အလီဆီယာတိုက်ပွဲ

ဝီကီပီးဒီးယား မှ

အလီဆီယာတိုက်ပွဲ (ဘီစီ၅၂)[ပြင်ဆင်ရန်]

ရောမအား အုပ်စိုးသူဖြစ်လာမည့် ဂျူးလိယက်ဆီဇာအား အထွပ်အထိပ်သို့ ရောက်စေသည့် တိုက်ပွဲ၊ ရောမတို့အနေဖြင့် ဂေါလ်နယ်များအား အောင်နိုင်ခြင်းအထိမ်းအမှတ် တိုက်ပွဲ အဖြစ် အလီဆီယာတိုက်ပွဲကို အသိမှတ်ပြုကြသည်။ ထိုမျှမက စစ်သမိုင်းတစ်လျှောက်တွင် စစ်မြေပြင်အခင်းအကျင်းနှင့် ပက်သက်၍လည်း အဆန်းကျယ်ဆုံးသော အနေအထားဟုလည်း သတ်မှတ်ကြသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ရောမနိုင်ငံရေးတွင် ထိပ်ဆုံးသို့တက်လိုသော ဂျူးလိယက်ဆီဇာသည် စစ်မြေမြင်အောင်နိုင်မှုများဖြင့် နိုင်ငံရေးအာဏာကို တည်ဆောက်ယူရမည့် အကြောင်းကိုကောင်းစွာနားလည်သည်ဖြစ်၍ ရောမအင်ပါယာတည်ထောင်နိုင်ရေးအတွက် အရေးပါသောဒေသများကို သိမ်းပိုက်ရန် အားထုတ်သည်။ အထူးသဖြင့် စပိန်နယ်များအား တိုက်ခိုက်ပြီးချိန်တွင် တဆက်တည်းအနေဖြင့် ဂေါလ် ဟုခေါ်သည့် ယနေ့ပြင်သစ်နိုင်ငံ တည်ရှိရာအရပ်မှ ချမ်းသာကြွယ်ဝမှုကို အလိုရှိသည် ဖြစ်၍ အဆိုပါဒေသအား ဆက်လက်တိုက်ခိုက်သည်။

ပါးနှပ်သော ဆီဇာသည် ဂေါလ်တို့အား တိုက်ခိုက်ရာတွင် ကျူးကျော်စစ်ဟု သမုတ်ခံရမည့်ဘေးအား အကြောင်းပြချက်ကောင်းကောင်းဖြင့် ရှောင်ရှားခဲ့သည်။ ၎င်းမှာ ဂေါလ်နယ်များအား ဂျာမန်နွယ်တို့က ဝင်ရောက်တိုက်ခိုက်ရာတွင် ဂေါလ်တို့အား စစ်ကူပေးခြင်းသာ ဖြစ်သည် ဟူ၏။ ထိုစကားကြောင့် ဂေါလ်အချင်းချင်းသွေးကွဲစေကာ ဆီဇာအား အမြတ်ထုတ်ခွင့် ပေးတော့သည်။ ထိုသို့သော အခြေအနေတွင် ဂေါလ်တို့အလယ်တွင် ဆီဇာအား အံတုမည့်သူတစ်ဦးအနေဖြင့် ဗာစင်ဂျီတိုရစ်(Vercingetoric)အမည်ရှိ ဂေါလ် ခေါင်းဆောင်တစ်ဦးပေါ်ပေါက်လာသည်။ ၎င်း၏ သံမဏိစည်းမျဉ်းများဖြင့် တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်မှုအောက်တွင် ရှိသည့် ဂေါလ်တပ်များသည် အလီဆီယာခံတပ်မြို့မှနေကာ ဆီဇာအား တော်လှန်ကြသည်။


တိုက်ပွဲ အပြင်အဆင်[ပြင်ဆင်ရန်]

ဆီဇာအနေဖြင့်လည်း တိုက်တိုင်းအောင်တပ်များဖြစ်သည့် ၎င်း၏ဩဇာခံ ရောမခြေလျင်တပ်နှင့် ဂေါလ်မြင်းသည်တော်တပ်တို့ဖြင့် ပူးပေါင်းကာ ထိုးစစ်ဆင်သည်။ အထူးသဖြင့် ရောမဩဇာခံ ဂေါလ်တပ်များအား ရန်သူအမှတ်ဖြင့် ရောထွေးကာ မကြာခဏ ဘက်မှားတိုက်ခိုက်ကြခြင်းကြောင့်ဖြစ်သည်။ ထိုသို့ ရောမတပ်ကြီး အခြေမလှဖြစ်နေချိန်တွင် တစ်ဖက်မှ ဗာစင်ဂျီတိုရစ် အနေဖြင့် ဩဇာတက်လာပြီး ဂေါလ်လူမျိုးအပေါင်းတို့က ၎င်းလက်အောက်သို့ တဖွဲဖွဲဝင်ရောက် သစ္စာခံလာကြသည်။

ဆီဇာအနေဖြင့်လည်း ရောမတပ်ကို အကူအညီပေးရန်အတွက် ဂေါလ်တို့၏ ရန်ဖက်ဖြစ်သည့် ဂျာမန်များထံမှ တိုက်ခိုက်ရာတွင် ကျော်ကြားသည့် မြင်းတပ်ကို စစ်ကူတောင်းခံသည်။ ထိုနောက် မိမိတပ်များအား ရန်သူများရှိနေသည့် အလီဆီယာခံတပ်တည်ရှိရာ တောင်ထိပ်အား အဘက်ဘက်မှ ဝိုင်းရံစေသည်။ ဗာစင်ဂျီတိုရစ် အနေဖြင့်လည်း အခြားမျိုးတူ ဂေါလ်များအား စစ်ကူတောင်းထားပြီးဖြစ်၍ အချိန်တန်လျှင် ရောမတပ်များအား အလယ်ထား၍ မိမိ၏မြို့တွင်းတပ်နှင့် စစ်ကူလာမည့် တပ်များနှစ်ဖက်ညှပ်ကာ တိုက်ရန်ကြံစည်သည်။ ၎င်း၏ခံစစ်နေရာမှာ သုံးဖက်သုံးတန်ချောက်ကမ်းပါးဖြစ်ပြီး ကျန်တစ်ဖက်မှ လူလုပ်အတားအဆီးများဖြင့် ပြည့်နေသည့် စစ်မြေပြင်ဖြစ်သည်။

ဆီဇာလက်အောက်တွင် ရောမစစ်သည် ၅၀၀၀၀၀ ရှိပြီး မဟာမိတ်မြင်းတပ်များလည်း ရှိနေပြီဖြစ်သဖြင့် ရန်သူခံစစ်အား အကျိုးမဲ့ထိုးဖောက်ခြင်းမပြုစေဘဲ ရန်သူခံစစ်ကို ပတ်လည်ဝိုင်း၍ ကတုပ်ကျင်းကြီးများ တူးစေသည်။ သို့ဖြင့် အလီဆီယာအား ဝိုင်းပတ်ကာ အနက် ၈ ပေ၊ အကျယ် ၁၅ ပေရှိသော ကတုပ်ကျင်းကျယ်ကြီးများ ၁၅မိုင်ပတ်လည်တွင် ပေါ်ပေါက်လာတော့သည်။ ကျင်းများတူး၍ ရလာသော မြေစာများအား ခံတပ်ငယ်လေးများ တည်ဆောက်ရာတွင် သုံးစေပြန်သဖြင့် ခံတပ်ငယ်လေး ၂၃ခု ရရှိလေသည်။ သစ်သားမျှော်စင်ကြီးများ တည်ဆောက်၍ ရှေ့တွင် ခလုပ်၊ငြှောင့် စသည်တို့ကို ထားရှိသည်။ မြေပြင်ကိုလည်း မညီမညာဖြင့် ကြမ်းတမ်းအောင် စီမံသည်။

ဗာစင်ဂျီတိုရစ် အနေဖြင့်လည်း မိမိအား ရန်သူများက ကတုပ်ကျင်းဖြင့် ပိတ်ဆို့ခြင်း မပြုနိုင်မီ စစ်ကူများပို့ကြရန် ဂေါလ်များအား ဆော်ဩသည်။ အထူးသဖြင့် နာမည်ကျော် ဂေါလ်တို့၏ မြင်းတပ်များအား စေလွှတ်ရန် အမိန့်ပေးသည်။ ဆီဇာအနေဖြင့်လည်း ရန်သူမှာ ရှေကမှသာမက နောက်မှလည်း တိုက်ခိုက်လာနိုင်သည်ကို သိနားလည်သဖြင့် အလားတူကတုပ်ကျင်းများကို နောက်ဖက်တွင်လည်း တူးဖော်ပြင်ဆင်စေသည်။ သို့သော် ပြင်ဆင်နေခြင်းအား မလိုလားသည့် ရန်သူဂေါလ်တို့က အတွင်းအပြင်ညှပ်တိုက်သဖြင့် ရောမတို့ အကြိမ်ကြိမ် စစ်ရှုံးပြီး ဗာစင်ဂျီတိုရစ်မှာ အင်အားကောင်းလာသည်။

တိုက်ပွဲ[ပြင်ဆင်ရန်]

ဂေါလ်တို့၏ အဓိကလက်နက်မှာ မြင်းတပ်ဖြစ်သည်။ ဂေါလ်မြင်းစီးစစ်သည်များသည် မြင်းစီးရင်းမှ လှံတံရှည်များ၊ ဓားရှည်ကြီးများဖြင့် ရန်သူအား ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရာတွင် နာမည်ကျော်သည်။ ရောမတို့ကလည်း ဂေါလ်တို့အား ကြေးစားအဖြစ် နှစ်ပေါင်းများစွာ သုံးစွဲလာသဖြင့် ဂေါလ်တို့၏ အားသာချက်၊ အားနည်းချက်များကို ကောင်းစွာသဘောပေါက်ပြီးဖြစ်သည်။ မြို့တွင်းမှ ထွက်တိုက်လာသည့် ဂေါလ်မြင်းတပ်အား ဂျာမန်မြင်းတပ်က အင်အားနည်းနည်းဖြင့် ပြန်လှန်တိုက်နိုင်သဖြင့် ဂေါလ်တို့ မြို့တွင်းပြန်ဝင်ရသည်။ အပြင်ဆုံးမှ ဝိုင်းရံနေသည့် ဂေါလ်စစ်ကူတပ် တို့ကလည်း ပရိယာရ်ဖြင့် ညအချိန်တွင် တုတ်များ၊ လှေကားများ တိတ်တဆိတ်ယူလာကြပြီးလျှင် ကတုပ်ကျင်းများအား တုတ်များဖြည့်ပြီး ဖြတ်ကျော်၍ မျှော်စင်ပေါ်ရှိ ရောမတို့အား လှေကားထောင်ကာ တိုက်ခိုက်ကြသည်။ ဗာစင်ဂျီတိုရစ် ကလည်းမြို့တွင်းမှ တိုက်ခိုက်သည်။ ညလုံးပေါက်တိုက်ခိုက်ပြီးလျှင် ဂေါလ်တို့ဖက်မှ ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုတော့ဘဲ တိုက်ကင်းအဖွဲ့ငယ်များစေလွှတ်၍ ရောမတပ်ကို အကဲခတ်ကြရာ တောင်ကုန်းခံစစ်၏ အစွန်းတွင် မြေပြင်ညီညာသည်ကိုတွေ့ပြီး ထိုနေရာကို ရောမတပ်၏ ပျော့ကွက်အဖြစ်သတ်မှတ်နားလည်ပြီး ထိုးစစ်ဆင်တော့သည်။ ထိုနေရာအား ဂေါလ်စစ်ကူတပ်များ ဖိတိုက်နေစဉ်တွင် မြို့တွင်းမှ ဂေါလ်များကလည်း ရောမတပ်ကြီးကို ထိုးစစ်ဆင်နွဲလာသည်။ ထိုသို့ စစ်ညှပ်ခံနေရသောအချိန်တွင် ဂျူးလိယက်ဆီဇာသည် ၎င်း၏ ဝတ်ရုံနီကြီးအား ခြုံကာ ရောမတပ်တစ်နေရာမှ တစ်နေရာသို့ကူးကာ ကွပ်ကဲ၍တိုက်ခိုက်သည်။ ဂေါလ်များဖိတိုက်ရာ ခံစစ်အစွန်းကျိုးပေါက်လု အနေအထားတွင် တစ်ဖက်လှည့်ဖြင့် ဆီဇာက ထိုဂေါလ်များ၏ နောက်မှလှည့်တိုက်စေရာ ဂေါလ်တို့ကလည်း အခြားရောမတပ်မကြီးများ စစ်ကူလာသည်ထင်မှတ်၍ စိတ်ဓာတ်ကျဆင်းကာ လက်နက်ချတော့သည်။

သို့ဖြင့် ဗာစင်ဂျီတိုရစ် ကိုယ်တိုင် ချပ်ဝတ်တန်ဆာ၊ လက်နက်တို့ကို ရောမအာဏာရှင် ဂျူးလိယက်ဆီဇာထံ အပ်နှံကာ အရှုံးပေးလိုက်ခြင်းဖြင့် ဂေါလ်နယ်သည် နှစ်ပေါင်းများစွာတိုင် ရောမအင်ပါယာ၏ လက်အောက်ခံဖြစ်လာတော့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်