အလိုတော်ပြည့်ဂူဘုရား

ဝီကီပီးဒီးယား မှ
အလိုတော်ပြည့်ဂူဘုရား
  • စေတီပုထိုးအမှတ်=၃၇၄/၂၂၈

အလိုတော်ပြည့် ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံရှိ အနော်ရထာလမ်းမကြီး၊ မြောက်ဘက်ခြမ်း၊ ထီးလိုမင်းလိုဘုရား၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။

ဂူဘုရားသမိုင်း[ပြင်ဆင်ရန်]

ကျန်စစ်သားသည် မင်းမဖြစ်မီ စစ်သူကြီးအဖြစ် အနော်ရထာမင်းကြီးထံ ခစားနေစဉ် စစ်ထွက်ရန် အမိန့်တော် (ထွေတော်) ချမှတ်လေသည်။ ကျန်စစ်သားသည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် စစ်ထွက်ခဲ့ရာ ပေါက္ကံနေပြည်တော်၏ အရှေ့တောင်အရပ် (ယခု အလိုတော်ပြည့်ဘုရားတည်ရာ) ကုန်းမို့မိုအရောက်တွင် စိတ်လက်လေးလံခြင်းဖြစ်ရကား ထိုကုန်းမို့မို့ထက်၌ ဒူးထောက်ထိုင်ချ၍ အဓိဋ္ဌာန်ပြုလေသည်။ "မိမိသည် ယခုစစ်ထွက်လာရသော်လည်း စစ်တိုက်လိုစိတ်မရှိပါ။ တစ်ဖက် စစ်ပြိုင်ဖက်များသည် ပုဂံစစ်သည်များ စစ်ချီလာကြောင်းကြားရုံမျှနှင့် စစ်အောင်နိုင်သူ ဖြစ်ရပါလို၏။ မိမိပေါက္ကံပြည် ထီးနန်း၌ မင်းအဖြစ် ရရှိသောအခါ ယခုအဓိဋ္ဌာန်ပြုသည့်နေရာတွင် ဘုရားတည်ပြီး သာသနာပြုလိုပါ၏" ဟူ၍ အဓိဋ္ဌာန်ပြုခဲ့လေသည်။ ကျန်စစ်သားစစ်သူကြီးသည် အဓိဋ္ဌာန်ပြုရာကုန်း မှခွာ၍ စစ်ချီသောအခါ အဓိဋ္ဌာန်စိတ်အကြံအတိုင်း ပေါက်မြောက်အောင်မြင် ခဲ့လေသည်။ ပုဂံပြည်တွင် ကျန်စစ်သားမင်းအဖြစ် ရောက်ရောက်ခြင်း ရှင်အရဟံမထေရ်မြတ်နှင့် တိုင်ပင်ပြီး မိမိစစ်သူကြီးဘဝက အဓိဋ္ဌာန် ဆုတောင်းပြည်ခဲ့သည့်နေရာသို့ ချက်ချင်းသွားရောက်၍ အရှေ့ဘက် မျက်နှာလှည့် ဂူဘုရားငယ် တစ်ဆူကို ဦးစွာတည်ထားလေသည်။ ထိုဂူဘုရားငယ်ကို "အလိုပြည့်" ဘွဲ့မည်ကို သမုတ်ခဲ့လေသည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

အလိုတော်ပြည့်ဘုရားသည် စေတီပေါက်တိုက်ခံဘုရားဖြစ်ပြီး ဖိနပ်တော်မှ အထွဋ်ထီးတော်အထိ ဉာဏ်တော် အမြင့် (၄၇) ပေခန့်သာ ရှိသည်။ အရှေ့ဘက် မျက်နှာလှည့်ဘုရားဖြစ်၍ ဂူလိုဏ်အတွင်း အရှေ့မြောက်ထောက်နံရံထုအတွင်းမှ အပေါ်သို့တက်ရန် ကြောင်လိမ်လှေကား ဖောက်လုပ်ထားသည်။ လိုဏ်အတွင်း၌ နံရံပြည့် နှစ်ကျိပ်ရှစ်ဆူ ဗျာဒိတ်ခန်းများ၊ သုတ်တရားဟောသည့် ရုပ်ပွားတော်၊ ဆေးရေးလက်ရာများရှိပြီး ရှေးမွန်ကမ္ပည်းစာ (မင်စာ)များရှိသည်။
(၁၂) ရာစုတွင် အလိုတော်ပြည့်ဘုရားကို "သင်ကြီး ငတုပ်သင်" ပြုပြင်ခဲ့ကြောင်း မြန်မာလို မင်စာမှတ်တမ်းရှိသည်။ ထိုမှတ်တမ်းမင်စာ၌ သက္ကရာဇ် ၅၅၆ ဟု ဖော်ပြထားရာ သင်ကြီးငတုပ်သင် ပြုပြင်သောကာလမှာ နရပတိစည်သူမင်းကြီး လက်ထက်ဖြစ်သည်။

အလိုတော်ပြည့် ဆရာတော်ဘုရား[ပြင်ဆင်ရန်]

နှစ်ကာလများ ကြာလာသောအခါတွင် အလိုတော်ပြည့်ဘုရားမှာ ချုံနွယ်ပိတ်ပေါင်းဖြင့် ပိတ်ဆို့လျှက် မထင်မရှားဖြစ်နေခဲ့ရာ ရှေးဟောင်းသုတေသနကသော်မှ ဦးစားပေး ပြုပြင်ထိန်းသိမ်းမှုစာရင်းဝင် ဘုရားတစ်ဆူအဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပါ။

သို့သော် မြန်မာသက္ကရာဇ် ၁၃၅၄ ခုနှစ်တွင် သာသနာပြုမည့် ရခိုင်မှ ဆရာတော် တစ်ပါးသည် အလိုတော်ပြည့်ဘုရားကို ပဋ္ဌာန်းဓာတ်ကျသဖြင့် အဓိဋ္ဌာန်ဝင် ပုတီးစိတ်ခြင်း၊ တရားဘာဝနာစီးဖြန်းခြင်း၊ မေတ္တာပို့ခြင်း၊ ဝိပဿနာတရားထိုင်ခြင်းတို့ကို (၆)နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့သည်။ ထိုဆရာတော်မှာ ယခင် (ပါကစ္စတန်ဆရာတော်) ယခု ညောင်ဦးအောင်မြေ ဗောဓိဓမ္မရိပ်သာ (အလိုတော်ပြည့်) ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရိယဝံသ (မဟာ ဂန္တဓါစကပဏ္ဍိတ) နယ်စပ်ဒေသ သာသနာပြု ဆရာတော်ပင် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကြည်ပန်း(မြင်းကပါ) - အနော်ရထာတည်ထား စွယ်တော်မြတ်လေးဆူနှင့် ရာဇဝင်ထင်ရှား ပုဂံဘုရားများ