အလင်းဖြင့် ဖွဲ့စည်းခြင်း

ဝီကီပီးဒီးယား မှ

အလင်းဖြင့် ဖွဲ့စည်းခြင်း။ ။ သစ်ရွက်များတွင် အပင်စာဖြစ်သော ကစီချက်လုပ်ရန် ကလိုရိုဖီ၊ နေရောင်ခြည်၊ ကာဗွန်ဒိုင် အောက်ဆိုက်နှင့် ရေတို့ လိုအပ်၏။ အပင်များသည် ရေကို မြေဆီလွှာမှရ၍ ကာဗွန်ဒိုင် အောက်ဆိုက်ကို လေထဲမှ ရကြသည်။ အပင်စာ ပြုလုပ်ရန် ပစ္စည်းကြမ်းများဖြစ်သော ထိုရေနှင့်ကာဗွန်ဒိုင် အောက်ဆိုက်တို့ကို ကလိုရိုဖီနှင့် နေရောင်ခြည်တို့က သစ်ရွက်စိမ်းများတွင် အပင်စာ(သကြား)ဖြစ်လာအောင် ပြုလုပ်ပေးကြသည်။ ကစီချက်လုပ်သည်ဆိုရာ၌ ဦးစွာ ဖြစ်ပေါ် လာသော ပစ္စည်းမှာ သကြားဖြစ်၍ သကြားအားလုံးလိုလိုပင် ကစီအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဤကဲ့သို့ သစ်ရွက်စိမ်းများ၌ နေရောင်ခြည် တွင် သကြားချက်လုပ်၍ ကစီအဖြစ် ချက်ချင်း ပြောင်းလဲသွားခြင်းကို အလင်းဖြင့် ဖွဲ့စည်းခြင်း(ဖိုတိုဆင်း သဆစ်)ဟု ခေါ်သည်။

သကြားနှင့် ကစီတို့သည် ကာဗိုဟိုက်ဒရိတ်များဖြစ်ရာ ကာဗွန်၊ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ပါဝင်သည်။ အလင်း ဖြင့် ဖွဲ့စည်းစဉ်က ကာဗွန်ဒိုင်အောက်ဆိုက်သည် ကာဗွန်နှင့် အောက်စီဂျင်အဖြစ် ဓာတ်ကွဲသွားသည်။ ဓာတ်ကွဲလာသော ကာဗွန်သည် သစ်ရွက်တွင် ရေမှ အောက်ဆီဂျင် ဟိုက်ဒရိုင်ဂျင် တို့နှင့် ပေါင်းစပ်၍ သကြားဖြစ်လာသည်။ ဤဓာတ်ပြောင်းမှု တွင် လိုအပ်သော စွမ်းအင်ကို နေရောင်ခြည်မှ ရရှိသည်။ ကလိုရိုဖီသည် နေရောင်ခြည်၏ စွမ်းအင်ကို ယူနိုင်၍ သကြား ဖြစ်မြောက်ရန် ဆောင်ရွက်ပေးနိုင်သည့် သတ္တိရှိသည်။ ကာဗွန် ဒိုင်အောက်ဆိုက်မှ ကာဗွန်သာလျှင် သကြားဖြစ်မြောက်ရာ၌ ပါဝင်၍ အောက်ဆီဂျင်ကား လေထဲသို့ ပြန်ထွက်သွားသည်။ အလင်းဖြင့် ဖွဲ့စည်းချိန်တွင် ကာဗွန်ကိုသာသုံးခြင်းကြောင့် ယင်းသို့ ဖွဲ့စည်းခြင်းကို ကာဗွန်ဓာတ် စုဆောင်းခြင်းဟုလည်း ခေါ်သည်။

အလင်းဖြင့် ဖွဲ့စည်းချိန်တွင် အောက်ဆီဂျင်ဓာတ်ကွဲ၍ ထွက် လာပုံကို အောက်ပါစမ်းသပ်မှုဖြင့် ပြသနိုင်သည်။ ဖန်စလုံတစ်ခု တွင် ရေပြည့်လုနီးပါးထည့်ပါ။ ထိုရေတွင် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ် အလုံအလောက် ပျော်ဝင်လျက်ရှိစေရန် ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်အပျော့ရည် အနည်းငယ် ရောထည့်ပေးပါ။ ထိုနောက် ရေထဲသို့ အလိုဒီယာခေါ် ရေတွင်ပေါက်သောသည့် အပင်မျိုး၊ သို့မဟုတ် အခြားရေတွင်အပင်မျိုး အနည်းငယ် ထည့်ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း အပင်များပေါ်တွင် ဖန်ကတော့တစ်ခုမှောက်၍ အုပ်ပေးပါ။ ထိုနောက် ဖန်ကတော့ တံပေါ်သို့ ရေအပြည့်ပါသော စမ်းသပ်ဖန်ပြွန်တစ်ခုကို မှောက် တင်ထားပါ။ ပြီးလျှင် ယင်ကိရိယာတန်ဆာများကို နေရောင် ရသောနေရာတွင် ထားပါ။ မကြာမီရေထဲမှ ဓာတ်ငွေ့ပလုံစီများ စမ်းသပ်ဖန်ပြွန်အထက်သို့ တက်လာမည်။ ဓာတ်ငွေ့အသင့် အတင့် စုဆောင်းမိသောအခါ ဖန်ပြွန်ဝကို လက်မဖြင့်ပိတ်၍ ယူပြီးလျှင် မီးရဲနေသော ထင်းစကလေးတစ်ခုကို ဖန်ပြွန်ထဲသို့ ထိုးသွင်းကြည့်ပါ။ ထင်းစကလေးမှ မီးထတောက်လာမည် ဖြစ်သောကြောင့် ဖန်ပြွန်အတွင်းရှိ ဓာတ်ငွေ့သည် အောက်ဆီ ဂျင်ဖြစ်ကြောင်း သိရသည်။ ကိရိယာတန်ဆာကို အဝတ်မည်း နှင့် ဖုံးအုပ်၍ နေရောင်ခြည်မရအောင် ပိတ်ပင်လိုက်သော် ဓာတ်ငွေ့ပလုံစီများ ထွက်လာခြင်း နှေးကွေးသွားမည် ဖြစ်၏။ ဤကား အလင်းဖြင့် ဖွဲ့စည်းချိန်တွင် ကစီချက်လုပ်ရာ၌ အောက်ဆီဂျင်ဓာတ် လွတ်ထွက်သွားပုံ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)