အာနန္ဒာမေတ္တေယျ

ဝီကီပီးဒီးယား မှ


ငယ်ဘဝ[ပြင်ဆင်ရန်]

ရူပဗေဒ ဓာတ်ခွဲဆရာဘဝမှ ဗုဒ္ဓဘာသာ ဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော အင်္ဂလိပ် ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျသည် ၁၈၇၂-ခု ဒီဇင်္ဘာလ ၈-ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်သည်။ အဖအမည်မှာ မစ်စနာဘင်းနက် ဖြစ်သည်။ အရှင်အာနန္ဒာမေတ္တေယျ၏အမည်မှာ ချားလ် (စ်) ဟင်နရီ အယ်လင်ဘင်းနက် ( Charles Henry Allan Bennett ) ဖြစ်သည်။ အဖသည် လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက် ဖြစ်သည်၊ အမိသည် ဗရင်ဂျီခရစ်ယာန် ဘာသာဝင်ဖြစ်သည်၊ အဖသည် အယ်လင် ငယ်စဉ်ကပင် ကွယ်လွန်အနိစ္စရောက်ခဲ့သဖြင့် မစ္စတာ မက္ကရီကာ အမည်ရှိ ပုဂ္ဂိုလ်တဦးက သားအဖြစ်မွေးစားခဲ့ပေသည်။

ပညာသင်ယူခြင်း[ပြင်ဆင်ရန်]

အယ်လင်သည် ငယ်စဉ်ကပင် ကျန်းမာရေးမကောင်းရှာပေ၊ ပန်းနာရောဂါ ၏ ဖိစီး နှိပ်စက် ခြင်းကို ခံရသည်။ ထို့ကြောင့် သူ့ကို ဘတ်(သ်)မြို့ရှိ ကျောင်း၌ ပို့ထားရသည်။ ဘတ်(သ်)မြို့သည် ကျန်းမာရေးအတွက် ရာသီဥတုကောင်းမွန်သောကြောင့် ဖြစ်သည်။ အယ်လင်သည် ကျန်းမာရေးမကောင်းသော်လည်း ပညာဉာဏ်ကား အလွန်ထက်မြက်သည်၊ အထူးသဖြင့် သိပ္ပံပညာတွင် အလွန်ထူးချွန်သည်၊ ထို့ကြောင့် ကျောင်းထွက်သောအခါ ရူပဗေဒ ဓာတ်ခွဲဆရာအလုပ်ဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့သည်။

အယ်လင်သည် ဓာတ်ခွဲဆရာလုပ်နေစဉ် တနေ့သ၌ ဆာ-အက်ဒွင် အာနိုး-၏ ဗုဒ္ဓ၏ ဖြစ်စဉ်နှင့် ဗုဒ္ဓတရားတော်ကို ဖွဲ့ဆိုသော အာရှအလင်းရောင် The Light of Asia အမည်ရှိ ကဗျာရှည်ကြီးကို ဖတ်ရှုမိပြီး ဗုဒ္ဓကို ကြည်ညိုသွားသည်၊ ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်သွားသည်၊ အာရှအလင်းရောင် ဗုဒ္ဓဝင်ကဗျာကို ဖွဲ့ဆိုသူ ဆာ-အက်ဒွင် အာနိုးကား ဗုဒ္ဓဘာသာဝင် မဟုတ်ပေ။ ထိုကဗျာရှည်ကို အာနိုးသည် ခရစ်နှစ် ၁၈၇၉-ခုနှစ်တွင် ဖွဲ့ဆိုသည်၊ ထိုအချိန်မှာ မြန်မာနိုင်ငံတွင် သီပေါမင်း နန်းတက်စ အချိန်ဖြစ်သည်။

အယ်လင်သည် သူ့ရောဂါအတွက် အနားယူရန် ဆေးခွင့်ယူလိုက်သည်၊ သူ၏ရောဂါမှာ အပူပိုင်းဒေသနှင့် သင့်လျှော်သဖြင့် အာရှနိုင်ငံသို့ ခရီးထွက်အနားယူရန် ရည်မှန်းသည်၊ အာရှနိုင်ငံသို့ ခရီးထွက်ရာတွင် တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးဖြစ်စေရန် ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံသို့ သွားရောက်ရန် ရည်မှန်းပြန်သည်၊ သို့ဖြင့် နောက်ဆုံး၌ သူသည် သီဟိုဠ်နိုင်ငံ ( ယခု သီရိလင်္ကာ ) သို့ အနားယူခရီးထွက်ရန် ရွေးချယ်လိုက်သည်၊ ထို့နောက် ၁၈၉၈-ခု အသက် ၂၆-နှစ်အရွယ်တွင် သီဟိုဠ်နိုင်ငံသို့ ထွက်ခွါလာခဲ့ပေသည်။

၁၉၀၁-ခု ဇူလိုင်လတွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့ရှိ ဘီအိုဆိုဖီ အသင်းတိုက်၌ ဗုဒ္ဓ၏ သစ္စလေးပါးတရားတော်ကို ဟောပြောခဲ့သည်၊ ထိုစဉ်က သူသည် အသက် ၂၉-နှစ်အရွယ်ရှိသည်။ ထိုဟောပြောချက်သည် ဗုဒ္ဓတရားတော်နှင့် ပတ်သက်၍ သူ၏ပထမဦးဆုံးသော ပွဲဦးထွက် တရားပင် ဖြစ်သည်။

ရဟန်းဘဝသို့ ကူးပြောင်းခြင်း[ပြင်ဆင်ရန်]

အယ်လင်သည် သီဟိုဠ်၌ ၃-နှစ်ကျော်မျှ နေထိုင်ပြီး ၁၉၀၁-ခု နှစ်ကုန်ခါနီးတွင် သီဟိုဠ်မှ မြန်မာနိုင်ငံသို့ ထွက်လာခဲ့သည်၊ ရှေးဦးစွာ စစ်တွေမြို့ သို့ ရောက်ရှိသည်၊ ထိုမြို့တွင် နေထိုင်ကာ ထိုနှစ်ဖြစ်သည့် ၁၉၀၁-ခုနှစ် ဒီဇင်္ဘာလ ၈-ရက် အသက် ၂၉-နှစ် ပြည့်သောနေ့တွင် သာမဏေဘဝသို့ ကူးပြောင်းခဲ့သည်၊ ဒီဇင်္ဘာလ ၈-ရက်ကား သူ၏မွေးနေ့ပင်တည်း။

သူသည် အယ်လင်ဘင်းနက်အမည်ကိုဖျောက်၍ ( အာနန္ဒာ မေတရိယ ) ဟူသော ဘွဲ့အမည်ကို ခံယူလိုက်သည်၊ နောင်အခါ ထိုဘွဲ့အမည်သည် ပါဠိတော်နှင့်လည်း မကိုက်ညီ၊ ပါဠိသဒ္ဒါ နှင့်လည်း မကိုက်ညီဟုဆိုကာ အာနန္ဒာမေတ္တေယျ-ဘွဲ့အမည်ကို ပြောင်းလဲခဲ့သည်။

ထို့နောက် ၁၉၀၂-ခု မေလ ၂၁-ရက် ( ကဆုန်လပြည့်နေ့ ) တွင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ သူ၏ ဥပဇ္ဈာယ်ဆရာမှာ ရွှေပြား-ဆရာတော် ဖြစ်သည်ဆို၏။ စံကင်းဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၂-ခုနှစ် ( ခရစ်နှစ် ၁၈၇၀ ) တွင် ဖွားမြင် ခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျ-ထက် ၂-နှစ်ခန့် ကြီးလေသည်။

အင်္ဂလန်သို့ ပြန်ကြွခြင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်လူမျိုးထဲမှ ဗုဒ္ဓဘာသာ ရဟန်းဘဝသို့ ကူးပြောင်းသူတို့တွင် အရှင်အာနန္ဒာမေတ္တေယျ သည် ပထမဆုံး မဟုတ်ပေ။ ဒုတိယသာ ဖြစ်ပေသည်။ ပထမဆုံးမှာ မစ္စတာ ဂေါဒန်ဒူဂလက်-အမည်ရှိ အင်္ဂလိပ်အမျိုးသား ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ၁၈၉၉-ခုတွင် ကိုလံဘိုမြို့ ဇယဆေကရာမ-ကျောင်းတိုက်၌ အသောက-ဘွဲ့အမည်ဖြင့် ရဟန်းပြုခဲ့သည်။ ထို့နောက် မြန်မာပြည်တွင် ကြွရောက် နေထိုင်ပြီး ၁၉၀၅-ခုနှစ်၌ စစ်တွေမြို့တွင် ပံလွန်တော်မူခဲ့သည်။ သို့ရာတွင် ဘိက္ခု အသောကသည် အင်္ဂလန်သို့ ပြန်လည်ကြွရောက်ခြင်း မရှိသဖြင့် အင်္ဂလန်ပြည်သားများသည် သူ့ကိုရဟန်းဝတ်ဖြင့် မဖူး တွေ့လိုက်ရပေ။ ယခု အရှင်အာနန္ဒာမေတ္တေယျ ကြွရောက်လာသောအခါတွင်မှ အင်္ဂလိပ်လူမျိုး ဗုဒ္ဓ သားတော်ရဟန်းကို ပထမဆုံးအကြိမ် ဖူးတွေ့ရခြင်း ဖြစ်ပေသည်။

ဗုဒ္ဓတရားတော်နှင့် ပတ်သက်သည့် ဟောကြားချက်များကိုမူ လန်ဒန်မြို့သူမြို့သားများသည် အရှင်အာနန္ဒာမေတ္တေယျ ကြွရောက်မလာမီ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ နာကြားခဲ့ရသည်။ ၁၉၀၅-ခု တွင် မစ္စတာ အာ-ဂျေ-ဂျက်ကဆန် အမည်ရှိ အင်္ဂလိပ်လူမျိုးတဦးသည် လန်ဒန်မြို့ ရီဂျင့်ပန်းခြံ၌ ဗုဒ္ဓ တရားတော်ကို စတင်ဟောပြောခဲ့သည်။ ထင်းရှူးသေတ္တာကို တရားစင်လုပ်လျက် မိမိနှစ်သက်ရာ ဟောပြောခွင့်ရှိသော တရားပွဲကလေးများတွင် ဝင်ရောက်ဟောပြောရခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ဂျေ-အာ-ပိန်း အမည်ရှိ အင်္ဂလိပ်လူမျိုးတဦးနှင့် ပူးတွဲလျက် စာအုပ်ဆိုင်တဆိုင်ဖွင့်ကာ ဗုဒ္ဓစာပေ ဆိုင်ရာ စာအုပ်စာတမ်းများကို ရောင်းချခြင်းလည်းပြုသည်။ ဂျေ-အာ-ပိန်းမှာ မြန်မာပြည်တွင် စစ်မှုထမ်းခဲ့သော စစ်မှုထမ်းဟောင်း တယောက်လဲဖြစ်သည်။ သူတို့နှစ်ဦးသည် ၁၉၀၆-ခုတွင် အင်္ဂလန် ဗုဒ္ဓဘာသာအသင်းကို စတင်တည်ထောင်ခဲ့ကြသည်။ မကြာမီပင် သူတို့သည် မြန်မာပြည်ရှိ အရှင်အာနန္ဒာမေတ္တေယျနှင့် ဆက်သွယ်မိကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Redirecting။ 17 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2009 တွင် ပြန်စစ်ပြီး။