အယ်ရစ္စတိုင်ဒီ

ဝီကီပီးဒီးယား မှ

အယ်ရစ္စတိုင်ဒီသည် အေသင်မြို့သား နိုင်ငံရေး ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းကြောင့် တရားမျှတသော အယ်ရစ္စတိုင်ဒီဟူ၍ ခေါ်ကြသည်။ ဘီစီ ၄၉ဝ ပြည့်နှစ်တွင် ဖြစ်ပွားသော မာရသွန်တိုက်ပွဲ၌ ပါဝင်ခဲ့သည့် အေသင်ဗိုလ်ချုပ် ၁ဝ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ မာရသွန်တိုက်ပွဲတွင် ဂရိတို့၏ ကြည်းတပ်စွမ်းရည်ကြောင့် ပါးရှင်းတို့ကို ချေမှုန်းနိုင်ခဲ့သဖြင့် အက်သင်း၏ ကြည်းတပ်အင်အားကို ဖြည့်တင်းရမည်ဟုယူဆသည်။ ထိုကဲ့သို့ ခေါင်းဆောင်နှစ်ဦးသည် အချင်းချင်း အယူအဆကွဲလွဲသည့်အခါ၌ လူထု၏အဆုံးအဖြတ်ကို ခံယူရမြဲထုံးစံရှိလေသည်။ လူထု၏ ဆုံးဖြတ်ချက်အရ တစ်ဦးဦးသည် ပြည်နှင်ဒဏ်ကိုခံရသည်။

အေသင်မြို့သားတို့သည် ထိုခေါင်းဆောင်နှစ်ဦးအနက် မိမိတို့ထုတ်ပယ်လိုသူ၏ အမည်ကို အိုးခြမ်းပဲ့ပေါ်တွင်ရေး၍ ဆန္ဒပြကြရသည်။ ဆန္ဒပြသူများထဲမှ အယ်ရစ္စတိုင်ဒီကို မမြင်ဖူး သူတစ်ယောက်သည် ထိုခေါင်းဆောင်ကြီးကိုယ်တိုင်ထံသို့လာ၍ မိမိ၏အိုးခြမ်းပဲ့ပေါ်တွင် အယ်ရစ္စတိုင်ဒီ အမည်ကို ရေးပေးရန် စေခိုင်းသည်ဟုဆိုသည်။ ထိုအခါ အယ်ရစ္စတိုင်ဒီကို မည်သည့်အတွက်ကြောင့် ပြည်နှင်ဒဏ် ပေးလိုပါသနည်းဟု ဆန္ဒပေးသူအားမေးလျှင် ထိုသူက အခြားအကြောင်းဟူ၍မရှိပါ၊ တရားမျှတသူ အယ်ရစ္စတိုင်ဒီဟူသောအမည်ကို ကြားရဖန်များ သဖြင့် ငြီးငွေ့လာသောကြောင့်ဟု ပြန်ဖြေလေသည်။

ထို့ကြောင့် ဘီစီ ၄၈၃ ခုနှစ်ခန့်တွင် အယ်ရစ္စတိုင်ဒီသည် ပြည်နှင်ဒဏ် ၁ဝ နှစ်ခံရသဖြင့် အက်သင်းမြို့မှ ထွက်ခွာခဲ့ရသည်။ သို့ရာတွင် ဘီစီ ၄၈ဝ ပြည့်နှစ်၌ ပါးရှင်းတို့သည် ဂရိနိုင်ငံကို တိုက်ခိုက်ရန် စစ်ချီလာကြပြန်သဖြင့် အယ်ရစ္စတိုင်ဒီကို ပြည်နှင်ဒဏ်နှစ်မစေ့မီ အေသင်မြို့သို့ ပြန်ခေါ်ရသည်။ ထို့နောက် သီမစ္စတိုကလီနှင့်ပူးပေါင်း၍ ဆလာမစ် တိုက်ပွဲတွင် ပါးရှင်းရေတပ်ကို တိုက်ခိုက် အောင်မြင်ခဲ့သည်။ နောက်တစ်နှစ်၌လည်း အယ်ရစ္စတိုင်ဒီဦးစီးသော အေသင်တပ်သည် ပလက်တီးယား တိုက်ပွဲတွင် ပါးရှင်းတို့ကိုအောင်မြင်ခဲ့လေသည်။

ဘီစီ ၄၇၇ ခုနှစ်တွင် ပါးရှင်းတို့၏ရန်ကို ခုခံ ကာကွယ်ရန် အေသင်မြို့က ခေါင်းဆောင်၍ ဂရိပြည်နယ်များ စုပေါင်းဖွဲ့စည်းသော ဒီးလီးယန်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုသို့ဖွဲ့စည်းရာ၌ ပြည်နယ်အသီးသီးက စစ်စရိတ်မည်မျှကျခံသင့်ကြောင်း အဆုံးအဖြတ်ပေးရန် ရိုးသား၍ တရားမျှတသော အယ်ရစ္စတိုင်ဒီကိုပင် တာဝန်ပေးအပ်ခဲ့ကြသည်။

အယ်ရစ္စတိုင်ဒီသည် ထင်ရှားသော နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ဆင်းရဲနွမ်းပါးသူ ဖြစ်ခြင်းကြောင့် သူကွယ်လွန်သောအခါ အေသင်အစိုးရက သင်္ဂြိုဟ်စရိတ်ကို စိုက်ထုတ်သုံးစွဲရသည်။ ကျန်ရစ်ခဲ့သော သားတစ်ယောက်နှင့် သမီးနှစ်ယောက်တို့ကိုလည်း အစိုးရကကြည့်ရှုထောက်ပံ့ခဲ့ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)