ဉာဏတိလောက၊ အရှင်

ဝီကီပီးဒီးယား မှ
(အရှင်ဉာဏတိလောက မှ ပြန်ညွှန်းထားသည်)

အရှင်ဉာဏတိလောက[ပြင်ဆင်ရန်]

ဂီတဆရာဘဝမှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော ဂျာမန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။

၁၉၀၃-ခုတွင် မြန်မာနိုင်ငံသို့ ထူးခြားသော ဂျာမန်လူမျိုးတစ်ဦး ရောက်ရှိလာသည်၊ သူသည် အသက် ၂၅-နှစ် အရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။

သူရောက်လာသည်မှာ နိုင်ငံရေးအတွက်လဲ မဟုတ်၊ စီးပွားရေးအတွက်လဲ မဟုတ်၊ ပညာရေးအတွက်လဲ မဟုတ်၊ အုပ်ချုပ်ရေးအတွက်လဲ မဟုတ်၊ ခရစ်ယာန်သာသနာပြုရေးအတွက်လဲ မဟုတ်၊ ဗုဒ္ဓဘာသာရဟန်းအဖြစ် ခံယူရန်အတွက် ထူးထူးခြားခြား ရောက်ရှိလာခြင်း ဖြစ်ပေသည်။

သူသည် ရှေးဦးစွာ သာမဏေအဖြစ် ခံယူသည်၊ ထို့နောက် တနှစ်အကြာတွင် ရဟန်းအဖြစ် ခံယူသည်၊ သူ၏ ဘွဲ့အမည်မှာ အရှင်ဉာဏတိလောက-ဖြစ်သည်၊ ဂျာမန်လူမျိုးများထဲမှ ပထမဦးဆုံး ဗုဒ္ဓဘာသာရဟန်းအဖြစ် စွန့်စားခံယူသူပင်တည်း၊ ထိုစဉ်က သူ၏ ပစ္စည်းလေးပါး ဒါယကာမှာ မင်းကြီးကတော် ဒေါ်မြမေပင် ဖြစ်ပေသည်။

အရှင်ဉာဏတိလောက၏ လူအမည်မှာ အန်ထွန်ဝေါ်လတာဖလော်ရု(စ်)ဂူးအက် ( Anton Walter Florus Gueth ) ဖြစ်သည်။ သူ့ကို ၁၈၇၈-ခုတွင် ဂျာမဏီနိုင်ငံ ဝိစ်ဘန်ဒင်မြို့၌ ဖွားမြင်သည်၊ သူ၏ဖခင်သည် ထိုမြို့ရှိ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဖြစ်လေသည်။

အန်ထွန်ဂူးအက်သည် အရွယ်ရောက်သောအခါ ရှေးဦးစွာ အထက်တန်းကျောင်း၌ ပညာဆည်းပူးသည်၊ ထို့နောက် ဂီတပညာကို ဝါသနာပါသဖြင့် လေ့လာဆည်းပူးသည်၊ သူသည် ဂီတပညာကို ဖရင့်ဖတ်မြို့ ဂီတသိပ္ပံမှ ပါမောက္ခ အိုင်ဝမ်နော်-ထံတွင်လည်း ဆည်းပူးသည်၊ ပဲရစ်မြို့ ဂီတသိပ္ပံမှ နာမည်ကျော် ဂီတပညာရှင် ချားလ်(စ်)မာရီ ဝိဒေါ်-ထံတွင်လည်း ဆည်းပူးသည်၊ သူသည် တေးသီချင်းဖွဲ့ဆိုခြင်း အတတ်ပညာနှင့် တယောထိုးအတတ်ပညာတို့ကို အထူးကျွမ်းကျင်တတ်မြောက်ခဲ့သည်။

အန်ထွန်ဂူးအက်-သည် ပညာစုံသောအခါ တယောဆရာ ဂီတပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်ရာ အထူးကျော်ကြားအောင်မြင်ခဲ့သည်။

သူသည် ဂီတပညာကို လေ့လာဆည်းပူးစဉ်ကပင် ဒဿနိကဗေဒပညာကို စိတ်ပါဝင်စားခဲသည်၊ထိုပကြောင့် အားလပ်ချိန်များတွင် ဒဿနိကဗေဒဆိုင်ရာ စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့သည်၊ တယောဆရာ ဖြစ်လာသောအချိန်တွင်ကား ဒဿနိကဗေဒဆိုင်ရာ စာအုပ်များကို ပိုမိုဖတ်ရှုလေ့လာခဲ့သည်၊ ဤတွင် သူသည် ဗုဒ္ဓတရားတော်များကို ဖတ်ရှုမိကာ စတင်စိတ်ဝင်စားလာခဲ့သည်။

တနေ့သ၌ သူသည် ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားရာမှ လေ့လာလိုက်စားလိုသောစိတ် ဖြစ်ပေါ်လာသည်၊ သို့ဖြင့် သူသည် သီဟိုဠ်နိုင်ငံ ( သီရိလင်္ကာ ) သို့ တကိုယ်တည်း ထွက်လာခဲ့သည်၊ ထိုနိုင်ငံ၌ ဗုဒ္ဓတရားတော်ကို၎င်း၊ ပါဠိနှင့်သက္ကတဘာသာတို့ကို၎င်း ကျနစွာ လေ့လာဆည်းပူးသည်၊ ထို့နောက် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်လေသည်။

အန်ထွန်ဂူးအက်သည် ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူပြီးနောက် လောကီချမ်းသာ ကြီးပွားတိုးတက်မှု အဝ၀ကို စွန့်လွှတ်လိုက်သည်၊ မြန်မာနိုင်ငံသို့ လာရောက်၍ ရဟန်းပြု နေထိုင်လေသည်။

သူသည် မြန်မာနိုင်ငံ၌ သီတင်းသုံးနေထိုင်စဉ် ပါဠိဘာသာနှင့် ဗုဒ္ဓစာပေတို့ကို ထပ်မံလေ့လာ ဆည်းပူးသည်၊ ထိုစဉ်က သူသည် နှဲကြိုးဆရာတော်နှင့် အလွန်ခင်မင်ရင်းနှီးခဲ့သည်၊ နှဲကြိုးဆရာတော်ကား ဓမ္မကထိကအများ လက်စွဲပြုရသော ဝဋ္ဋဘေဒနီကျမ်းကို ရေးသားခဲ့သူ ဖြစ်ပေသည်။[၁]

စာကိုး[ပြင်ဆင်ရန်]

  1. Redirecting[လင့်ခ်သေ]