံးတွင် လက်ဘက် စိုက်ပျိုးသော မြေဧကပေါင်းမှာ ၄ဝဝဝဝဝ ရှိ၍ တစ်နှစ်လျှင် လက်ဖက်ခြောက် ပေါင် သန်းပေါင်း ၂၈ဝ ခန့် ထွက်သည်။ တစ်နေရာမှ တစ်နေရာသို့ ကူးသန်း သွားလာရေးအတွက် မီးရထားလမ်းများ၊ ဖောက်လုပ်ထားသည့်အပြင် မြစ်ကြောင်း မှလည်း မီးသင်္ဘောတို့ဖြင့် သွားလာနိုင်ပေသည်။ မြို့တော်မှာ ရှီလောင်မြို့ဖြစ်၍ ဗြဟ္မပုတ္တရ မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမြို့၏ လူဦးရေမှာ ၁၇ဝဝ မျှသာ ရှိသည်။ အခြားမြို့များမှာ ဒီဗရုဂါးမြို့၊ အိုက်ဂျာမြို့နှင့် ဂေါဟတ္တိမြို့ စသည်တို့ ဖြစ်ကြ သည်။


အာသံပြည်နယ်သည် သဘာဝပစ္စည်းတို့ဖြင့် ကြွယ်ဝသော အဖိုးတန် ဒေသတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ထွက်သော ရေနံ၏ သုံးပုံနှစ်ပုံကို အာသံပြည်နယ်မှ ရရှိသည်။ ကျောက် မီးသွေးလည်း နှစ်စဉ် တန်ချိန်ပေါင်း ၁၅ဝဝဝဝ ခန့်ထွက် သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)