အရပ်ဘက် စစ်ဘက်ဆက်ဆံရေး

ဝီကီပီးဒီးယား မှ

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေသော နိုင်ငံများတွင် အလွန် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်လာသည်။ အရပ်ဘက် အဖွဲ့အစည်းနှင့် စစ်ဘက်အဖွဲ့အစည်းနှစ်ခု အကြား ထိတွေ့ ဆက်ဆံရသော နယ်ပယ်ဖြစ်သည်။ ဒီမိုကရက်တစ် အဖွဲ့အစည်းတွင် အရပ်ဘက် အာဏာ ရှိသည်။ စစ်ဘက် အာဏာရှိသည်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသည် အရပ်ဘက်နယ်ပယ်နှင့် စစ်ဘက်နယ်ပယ် နယ်ပယ်နှစ်ခုအကြား ဆက်ဆံရေးကို ဖော်ပြခြင်းဟု ယေဘုယျ ကောက်ချက်ချနိုင်သည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံ ရေးဘာသာရပ်ကို လေ့လာခြင်းသည် နိုင်ငံတော်ကို စစ်ဘက်က ထိန်းချုပ်ခြင်းကို လေ့လာခြင်း မဟုတ်။ ထိုသို့သော လေ့လာပုံနည်း စနစ်သည် ကျဉ်းမြောင်းသော လေ့လာမှု ပုံစံဖြစ်သည်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးသည် စစ်ဘက်အပေါ် အရပ်ဘက်က မည်ကဲ့သို့ စနစ်တကျ လွှမ်းမိုးထိန်းချုပ်ထား သည်ကို ဖော်ပြသည်။ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကို ပညာရှင်အမျိုးမျိုးက ရှုထောင့် အမျိုးမျိုးမှ လေ့လာသုံး သပ်ကြသည်။ အကြမ်းဖျင်းအားဖြင့် နိုင်ငံရေးသိပ္ပံနယ်နှင့် လူမှုဗေဒနယ်ဟူ၍ နယ်ပယ်နှစ်ခု ဖြင့် ခွဲခြားလေ့လာသည်။ ထိုနယ်ပယ်များမှ ဆင့်ပွား၍ ပညာရပ်နယ်ပယ်အသီးသီးတွင် လေ့လာမှု ကွာခြားသွားကြသည်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ဥပဒေနယ်ပယ်၊ ဒဿနိကနယ်ပယ်၊ စိတ်ပညာနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်၊ မနုဿဗေဒ နယ်ပယ်၊ ဘောဂဗေဒနယ်၊ သမိုင်းနယ်ပယ်၊ သံတမန်ရေးရာသမိုင်း၊ မီဒီယာနယ်နှင့် စစ်ဘက် နယ်ပယ် ဟူ၍ နယ်ပယ် ပေါင်းစုံမှ လေ့လာကြသည်။ သုံးသပ်ကြသည်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးအပေါ် နယ်ပယ်ပေါင်းစုံမှ လေ့လာသုံးသပ်ကြသောကြောင့် ရှုထောင့်ပေါင်းစုံ ထွက်ပေါ်လာသည်။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးအပေါ် မည်ကဲ့သို့သော ရှုထောင့်မှ လေ့လာသည်ဖြစ်စေ မလေ့လာလျှင် မဖြစ်သည့် အကြောင်းအရာ (၅) မျိုးရှိသည်။

  • Civilian control of the military,
  • Military professionalism,
  • War,
  • Civil-military operations,
  • Military institutions

နိုင်ငံတကာ ရှုထောင့်ဖြင့် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကို ဆွေးနွေးသုတေသနပြုရာတွင် Non-state Actors များ၏ အခန်းကဏ္ဍကို ထည့်သွင်း ဆွေးနွေးကြသည်။ အရပ်ဘက်ဟု ဆိုရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်ဘက် ဆက်ဆံရေးကိုပါ ထည့်သွင်းဆွေးနွေးမှ ပြည့်စုံပေလိမ့်မည်။ ယခင်က နိုင်ငံများသည်သာ အခရာဖြစ်သည်။ နိုင်ငံများတွင် ပြည်သူနှင့် အစိုးရသာရှိသည်ဟု အကြမ်းဖျင်းသတ်မှတ် ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း နိုင်ငံမဟုတ်သော ဇာတ်ကောင်များ၏ အခန်းကဏ္ဍသည် ကြီးထွားလာခဲ့သည်။ စစ်အေးကာလပြီးဆုံးသည့်နောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းများသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာကြသည်။ အဆိုပါ အဖွဲ့အစည်း များသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ် အထိ ခြေဆန့်လာနိုင်ခဲ့သည်။ ထို့ကြောင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို လေ့လာရာတွင် အရပ်ဘက်ဟူသော ဝေါဟာရတွင် နိုင်ငံတကာအဖွဲ့အစည်းများကိုပါ ထည့်သွင်း အဓိပ္ပာယ်သတ်မှတ်မှ ပြည့်စုံနိုင်သည်။

အရပ်ဘက်စစ်ဘက်ဆက်ဆံရေး သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးသမိုင်းကို ခြေရာကောက်ရာတွင် အရှေ့တိုင်းတွင် ဆွန်ဇူးနှင့် အနောက်တိုင်း တွင် ကလော့ဇ်စ်ဝပ် တို့ ရေးသားသော စစ်ကျမ်းများမှ ခြေရာကောက်နိုင်သည်။ စစ်ကျမ်း အဆိုအမိန့်များဖြင့် ကျော်ကြားသည့် ဆွန်ဇူးနှင့် ကလော့ဇ်စ်ဝပ် နှစ်ဦးစလုံးသည် စစ်ဘက်အဖွဲ့အစည်းသည် နိုင်ငံတော်၏ အစေခံ ဖြစ်သည် ဆိုသည့် အယူအဆအပေါ် အငြင်းပွားခဲ့ကြသည်။ ကမ္ဘာတွင် ၂၀ ရာစု တစ်ဝက်လောက်အထိ စစ်ဝါဒကြီးစိုးခဲ့သည်ကို သတိမူရမည်။ စစ်ဝါဒကြီးထွားလာခြင်းသည် စစ်ဘက် အဖွဲ့အစည်းသည် လူ့အဖွဲ့အစည်းအတွင်း ထိုးဖောက်နေရာယူမှု ကြီးထွားလာစေသည်။ ထိုမှစ၍ စစ်ဘက် ဩဇာသည် လူ့အဖွဲ့အစည်းတွင် ခိုင်မြဲလာသည်။ စစ်ဝါဒကြီးထွားခြင်းနှင့်အတူ စစ်တပ်များနေရာယူမှု များ ပြားလာသည်။ တဖြည်းဖြည်း စစ်ဘောင်ကျယ်လာသည်ဟုပင် ဆိုနိုင်သည်။

အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို လေ့လာ၍ တွေ့ရှိချက်တစ်ခု ရှိခဲ့သည်။ အစိုးရ၏ အုပ်ချုပ်ရေးနယ်ပယ် တွင် စစ်ဘက်ဝင်ရောက်စွက်ဘက်မှု ဖြစ်လာခြင်း အကြောင်းဖြစ်သည်။ အစိုးရအုပ်ချုပ်မှု ညံ့ဖျင်းခြင်းကြောင့် စစ်ဘက်သည် အုပ်ချုပ်ရေးနယ်ပယ်အတွင်း ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်း ပိုမိုဖြစ်လာသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အုပ်ချုပ်မှု ညံ့ဖျင်းသော အစိုးရများတွင် စစ်ဘက်က အခွင့်အလမ်းသာမှု ပိုမိုမြင့်မားသည်။ ဒုတိယကမ္ဘာစစ်ပြီးသည့် နောက်ပိုင်းကာလများတွင် စစ်ဘက် အာဏာသိမ်းမှု ပိုမိုများပြားလာခဲ့သသည်။ အထူးသဖြင့် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်အကြား စစ်တပ်အာဏာသိမ်းမှုသည် နိုင်ငံတော်တော်များများတွင် ဖြစ်ပွားခဲ့သည်။ ဤသို့သော အခြေအနေကြောင့် မည်သည့်အခြေအနေတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားနိုင် သနည်း ဆိုသည့် အချက်ကို မီဒီယာနှင့် ပညာရှင်ပိုင်းမှ စိတ်ဝင်စားမှု ကြီးထွားလာသည်။ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားအောင် မည်သို့သော အခြေအနေများက တွန်းအားပေးသနည်း။ ကျေးဇူးပြုသနည်း ဆိုသည်ကို ပညာရှင် တို့ လေ့လာ ခဲ့ကြသည်။

အာဖရိကနိုင်ငံများဖြစ်သော တိုဂို၊ ကွန်ဂိုနှင့် ယုဂန္ဓာနိုင်ငံတို့တွင် စစ်ဘက်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အုံကြွမှု ဖြစ်ပေါ်ခဲ့သည်။ တောင်အာဖရိကနိုင်ငံများတွင်လည်း အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ သည်။ ဘိုလီးဗီးယား၊ ချီလီ၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ပီရူးနှင့် ဥရုဂွေး လက်ဝဲကွန်မြူနစ်များ ကြီးထွားလာခဲ့ပြီး ကွန်မြူနစ်ဝါဒနှင့်စစ်တပ်ပေါင်းမိသလိုဖြစ်၍ အာဏာသိမ်းမှုများ မြင့်တက်ခဲ့ရခြင်း ဖြတ်တန်ရာ သည်။ ၂၀၀၆ ခုနှစ် တွင် ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု သန္ဓေတည်၍ ဆက်လက်ကြီးထွားလာသည်။

ဘာလင်တံတိုင်းပြိုကျပြီး စစ်အေးကာလ နိဂုံးချုပ်သွားချိန်၊ အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့တွင် စစ်ဘက်၏ အခန်းကဏ္ဍသည် လူ့အဖွဲ့အစည်းအတွင်း မည်သို့ရှိမည်နည်းဆိုသည့် သို့လော သို့လော ဒီဘိတ်အသစ်များ ထွက် ပေါ်လာခဲ့သည်။ စစ်အေးကာလ မတိုင်မီကပင် နိုင်ငံများ၏ အခန်းကဏ္ဍသည် ကမ္ဘာဇာတ်ခုံတွင် နေရာယူမှု ကျဆင်း လာသည်ကို ဆွေးနွေးငြင်းခုံခဲ့ပြီးဖြစ်သည်။ စစ်ဘက်ဦးဆောင်မှု နေရာတွင် အရပ်သား အစိုးရများဦးဆောင်မှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ အချို့သောနိုင်ငံများတွင် အရပ်သား အစိုးရ၏ လက်အောက်သို့ တပ်မတော် အား အလုံးစုံသွတ်သွင်းထိန်းချုပ်နိုင်ခဲ့သည်အထိ ရှိလာခဲ့သည်။

အယူအဆသစ်[ပြင်ဆင်ရန်]

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးပညာရှင်များ၏ အကြားတွင် စစ်တပ်ကို ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတစ်ခု အဖြစ် ရှုမြင်သည့် အယူအဆသစ်ပေါ်ထွက်လာခဲ့သည်။ မြန်မာတွင်လည်း စစ်တပ်နှင့် တပ်မတော် ဟူသည့် အသုံး အနှုံးအပေါ်တွင် အယူအဆကွဲပြားမှုများရှိသည်။ စစ်ဘက်အား အဆိုးမြင်ထောင့်မှ ရှုခြင်းနှင့် အကောင်းဘက်မှ ကြည့်ခြင်း အယူအဆတို့ ကွဲပြားလျက်ရှိသည်။ တက္ကသိုလ်များတွင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဘာသာရပ်ဆိုင်ရာ သုတေသနများပြုရာတွင်

  • 1. The European Way of War
  • 2. Concentration of Military Power
  • 3. Conversion of a Military Economy in Russia.
  • 4. Comparative Civil-Military Relations in the U.S. and Russia
  • 5. Civil-Military Relations in Nigeria
  • 6. Turkish Military Popularity
  • 7. Harassment in the British Military
  • 8. Group Cohesion

စသည့် အကြောင်းအရာများကို အဓိကထား သုတေသနပြုခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]