အာဖရိကတိုက် သမိုင်း

ဝီကီပီးဒီးယား မှ

အာဖရိကတိုက်သည် ကမ္ဘာယဉ်ကျေးမှု အစတည်ရာဌာန တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဖရိကတိုက် အရှေ့မြောက်ဘက်ရှိ အီဂျစ်နိုင်ငံတွင် ယဉ်ကျေးမှုများစတင် ပေါက်ဖွားခဲ့သောကြောင့် ဖြစ်သည်။ ဂရိနှင့် ဖီနီရှန်တို့သည် အာဖရိကတိုက်မြောက်ဘက် မြေထဲပင်လယ်ကမ်းတစ်လျှောက် တွင်နယ်သစ်များ တည်ထောင်ကြသည်။ အာဖရိက မြောက် ဘက်ကမ်းခြေတွင်ရှိသော ကားသေ့မြို့ကို ဖီနီရှန်တို့ တည် ထောင်ကြသည်။ ဖီနီရှန်တို့၏ ကားသေ့အင်ပိုင်ယာသည် နှစ်ပေါင်းများစွာ ထွန်းကားစည်ပင်လာရာ မြေထဲပင်လယ် အနောက်ပိုင်းတစ်လျှောက်တွင် ကားသေ့သင်္ဘောများသာ ကူးသန်းရောင်းဝယ်ကြသည်။ စစ္စလီကျွန်းကိုလည်း ကားသေ့ တို့ကပင် သိမ်းယူထားခဲ့သည်။

ဘီစီ သုံးရာစုခန့်တွင် စက်မှုကိရိယာမှအစ စစ်သည် အင်အားပြည့်စုံလာသော ရောမတို့က ကားသေ့ အင်ပိုင်ယာကို စတင်တိုက်ခိုက်သည်။ ကားသေ့စစ်တပ်သည် ကြေးစားလူမျိုး ခြား စစ်သည်များဖြင့် ဖွဲ့စည်း ထားရကား ဝတ်ကျေတန်းကျေ အမှုထမ်းကြသဖြင့် တစ်ကြောင်း၊ ကားသေ့အစိုးရထဲတွင် အချင်းချင်း မညီမညွတ် စိတ်ဝမ်းကွဲပြားနေသဖြင့် တစ်ကြောင်း ဘီစီ ၁၄၆ ခုတွင် ကားသေ့တို့ အရေးရှုံးနိမ့်ခဲ့ရသည်။ ကားသေ့မြို့လည်း ရောမတို့လက်တွင် ပြာကျခဲ့ရသည်။ ထိုအချိန်မှစ၍ အာဖရိကမြောက်ပိုင်းသည် ရောမအင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။ ကားသေ့မြို့ပျက်ပြီး နောက် ရောမတို့လက်ထက်တွင် နိုင်းမြစ်ဝ၏ အနောက်ဘက် အနီးရှိ အယ်လက်ဇန္ဒြီးယားမြို့သည် ထင်ရှားလာသည်။ အေဒီ ငါးရာစုနှစ်တွင် ဗင်းဒေါတို့က ရောမမြို့၏ ကြွယ်ဝချမ်းသာပုံ ကို သိရှိသောအခါ ရောမတို့အား သွားရောက်တိုက်ခိုက်သဖြင့် ရောမမြို့ကျသည်။ ရောမကျသည်နှင့် ဗင်းဒေါတို့သည် အာဖရိက မြောက်ပိုင်းကိုပါ သိမ်းယူကြသည်။

ဗင်းဒေါတို့ မှေးမှိန်သွားသောအခါ အာဖရိကမြောက် ပိုင်းသည် ဗိုင်ဇင်းတိုင် အင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။

အေဒီခြောက်ရာစုနှစ်တွင် အာရေဗျနိုင်ငံ၌ မို့ဟမ္မဒ် ပေါ်ထွန်းလာ၍ ဟောကြားသော အစ္စလာမ်တရားကြောင့် အာရပ်တို့ ညီညွတ်ကြ ပြီးလျှင် အင်အားကောင်းကာ နယ်ချဲ့ကြသည်။ အာဖရိကမြောက်ပိုင်းတွင်အစ္စလာမ်ဘာသာကိုယုံကြည်လာခဲ့ကြသည် အာရပ်တို့ တန်ခိုး မှိန်သောအခါ မိုရော့ကိုနိုင်ငံမှတစ်ပါး အာဖရိကမြောက်ပိုင်း တစ်ခုလုံးသည် အော့တိုမန် တူရကီ အင်ပိုင်ယာတွင်းသို့ ရောက်ရှိသွားလေသည်။ အလယ်ခေတ်လောက်က ဥရောပနိုင်ငံ များသည် အာဖရိကမြောက်ပိုင်းနှင့် အဆက်အသွယ် အနည်း ငယ်သာ ရှိသော်လည်း ၁၅၅ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပင်လယ်ထဲ၌ သွားလာနေကြသော ဥရောပနိုင်ငံများပိုင် သင်္ဘောများကို အာဖရိကတိုက်မြောက်ပိုင်း မိုရော့ကိုနိုင်ငံရှိ ပင်လယ်ဓားပြများကထွက်၍ တိုက်ခိုက်ကြသဖြင့် ဥရောပ သင်္ဘောများက ယင်းတို့အား ဆက်ကြေးများ တင်ကြိုပေးကြ ရသည်။ ၁၈ဝဝ ပြည့်နှစ်ကျော်တွင် ပြင်သစ်ခရစ်ယာန်အယူဝါဒီ တို့သည် အယ်ဂျီးရီးယားနိုင်ငံ၊ မိုရိုကိုနိုင်ငံနှင့်တူနီးရှား တို့လိုအစ္စလာမ်ဘာသာဝင် နိုင်ငံတို့ကိုတိုက်ခိုက်သိမ်းပိုက်ကြသည်။

အာဖရိကမြောက်ပိုင်းကို ယင်းသို့ လူမျိုးပေါင်းစုံ လာ ရောက်သိမ်းပိုက်သွားကြသော်လည်း ယင်းဒေသကို လွန်၍ ပေါက်ရောက်ခဲ့သူ အလွန်နည်းလေသည်။ အဘယ်ကြောင့် ဆိုသော် ယင်းဒေသကိုလွန်သော် ဆဟာရ သဲကန္တရပြင်ကြီးကို ဖြတ်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သဲကန္တာရကိုလွန်လျှင် အာဖရိကတိုက်သည် မည်သို့ရှိမည်ကို မသိကြသောကြောင့် အာဖရိကတိုက်ကို မှောင်မိုက်သောတိုက်ကြီး (ဝါ) အမှောင် တိုက်ကြီးဟု ခေါ်စမှတ်ပြုကြသည်။

အာဖရိကတိုက်တွင် ဘီစီ ၃ဝ,ဝဝဝ ခန့်ကပင် ကပ္ပလီ လူမျိုးစုသည် အရှေ့ဘက်ကမ်းမှ စတင်ဝင်ရောက်နေထိုင်ပြီး ဖြစ်နေကြလေပြီ။ ကပ္ပလီများ ဝင်ရောက်လာသည့်အခါ အာဖရိက တိုင်းရင်းသားများသည် (ယခု ဗွတ်ရှမင်း၊ ပစ်ဂမီး၊ ဟော့တင်းဟော့လူမျိုးများ၏ ဘိုးစဉ်ဘောင်ဆက်များ) သဲကန္တာ ရနှင့် သစ်တောများဘက်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ အလယ်ခေတ်သို့ ရောက်သောအခါ ကပ္ပလီတို့သည် ပြည်ထောင်များ အစဉ်အဆက်ထူထောင်ကာ မြေထဲပင်လယ် နိုင်ငံများနှင့် ကုန်သွယ်ကြသည်။ ထိုစဉ်က အာရပ်တို့ကလည်း အာဖရိကတိုက် အရှေ့ဘက်ကမ်းသို့ ဝင်ရောက်နေထိုင်ကြရန် ရောက်လာကြသည်။ ထိုအချိန်အထိ ဥရောပ နိုင်ငံများသည် အာဖရိကတိုက်ကို စိတ်ဝင်စားခြင်း မရှိသေးချေ။ ၁၄၉၇ ခုနှစ်တွင် ပေါတူဂီလူမျိုး နယ်သစ်စူးစမ်းရှာဖွေသူ ဗက်စကို ဒါဂါးမသည် ဥရောပတိုက်မှထွက်၍ အာဖရိကတိုက် ကိုပတ်ကာ အရှေ့သွားခရီးကို အောင်မြင်စွာ တွေ့ရှိခဲ့သည့်အခါ မှ ဥရောပနိုင်ငံများသည် အာဖရိကတိုက်ကို စိတ်ဝင်စားကြ သည်။

အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ် သည့်အခါ အာဖရိကတိုက်ကိုပတ်၍ သင်္ဘောလွှင့်လျှင် အာဖရိကကမ်းရိုးတန်း၌ သင်္ဘောဆိပ်များတည်ထောင်ဖို့ လိုကြောင်းလည်း သဘောပိုက်မိကြသည်။ ထို့ပြင် ကမ္ဘာသစ်ကို စတင်တွေ့ရှိစဖြစ်သဖြင့် ယင်းတိုက်များ၌ စိုက်ခင်းပျိုးခင်းများ ထူထောင်ရန် အလုပ်ကြမ်းသမား များစွာလိုလေသည်။ ထိုအခိုက် အင်္ဂလန်နိုင်ငံ၌ စက်မှုလုပ်ငန်းများ စတင် ထွန်းကားစ ဖြစ်၏။ စက်များမှထွက်သော အထည်များကို ယူဆောင်ကာ အာဖရိကကမ်းခြေတစ်လျှောက်ရှိ ကပ္ပလီနယ်စား များထံသို့ လာရောက်ရောင်းချသောအခါ ကပ္ပလီနယ်စားတို့ သည် မိမိတို့နှင့်မသင့်တင့်သောကပ္ပလီအုပ်စုများကို ဖမ်းဆီးကာ ကျွန်ကုန်သည် များထံတွင် အဝတ်၊ သေနတ်၊ ပုတီးစေ့ စသည် တို့နှင့် လဲလှယ်ကြသည်။ အချို့သော ကပ္ပလီများကိုမူ အနောက်နိုင်ငံသားတို့ကိုယ်တိုင် လက်နက်အားကိုး ဖမ်းဆီးကြ သည်။ ကျွန်ကုန်သည်တို့သည် ထိုကပ္ပလီများကို အမေရိကန် စိုက်ခင်း ပိုင်ရှင်များထံသို့ အမြတ်အစွန်းကြီးစွာဖြင့် ရောင်းချ ကြပြန်သည်။ ထိုရသောငွေဖြင့် စိုက်ပျိုးခင်းများမှ ဝါဂွမ်း၊ ဆေးနှင့် သကြားတို့ကို ဝယ်ယူတင်ဆောင်ကာ ဥရောပ နိုင်ငံများတွင် အမြတ်အစွန်းကြီးစွာဖြင့် ရောင်းချကြပြန်သည်။ ယင်းသို့ အမြတ်အစွန်း များစွာရသောကြောင့် ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဒပ်ချ၊ ဒိန်း၊ ပရပ်ရှင်း စသော ဥရောပ သားတို့သည် အပြိုင်အဆိုင် ကျွန်ကုန်ကူးကြသည်။ ထိုကြောင့် အာဖရိက အနောက်ဘက်ကမ်းခြေတစ်လျှောက်တွင် ဆင်နီဂေါ၊ ဂမ္ဗီယာ၊ ဆီယာရားလေအွန်း၊ ဂိုးလကို့ စသော ကျွန်ရောင်းဝယ် သည့် နယ်ကလေးများ ပေါ်ပေါက်လာသည်။ တစ်ဖန် အရှေ့ ကမ်းခြေတစ်လျှောက်တွင် ပေါ်ပေါက်လာ လေသည်။ ဒပ်ချတို့ သည် မိမိတို့ ကုန်သင်္ဘောများ စခန်းချရပ်ရန် ဂွတ်ဟုပ်အငူ တွင် ဒပ်ချ နယ်ကလေး တစ်နယ်ကို ၁၆၅၁ ခုနှစ်တွင် ထူထောင် ထားကြသည်။

ထိုနယ်ကလေးကို ၁၇၉၆ ခုနှစ်တွင် ဗြိတိသျှတို့က ဒပ်ချတို့ လက်မှ လုယူ သိမ်းပိုက်လိုက်ပြီးလျှင် ကိပ်ကိုလိုနီဟုသမုတ်ကာ အုပ်စိုးလေသည်။ ဗြိတိသျှလက်အောက်တွင် မနေလိုသော ဗိုးဝါးခေါ် ဒပ်ချလယ်သမားတို့သည် မြောက်ဘက်မြေလွတ် များရှိရာသို့ ရှောင်တိမ်းနေထိုင်ကြသည်။ ဗိုးဝါးတို့သည် ထိုဒေသများရှိ တိုင်းရင်းသား လူရိုင်းများနှင့် အမြဲတိုက်ခိုက်နေ ကြသည့်ကြားမှပင် ဆင်းရဲဒုက္ခအမျိုးမျိုးခံကာ မြေရိုင်းများကို လယ်ယာများ ဖြစ်အောင် တီထွင်ပြီးသောအခါ ဗြိတိသျှတို့က ထိုမြေသစ်များကို လိုချင်လာကြပြန်သည်။ ထိုကြောင့် ၁၈၃၅ ခုနှစ်တွင် ဗြိတိသျှတို့သည် ဗိုးဝါးတို့ တီထွင်ထားသော နယ်သစ်များကို သိမ်းယူကြပြန်သည်။ ထိုအခါ ဗိုးဝါးတို့သည် မြောက်ဘက်သို့ ရွှေ့ပြောင်းကြပြန်၍ ဩရိန်းဖရီးစတိတ်၊ ထရန်စဗားနှင့် နာတဲနိုင်ငံငယ် များကို တည်ထောင်နေထိုင်ကြ သည်။ ဗြိတိသျှတို့သည် ၁၈၄၂ ခုနှစ်တွင် နာတဲနယ်ကို တိုက်ခိုက်သည်။ ၁၈၆၇ ခုနှစ်မှစ၍ ဩရိန်းနယ်အတွင်း၌ စိန်တွင်းများ တွေ့ရှိရာ ဗြိတိသျှတို့က ထိုစိန်တွင်းများသည် ဩရိန်း နယ်နမိတ် အပြင်ဘက်ဖြစ်သည်ဆိုကာ ၁၈၇၁ ခုနှစ် တွင် သိမ်းယူပြန်လေရာ ထိုအကြိမ်၌ ဗိုးဝါးတို့နှင့် စစ်အကြီး အကျယ် ဖြစ်ရလေသည်။ ၁၈၈၄ ခုနှစ်တွင် စစ်ပြေငြိမ်း၍ ဩရိမ်းနယ်ကို နိုင်ငံခြား ဆက်သွယ်ရေးမှအပ လွတ်လပ်သော နယ်တစ်နယ်အဖြစ် ဗြိတိသျှတို့က အသိအမှတ်ပြုသည်။ ၁၈၈၄ ခုနှစ်တွင် ထရန်စဗားနယ်၌ ရွှေအမြောက်အမြား တွေ့ရပြန်သည်။ ထိုအခါ နိုင်ငံခြားသား အမြောက်အမြား ထိုဒေသထဲသို့ ဝင်ရောက်လာကြသည်။ ယင်းတို့အနက် ဗြိတိသျှလူမျိုးမှာ အများဆုံး ဖြစ်သည်။ နိုင်ငံအစိုးရက အခွန် အကောက်ယူသောအခါ နိုင်ငံခြားသားများက အခွန်ကြီးလေး သည်ဟု ဆူပူကန့်ကွက်ကြသည်။ နိုင်ငံခြားသားတို့ဘက်မှ ဗြိတိသျှတို့က အားပေးသည်။ ထိုကြောင့် ၁၈၉၉ ခုနှစ်တွင် ဗြိတိသျှနှင့်ဗိုးဝါးတို့ စစ်အကြီးအကျယ် ဖြစ်ရပြန်သည်။ ပထမတွင် ဗိုးဝါးတို့ဘက်မှ အရေးသာနေသော်လည်း နောက်ဆုံး၌ ဗြိတိသျှတို့ဘက်မှ စစ်ကူရောက်လာသဖြင့် လက်နက် အင်အားချင်း မမျှသောကြောင့် ဗိုးဝါးတို့ စစ်ရှုံးကြ သည်။

ဩရိန်းပြည်နယ်နှင့် ထရန်စဗား ပြည်နယ်တို့ကို ဗြိတိသျှတို့က သိမ်းယူကာ ၁၉၁ဝ ပြည့်နှစ် တွင် ကိပ်ကိုလိုနီ၊ နာတဲပြည်နယ်များနှင့်ပူးပေါင်း၍ တောင်အာဖရိက ပြည်ထောင်စုဟူ၍ ထူထောင်လိုက်သည်။

အာဖရိကတိုက်သည် သွားလာရန် ခက်ခဲရုံမက ကြမ်းကြုတ် သောလူရိုင်းများ နေထိုင်ရာလည်း ဖြစ်သဖြင့် ဥရောပတိုက်သား တို့သည် ပထမ၌ ကမ်းခြေတစ်လျှောက်တွင်သာ ကျက်စားကြ သော်လည်း ၁၈ ရာစုနှစ် များတွင် ထွန်းကားလာသော စက်မှု လက်မှုလုပ်ငန်းများအတွက် ကုန်ရိုင်းဝယ်ရန်နှင့် ကုန်ချော ရောင်းရန် ဈေးနယ်ရှာဖွေယင်း ကမ်းရိုးတန်းမှ အတွင်းဘက်သို့ တဖြည်းဖြည်း သွားလာပေါက်ရောက်ခဲ့ကြသည်။ ကျွန်အရောင်း အဝယ်ဖြင့် စည်ကားနေသော အာဖရိက အနောက်ဘက်ကမ်းရိုး တန်းတစ်လျှောက်ရှိ နယ်ကလေး များသည် ၁၈ဝ၇ ခုနှစ်တွင် ဗြိတိသျှတို့က ကျွန်ကုန်ကူးခြင်းကို ပိတ်လိုက်သည့်အချိန်မှစ၍ မစည်ကား တော့ချေ။ သို့ရာတွင် ယင်းနယ်ကလေးများ၌ အုန်းပင်အများအပြားရှိသဖြင့် အင်္ဂလန်နိုင်ငံမှ စက်မှုလုပ်ငန်း နှင့် ဆပ်ပြာလုပ်ငန်းအတွက် များစွာ အသုံးကျသော အုန်းဆီရ နိုင်ရကား ဆီအရောင်းအဝယ်ဖြင့် စည်ကား လာပြန်သည်။

ဗြိတိသျှတို့သည် အခြားဥရောပနိုင်ငံသားတို့ တည်ထောင်ထား သောနယ်များကို ဝယ်ယူပြီးလျှင် အကြီးအကျယ် ဆီကုန်ကူးကြ သည်။ ထိုနယ်များ၌လည်း ဗြိတိသျှတိုင်းရင်းသားတို့ လာရောက်နေထိုင်ကြ သည်။ ယင်းသို့ဖြင့် ဗြိတိသျှတို့ဩဇာ သည် အတွင်းပိုင်းသို့ ပျံ့နှံ့လေသည်။ ဗြိတိသျှတို့သည် ဂမ္ဗီယာ၊ ဆီယားရားလေအွန်းနယ်များနှင့် လားဂိုးကျွန်းများကို သိမ်းယူ အုပ်ချုပ်ကြသည်။ အချို့စွန့်စားသောသူတို့ကလည်း အာဖရိကတိုက်ကို စုံလင်စွာ သိရှိနိုင်ရန် အစိုးရအကူအညီဖြင့် ဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ကာ အတွင်းပိုင်း တောတောင်ထူထပ်သော နယ်ပယ်များသို့ သွားရောက် စုံစမ်းကြသည်။ ၁၇၇ဝ ပြည့်နှစ်တွင် စကော့လူမျိုး နယ်သစ်ရှာဖွေသူ ဂျိမ်းဗရုက အီသီအိုးပီးယားနှင့် ဗလူးနိုင်းဒေသ များသို့ သွားရောက်ကာ စူးစမ်းလေ့လာခဲ့သည်။ ဗရုသည် ဗလူးနိုင်းမြစ် ဖျားကို တွေ့ရှိရုံမက ဗလူးနိုင်းနှင့် ဝှိုက်နိုင်းဆုံရာကိုလည်း စူးစမ်းခဲ့သည်။ ၁၇၉၅ ခုနှစ်နှင့် ၁၈ဝ၅ ခုနှစ်ကြားတွင် မန်ဂိုပတ်ဆိုသူ စကော့လူမျိုးသည် နိုင်ဂျာမြစ်ကို မြစ်ဖျားမှ မြစ်ဝအထိ စူးစမ်းရန် သွားရောက်ခဲ့သည်။

အင်္ဂလိပ် လူမျိုး နယ်သစ်ရှာဖွေသူများဖြစ်ကြ သောရစ်ချတ်ဗာတန်နှင့်ဂျွန်စပက်ဆိုသူတို့သည် လူသိနည်းသော အာဖရိက တိုက် အရှေ့ဘက်ပိုင်းရှိ ကုန်းပြင်မြင့်များအကြောင်း ကို ပိုမို၍ လူသိများလာကြစေရန် အကူအညီ ပေးခဲ့ကြလေ သည်။ အာဖရိကတိုက်အတွင်းပိုင်းကို စူးစမ်းရှာဖွေခဲ့သူများနက် အထင်ရှားဆုံးမှာ ဒေးဗစ်လစ်ဗင်စတုန်နှင့် ဟင်နရီစတန်လေတို့ ဖြစ်ကြသည်။

လစ်ဗင်စတုန် သည် ၁၈၄၉ ခုနှစ်တွင် သူ၏စူးစမ်း ရှာဖွေမှုခရီးကို စတင်ရာ သူ့သတင်းကို နှစ်ပေါင်းများစွာ မကြားရသဖြင့် ၁၈၆၉ ခုနှစ်တွင် နယူးယော့ဟယ်ရယ် သတင်းစာတိုက်က ငွေကုန်ကြေးကျခံ၍ သူ့အား ရှာဖွေရန် စတန်လေကို လွှတ်လိုက်ရသည်။ ထိုသူနှစ်ဦးသည် အာဖရိက အရှေ့ပိုင်းတစ်ခွင်နှင့် ကွန်ဂိုမြစ်ဖျားဒေသများကို နှံ့စပ်အောင် သွားလာစူးစမ်းခဲ့သည်။ ပြင်သစ်၊ ပေါတူဂီ၊ ဂျာမနီနိုင်ငံများမှ စွန့်စားသည့် ခရီးသည်ကြီးများလည်း အာဖရိကတစ်လွှားကို နှံ့စပ်အောင် သွားလာစုံစမ်းကြသည်။ ၁၉ ရာစုနှစ် ကုန်ခါနီး တွင် အာဖရိကတိုက်ရှိ တိုင်းရင်းသားများ၊ သဘာဝပစ္စည်းများ၊ ကုန်ရိုင်းများ၊ မြေဩဇာကောင်းသောနယ်များ အကြောင်းကို အတော် စုံစုံပင် သိလာကြသောအခါ ဥရောပနိုင်ငံတို့သည် အာဖရိကတိုက်ကို ခွဲဝေယူရန် စိုင်းပြင်းကြသည်။ ၁၈၇၆ ခုနှစ်တွင် ဗဲလဂျီယန်ဘုရင် လီယိုပိုသည် အာဖရိက တိုက်ကို ခွဲယူရန် ဥရောပနိုင်ငံပေါင်းစုံ အစည်းအဝေးခေါ်၍ စီစဉ်လေသည်။ သို့ရာတွင် ဗဲလဂျီယမ်နိုင်ငံ ကောင်းစားရေး အတွက်ချည့် အစီအစဉ်၌ပါသဖြင့် အခြားနိုင်ငံများသည် မိမိတို့ဘာသာ စူးစမ်းရှာဖွေသူများ လွှတ်၍ အာဖရိကတိုက် အကြောင်း စုံစမ်းသည်။ တွေ့ရှိပေါက်ရောက်သော နယ်များ အတွက် ဥရောပတိုက်သားတို့သည် တစ်ဦးနှင့်တစ်ဦး နယ်လု ကြရကား မကြာခဏ အချင်းများကြသည်။ ထိုကြောင့် ၁၈၈၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ နိုင်ငံပေါင်းစုံ စည်းဝေး ပြီးလျှင် အာဖရိကနယ်များကို သိမ်းယူပြီးနောက် ပိပြားငြိမ်ဝပ် စွာ အုပ်ချုပ်နိုင်မှသာ အပိုင်ယူစတမ်းဟု ဆုံးဖြတ်ကြလေသည်။ ထိုအခါမှစ၍ ဥရောပတိုက်သားတို့သည် အာဖရိကတိုက်နယ် များသို့ သွားရောက်ကာ အပူတပြင်း နယ်ချဲ့သိမ်းယူကြသည်။ ၁၉ ရာစုနှစ် ကုန်သောအခါ အာဖရိကတိုက် တစ်တိုက်လုံး သည် ခွဲဝေပြီး ဖြစ်လေသည်။ ဗြိတိသျှခရစ်ယာန်အယူဝါဒီတို့သည် အီဂျစ်၊ ဆူဒန်၊ ဗြိတိသျှဆိုမာလီလန်၊ ဗြိတိသျှအရှေ့အာဖရိက၊ ရိုဒီးဇီးယား၊ တောင်အာဖရိက ပြည်ထောင်စု၊ နိုင်ဂျီးရီးယား၊ ဂိုးလကို့၊ ဆီယားရားလေအွန်း နယ်များကို ရကြသည်။ ပြင်သစ်တို့သည် အယ်လဂျီရီးယား၊ တျူနစ်ဇီးယား၊ မိုရော့ကို၊ ဆင်နီဂေါ၊ ဆဟာရ၊ ပြင်သစ်ဆူဒန်၊ ကွန်ဂို မြောက်ပိုင်းနှင့် မက်ဒါဂက်စကာကျွန်းတို့ကို ရကြသည်။ ပေါတူဂီတို့ကမူ အန်ဂိုလာနှင့်ပေါတူဂီ အရှေ့အာဖရိကနယ် များကို ရကြ၏။ ဗဲလဂျီယမ်နိုင်ငံက ကွန်ဂိုနယ်ကြီးများကို လည်းကောင်း၊ ဂျာမနီနိုင်ငံက ကမ္မရွန်း၊ ဂျာမန်အနောက် တောင်အာဖရိက နယ်များကိုလည်းကောင်း၊ ဣတလီနိုင်ငံက ထရစ်ပိုလီ၊ အီရစ် ထရီးယားနှင့် အီတာလျံ ဆိုမာလီလန် နယ်များကိုလည်းကောင်း၊ စပိန်တို့က ယခု စပင်းနစ်ဆဟာရ ခေါ်သည့် ရီအိုဒါအိုရိုနှင့် စပင်းနစ်ဂင်းနီနယ် ကိုလည်းကောင်း ရရှိကြသည်။ ယင်းသို့ဖြင့် နိုင်ငံရင်းသား ကပ္ပလီလူမဲများသည် အုပ်ချုပ်သူဥရောပတိုက်သား လူဖြူများ၏ အဖိနှိပ်ခံ အခိုင်းခံ လူတန်းစား ဖြစ်လာကြသည်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီကပင် လူမဲများအား တန်းတူအခွင့်အရေးပေးရန် တောင်းဆိုပေးခဲ့ ဘူးလေသည်။ သို့ရာတွင် မရချေ။ လူဖြူလူမဲ ပြဿနာကား အမြဲပေါ်လျက်ရှိသည်။

အာဖရိကတိုက်ကို ခွဲဝေယူစဉ်က လွတ်လပ်စွာ ကျန်ခဲ့သော အီသီအိုးပီးယားနိုင်ငံကို ၁၉၃၆ ခုနှစ်တွင် အီတလီနိုင်ငံက ဝင်ရောက်သိမ်းယူကာ အီတလီပိုင် ကိုလိုနီယ်အဖြစ် ထားရှိပြန် သည်။ ဒုတိယကမ္ဘာစစ် အတွင်း ၁၉၄ဝ ပြည့်နှစ် နွေရာသီခန့် တွင် အီတလီက အီဂျစ်နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ သည်။ သို့သော် ၁၉၄၁ ခုနှစ် စောစောပိုင်းကပင် ဗြိတိသျှတို့ က အီတာလျံလူမျိုးတို့အား တိုက်ထုတ်ပစ်နိုင်ခဲ့သဖြင့် အီသီအိုး ပီးယားနိုင်ငံသည်လည်းကောင်း၊ အီဂျစ်နိုင်ငံသည်လည်းကောင်း အီတာလျံလက်အောက်မှ လွတ် မြောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် တွင် ဂျာမန်တို့က အီဂျစ်နှင့်လစ်ဗျနိုင်ငံတို့ကို ဝင်ရောက် တိုက်ခိုက်ကြသည်။ ဂျာမန်စစ်သားများသည် ဆူးအက် တူးမြောင်းခန့်အထိ တိုက်ခိုက်လာနိုင်ခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် အတွင်းတွင် ဗြိတိသျှတို့က ဂျာမန်စစ်သားများကို တိုက် ထုတ်ပစ်နိုင်ခဲ့လေသည်။ ၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်စစ်တပ်များသည် မိုရော့ကိုနှင့် အယ်လဂျီးရီးယားသို့ ဆိုက်ရောက်လာကြလေသည်။ မဟာမိတ်တပ်များ တိုက်ခိုက်မှု ကြောင့် ဝင်ရိုးတန်းနိုင်ငံငယ်များသည် ၁၉၄၃ ခုနှစ် မေလ ၁၂ ရက်နေ့တွင် အာဖရိကတိုက်၌ လက်နက်ချကြလေသည်။

မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်ရှိ အာဖရိကတိုက်ရောက် မဟာမိတ်တပ်များသည် ဥရောပတိုက် တောင်ဘက်ပိုင်းသို့လည်း လိုအပ်သလို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြသဖြင့် ထိုဒေသများသည် ဒုတိယ ကမ္ဘာစစ်အတွင်းတွင် အရေးပါသော စစ်စခန်းများ ဖြစ်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် များစွာသော ဂျာမန်ပိုင် အာဖရိကနယ်များသည်လည်းကောင်း၊ အီတာလျံ ဆိုမာလီ နယ်သည်လည်းကောင်း ထိန်းသိမ်းရေးအဖွဲ့ လက်အောက်ခံနယ် များ ဖြစ်လာလေသည်။ လစ်ဗျနှင့် အီသီအိုးပီးယားတို့သည် လွတ်လပ်သည့်နိုင်ငံများ ဖြစ်လာကြလေသည်။ အီရစ်ထရီးယား သည်လည်း အီသီအိုး ပီးယားနိုင်ငံ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာလေသည်။ ဥရောပတိုက်ရှိ နိုင်ငံများက အာဖရိကတိုက်အတွင်း၌ စီးပွားရေးတိုးတက်လာစေရန် ငွေအမြောက်အမြား ကို မြုပ်နှံခဲ့ ကြလေသည်။ ထိုသို့ ငွေအမြောက်အမြား မြှုပ်နှံခဲ့ကြသော် လည်း အာဖရိကတိုက်သားတို့၏ လူမှုရေးနှင့် နိုင်ငံရေး တိုးတက်မှုအတွက်ကိုမူ လုံးဝမရည်ရွယ်ခဲ့ကြချေ။ ဒုတိယ ကမ္ဘာစစ်အပြီးတွင်ကား အာဖရိကတိုက်သားတို့၏ လူနေမှု အဆင့်အတန်း မြင့်မားလာရေးအတွက် များစွာ ပြုလုပ်ခဲ့ကြ လေသည်။

အာဖရိကတိုက်အတွင်း၌ လူမျိုးခွဲခြားမှုသည် ရှေးအခါကပင် ရှိခဲ့လေသည်။ လူဖြူနှင့် နီးဂရိုး (ကပ္ပလီ) လူမဲများသည် ကိုယ်စီကိုယ်ငှ အလုပ်လုပ်ကြ၍ တစ်ဦးတခြားစီသာ နေခဲ့ကြ လေသည်။ သို့သော် ထိုပြဿနာ ပပျောက်စေနိုင်သော နည်းများကို ဒေသအမြောက်အမြားတွင် ပြုလုပ်လျက်ရှိကြ လေသည်။ ထင်ရှားစေရန် သာဓကအဖြစ် ဖော်ပြရလျှင် မိုဇမ်ဗစ်နယ်တွင် လူဖြူများအတွက် လယ်သစ်ယာသစ်များ ပေးထားသကဲ့သို့ နီဂရိုးလူမျိုးများအတွက်ပါ ပေးထားလေ သည်။ ပြင်သစ် အနောက်အာဖရိကရှိ လူဖြူနှင့် နီဂရိုးများ သည် ကျောင်းများကို အတူတကွ တက်လျက်ရှိကြလေသည်။ သတ္တုတွင်း အသစ်များကို နောက်ထပ် တူးဖော်ပေးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးများကို တိုးတက် ကောင်းမွန်လာအောင် ဖန်တီးပေးခြင်းများ ပြုလုပ်ပေးသည်နှင့်အမျှ အာဖရိကတိုက်ရှိ စီးပွားရေးအခြေအနေ သည်လည်း တိုးတက်ကောင်းမွန်လာလေ သည်။ ထိုသို့ ဖြစ်လာစေရန် စက်ကိရိယာများကိုပို၍ အသုံးပြု လာကြသည်။ လျှပ်စစ်ဓာတ်အားကိုလည်းပို၍ ထုတ်လုပ်လာကြ သည်။ အာဖရိကတိုက်အတွင်း၌ လယ်ယာ စိုက်ပျိုးခြင်းနှင့် သက်ဆိုင်သော စက်ကိရိယာများကို အမြောက်အမြား ပြုလုပ် ကြသည်။ စက်များကို မပြုလုပ် နိုင်သေးသော ဒေသများတွင် လည်း ကောက်ပဲသီးနှံများ ပိုမိုထွက်ရှိလာစေရန် နိုင်ငံခြားမှ စက်ကိရိယာများကို မှာယူတင်သွင်းယူကြသည်။

အာဖရိကတိုက်ရှိ လူမျိုးများသည် အမျိုးသားစိတ်ဓာတ် တက်ကြွလျက်ရှိလေသည်။ ထိုကြောင့် လူမျိုးခြား လက်အောက် ခံ ကိုလိုနီအမြောက်အမြားသည် လွတ်လပ်ရေးအတွက်ကြိုးပမ်းကြရာ အာဖရိကတိုက်တွင် ယခင်က လွတ်လပ်သော နိုင်ငံဟူ၍ အကျယ်အဝန်း အားလုံး၏ ခုနစ်ပုံတစ်ပုံသာ ရှိခဲ့သော်လည်း ယခုအခါ တိုင်းရင်းသားတို့ နိုးကြားလာမှု ကြောင့် နိုင်ငံခြားအအုပ်အစိုးခံ မလွတ်လပ်သေးသောနိုင်ငံဟူ၍ ခုနစ်ပုံတစ်ပုံ ခန့်သာ ကျန်တော့သည်။ ခုနစ်ပုံခြောက်ပုံသော နိုင်ငံများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိကုန်ပြီးဖြစ်သည်။ ပြင်သစ်တို့ လက်အောက်မှ ၁၉၅၆ ခုနှစ်တွင် မိုရော့ကို နိုင်ငံသည်လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် ဂင်းနီနယ်သည် လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် မက်ဒါဂက်စကာကျွန်း၊ ပြင်သစ်အနောက်အာဖရိကနှင့် အီကွေတိုးရီးယဲ အာဖရိကတို့ သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ မက်ဒါဂတ်စကာ ကျွန်းသည် မာလာဂါဆီသမ္မတနိုင်ငံဟူ၍ ဖြစ်လာသည်။ ၁၉၆၂ ခုနှစ်တွင် အယ်လဂျီးရီးယားသည် လွတ်လပ်ရေး ရရှိခဲ့သည်။ ပြင်သစ် အနောက်အာဖရိကသည် မော်ရီတေးနီးယား၊ မာလီ၊ ဆင်နီဂေါ၊ အိုင်ဗရီကို့၊ အထက် ဗော်လတာ၊ နိုင်ဂျာ၊ ဒါဟိုမီ၊ တိုဂိုစသော နိုင်ငံများဖြစ်လာ၍ ပြင်သစ်အီကွေတိုးရီးယဲ အာဖရိကသည် ချဒ်နိုင်ငံ၊ အလယ်ပိုင်း အာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဂါဗွန်နိုင်ငံဟူ၍ အသီးသီးဖြစ်လာသည်။ ဗြိတိသျှတို့ လက်အောက်မှလည်း ၁၉၂၂ ခုနှစ်တွင် အီဂျစ် နိုင်ငံသည်လည်းကောင်း၊ ၁၉၃၁ ခုနှစ်တွင် တောင် အာဖရိက ပြည်ထောင်စုနိုင်ငံသည်လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ဆူဒန် ပြည်သည်လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် ဂိုးလကို့၊ ဗြိတိသျှဆိုမာလီလန်နှင့် နိုင်ဂျီးရီးယားနယ်တို့သည်လည်း ကောင်း၊ ၁၉၆၁ ခုနှစ်တွင် ဆီယားရားလေအွန်းနယ်တို့သည် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် တန်ဂန်ယီးဂနှင့် ယူဂန်းဒါး တို့သည်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ကင်ညာနှင့် ဇန်ဇိဗာ တို့ သည်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် မြောက်ရိုဒီးဇီးယား နှင့် နီယာစာလန်နယ်တို့သည်လည်းကောင်း လွတ်လပ်ရေး ကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်တွင် တောင်ရိုဒီးဇီးယားနယ်က ရိုဒီးဇီးယားနိုင်ငံဟု တစ်ဖက်သတ် လွတ်လပ်ရေးကျေညာခဲ့၍၊ ၁၉၆၅ ခုနှစ်မှာပင် ဂမ္ဗီယာနယ်သည်လည်းကောင်း၊ ၁၉၆၆ ခုနှစ်တွင် ဗက်ချူအာနာလန်နှင့် ဗာဆူးတိုလန်နယ်တို့သည် လည်းကောင်း လွတ်လပ်လာခဲ့ပြီးလျှင် ၁၉၆၈ ခုနှစ်တွင် ဆွာဇီလန်နယ်သည်လည်းကောင်း၊ မောရစ်ရှပ်ကျွန်းသည် လည်းကောင်း လွတ်လပ်လာခဲ့လေသည်။ ဂိုးလကို့နယ်ကို ဂါနာနိုင်ငံဟု ပြောင်းလဲမှည့်ခေါ်ထားသည်။ ထို့ပြင် ဗက်ချူ အာနာလန်ကို ဗောဆွာနာဟူ၍လည်းကောင်း၊ ဗာဆူးတိုလန်ကို လီဆိုသိုဟူ၍လည်းကောင်း ပြောင်းလဲမှည့်ခေါ်ထား၏။ မြောက်ရိုဒီးဇီးယားကို ဇမ်ဗီယာသမ္မတနိုင်ငံဟုလည်းကောင်း၊ နီယာစာလန်နယ်ကို မာလာဝီနိုင်ငံဟုလည်းကောင်း ပြောင်းလဲ မှည့်ခေါ်ထားသည်။ တန်ဂန်ယီးကနှင့်ဇုန်ဇိဗာ နှစ်နိုင်ငံကလည်း ၁၉၆၄ ခုနှစ်တွင်ပေါင်းကာ တန်ဂန်ယီးက ဇန်ဇိဗာသမ္မတနိုင်ငံ ဟူသော အမည်ဖြင့် ထူထောင်သည်။ ထိုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့မှစ၍ ယင်းနိုင်ငံကို တန်ဇာနီယာနိုင်ငံဟု ခေါ်တွင် လာခဲ့သည်။

အီတလီအစိုးရလက်အောက်မှ ၁၉၅၁ ခုနှစ်တွင် လစ်ဗျနိုင်ငံ သည်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် အီရစ်ထရီးယား ပြည်သည်လည်းကောင်း၁၉၆ဝပြည့်နှစ်တွင်အီတာလျံဆိုမာလီလန် နယ်သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ အီရစ်ထရီး ယားသည် အီသီအိုပီးယားနိုင်ငံထဲသို့ ရောက်ရှိသွား၍ အီတာလျံ ဆိုမာလီလန်နယ်သည် လွတ်လပ်သွားပြီဖြစ်သော ဗြိတိသျှဆိုမာလီနယ်နှင့် ပေါင်း၍ ဆိုမာလီယာသမ္မတနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ဗဲလဂျီယန်အစိုးရထံမှ ၁၉၆ဝ ပြည့်နှစ်တွင် ကွန်ဂိုနိုင်ငံ သည်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ရူအန်းဒါးနယ်နှင့် အူရွန်ဒီနယ်တို့သည်လည်းကောင်း လွတ်လပ်ရေးရခဲ့သည်။ ကွန်ဂိုနိုင်ငံသည် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု မှည့်ခေါ်ခဲ့ရာမှ ၁၉၇၁ ခုနှစ်တွင် ဇိုင်ယာသမ္မတနိုင်ငံဟု ပြောင်းလဲမှည့် ခေါ်ခဲ့၏။ ရူအန်းဒါးသည် အာဝမ်ဒါး သမ္မတ နိုင်ငံဟူ၍လည်းကောင်း၊ အူရွန်ဒီသည် ဗူရွန်ဒီနိုင်ငံဟူ၍ လည်းကောင်း ခေါ်ဝေါ်လာခဲ့သည်။ စပိန်ပိုင် မိုရော့ကိုနယ် ကလေးသည် စပိန်တို့လက်အောက်မှ လွတ်မြောက် လာခဲ့ပြီး နောက် ပြင်သစ်ပိုင် မိုရော့ကိုနယ်နှင့်ပေါင်းကာ မိုရော့ကိုနိုင်ငံ ထူထောင်ကြသည်။ စပိန်ပိုင် ဂင်းနီနယ်သည်လည်း ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ပြင်သစ်တို့ ထိန်းသိန်း စောင့်ရှောက်ခဲ့ရသော ကမ္မရွန်းနယ်သည်လည်း ၁၉၆ဝ ပြည့်နှစ်တွင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့လေသည်။၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီဂင်းနီနယ်သည် လွတ်မြောက်ခဲ့၍ ဂင်းနီ-ဗစ်ဆောသမ္မတနိုင်ငံ ဖြစ်လာခဲ့ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)