အသည်းကွဲခြင်း

ဝီကီပီးဒီးယား မှ
အသည်းကွဲခြင်းသည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများဖြစ်ပေါ်စေရုံမက အခြားရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

အသည်းကွဲခြင်းသည် စိတ်ပိုင်းဆိုင်ရာ ခံစားရခြင်း တစ်မျိုးဖြစ်သည်။ များသောအားဖြင့် ချစ်ဦးသူနှင့် ကွေကွင်းရခြင်းကြောင့် ဖြစ်တတ်ပေသည်။ ထို့ပြင် မိမိချစ်ခင်မြတ်နိုးရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာကြရသောအခါ အသည်းကွဲဝေဒနာကို ခံစားကြရလေ့ရှိသည်။ [၁]

အသည်းကွဲဝေဒနာမှာ စိတ်ပိုင်းဆိုင်ရာခံစားရခြင်းဟု ဆိုနိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် အသည်းကွဲခြင်းသည် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု တနည်းဆိုနိုင်သည်။

အသည်းကွဲခြင်းကြောင့် အလွန်အမင်း စိတ်ထိခိုက်ခံစားနေရသည့် အချိန်တွင် ရင်ညွန့်နေရာနှင့် ဝဲဘက်ရင်အုံနေရာတို့တွင် နာကျင်ခြင်း၊ အောင့်ခြင်းတို့ကို ခံစားရလေ့ရှိသည်။

အသည်းကွဲခြင်းမှာ ခန္ဓာကိုယ်တွင်းရှိ အသည်းနှလုံး အမှန်တကယ် ကွဲအက်သွားခြင်း မဟုတ်သော်လည်း နှလုံးသားအား အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတ်သတ္တိများကို ခန္ဓာကိုယ်မှ ပိုမိုထွက်ရှိစေရန် ဦးနှောက်မှ လှုံ့ဆော်မှုကို ဖြစ်စေသည်ဟု ဆိုထားသည်။ သုတေသနရလဒ်များအရ ခန္ဓာကိုယ် ထိခိုက်သည့်အချိန်တွင် လှုပ်ရှားနေသည့် ဦးနှောက်အစိတ်အပိုင်းသည် အသည်းကွဲသည့်အချိန်တွင်လည်း လှုပ်ရှားဆောင်ရွက်နေသည်ဟုဆိုသည်။ ထို့အတွက်ကြောင့် ရင်ဘတ်အောင့်ခြင်း၊ နာကျင်ခြင်း ဝေဒနာများကို ခံစားရခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

အသည်းကွဲခြင်းကြောင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် စိတ်ဖိစီးမှုများနှင့် စိတ်ဓာတ်ကျခြင်းများ ကြုံတွေ့ရနိုင်သည်။ အချို့သူများသည် အသည်းကွဲဝေဒနာကို ခဏတာမျှသာ ခံစားရလေ့ရှိပြီး ၎င်းတို့မှာ များသောအားဖြင့် ချစ်ရသူများနှင့် ကွေကွင်းရခြင်းအပေါ်တွင် အကောင်းမြင်စိတ်ဖြင့် ရှုမြင်တတ်ကြသူများ ဖြစ်ကြသည်။ သို့သော် ဤကဲ့သို့သောသူများမှာ အနည်းစုသာဖြစ်ကြပြီး ကျန်သူများမှာ စိတ်ဖိစီးမှုဒဏ်ကို ကာလတာရှည် ခံစားရလေ့ရှိသည်။

အိပ်မပျော်ဖြစ်ရခြင်းမှာလည်း အသည်းကွဲခြင်း၏ လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ချစ်သူဟောင်း၏ အကြောင်းအား မကြာခဏ စဉ်းစားမိနေခြင်း၊ အတွေးနယ်ချဲ့၍ နောင်တရမိနေခြင်းများသည် အိပ်မပျော်ဖြစ်စေရသည့် အကြောင်းများဖြစ်သည်။

အသည်းကွဲခြင်းဝေဒနာကြောင့် နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အိပ်မပျော်သည့်ရောဂါနှင့် အခြားပြဿနာများ ကြုံတွေ့ရနိုင်သဖြင့် ကျန်းမာရေးအတွက် အရေးကြီးလှပေသည်။

အသည်းကွဲခြင်းဝေဒနာမှ လျင်မြန်စွာ သက်သာလာစေရန် သင့်တင့်သောအတွေးများကို မွေးမြူကာ ကိုယ်လက်လှုပ်ရှားအားကစားခြင်းများနှင့် ကျန်းမာရေးညီညွတ်စေသော အစာအာဟာရများကို စားသုံးသင့်ကြောင်း အကြုံပြုထားကြပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. [၁], Johnson, R. Skip.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]